မဇ္ဈိမ (ချင်းမိုင်) ။ ။ မြန်နိုင်ငံက လက်ခံကျင်းပခွင့် ရရှိထားသည့် ၂ဝ၁၃ ခု အရှေ့တောင်အာရှနိုင်ငံများ အားကစားပြိုင်ပွဲ SEA Game ကို နေပြည်တော်၌ ကျင်းပသွားမည်ဟု အားကစားဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိတဦးက ယနေ့ ပြောသည်။
ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ နေပြည်တော်၌ ဆောက်လုပ်နေသော ဇေယျာသီရိမြို့နယ်ရှိ ဇေယျာသီရိနှင့် ဇဗ္ဗူသီရိမြို့နယ်ရှိ ဇဗ္ဗူသိရိ ဘောလုံးကွင်းတို့တွင် SEA Game ကို ကျင်းပမည်ဟု ပြောဆိုခြင်း ဖြစ်သည်။
“အဓိက ပစ်မှတ်ကတော့ ၂ဝ၁၃ အတွက်ပါပဲ။ ဇဗ္ဗူသီရိကိုတော့ ဖွင့်ပွဲ၊ ပိတ်ပွဲကို အဓိကထား လုပ်ဆောင်သွားနိုင်အောင် စီစဉ်ထားပါတယ်။ ကျနော်တို့ အားကစားဝန်ကြီးဌာန အနေနဲ့ကတော့ ကွင်းလိုအပ်ချက်တွေကို အကြီးအကဲတွေကို ပြုစုပေးထားရတာပေါ့” ဟု သူက မဇ္ဈိမကို ပြောသည်။
ထိုအားကစားကွင်း ၂ ကွင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်၏ မက်စ်မြန်မာ ဆောက်လုပ်ရေး ကုမ္ပဏီနှင့် တရုတ်နိုင်ငံမှ ဆောက်လုပ်ရေး ပညာရှင်များက ၂ဝ၁၂ ခုနှစ်အတွင်း ဆောက်လုပ်ပြီးစီးရန် လုပ်ကိုင်နေသည်။
ကွင်းပုံစံကို တရုတ်နိုင်ငံ ပေကျင်းအိုလံပစ်ကွင်း နည်းတူဖြစ်ကာ၊ တကွင်းလျှင် ပရိသတ် ထိုင်ခုံအလုံးရေ ၃ သောင်းဆံ့ဖြစ်ပြီး လေးဘက်လေးတန် အပိတ်ဖြစ်သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)







