ချင်းမိုင် (မဇ္ဈိမ)။ ။ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ကို နယ်ခြားစောင့်တပ် BGF အစား ကချင်တပ်မတော်အဖြစ် ထားလိုကြောင်း ယခုလ ၁၂ ရက်နေ့တွင် မြောက်ပိုင်းတိုင်းမှူးထံ တင်ပြခဲ့သည်ဟု KIO ဗဟိုကော်မတီဝင်တဦး အဆိုအရ သိရသည်။
မြစ်ကြီးနားအခြေစိုက် မပခ စစ်ဌာနချုပ်တွင် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်းနှင့် KIO မှ ဒု-ဥက္ကဋ္ဌ ဂေါင်ရီ ဇော်ဆိုင်း ဦးဆောင်ကာ အထွေထွေ အတွင်းရေးမှူး ဒေါက်တာလဂျာ၊ ဗိုလ်မှူးကြီး ဆွမ်းလွတ် ဂွမ်မော် အပါအဝင် ၈ ဦးတို့ ယခုလ ၁၂-၁၃ ရက်များတွင် တွေ့ဆုံခဲ့စဉ် ထိုသို့ တင်ပြခဲ့ခြင်း ဖြစ်သည်။
နအဖ စစ်တပ်အောက်သို့ KIA အား သွတ်သွင်းမည့် BGF ကိစ္စနဲ့ ပတ်သက်ပြီး ဌာနချုပ်လိုင်ဇာမြို့၌ KIO ဗဟိုကော်မတီဝင်များအကြား ယခုလဆန်းမှစ၍ ၆ ရက်ကြာ ဆွေးနွေးပြီးနောက် ကချင်တပ်မတော်အဖြစ် ထားရှိရေး ဆုံးဖြတ်ခဲ့ကြသည်။
စစ်အစိုးရ ညှိနှိုင်းရေးတာဝန်ခံ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်က KIO အနေဖြင့် ယခင်လ ၂၈ ရက်နေ့တွင် နောက်ဆုံးထားကာ နယ်ခြားစောင့် BGF ကိစ္စကို အဖြေပေးရန် သတ်မှတ်ခဲ့သော်လည်း တိကျသည့် အဖြေမရသဖြင့် ဆက်လက် ဆွေးနွေးနေရဆဲ ဖြစ်သည်။
KIO က နယ်ခြားစောင့်တပ်အစား ကချင်ဒေသလုံခြုံရေးတပ် KRGF အဖြစ် ဖွဲ့လိုကြောင်းနှင့် စစ်တပ်သာမဟုတ်ဘဲ အခြားဌာနဆိုင်ရာများလည်း ပူးပေါင်းလိုကြောင်း တင်ပြခဲ့သော်လည်း စစ်အစိုးရဘက်က တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ရာမှ ကချင်တပ်မတော်အမည်ဖြင့် ထားပေးရန် ယခုလို တင်ပြခြင်းလည်း ဖြစ်သည်။
(ကိုဝိုင်း တည်းဖြတ်သည်။)







