နယူးဒေလီ (မဇ္ဈိမ) ။ ။ အာရှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား - ၂ဝ၁ဝ ပြိုင်ပွဲတွင် ရတနာပုံအသင်း ပါဝင်သည့် အုပ်စုပွဲစဉ်များကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ပထမဆုံး လက်ခံကျင်းပသွားမည်ဟု သိရသည်။
“အိမ်ရှင်အဖြစ် ခွင့်ပြုတဲ့စာ တရားဝင် ရောက်နေပါပြီ။ လွန်ခဲ့တဲ့ ၃ ရက်လောက်က AFC က ပို့လိုက်တာပါ” ဟု MFF မှ ပြန်ကြားရေးတာဝန်ခံ ကိုစိုးမိုးက မဇ္ဈိမကို ပြောသည်။
AFC ဥက္ကဋ္ဌဖလား ဝင်ခွင့်ရ ရတနာပုံအသင်းက အိမ်ရှင်အဖြစ် ကျင်းပလိုကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF ကို တင်ပြခဲ့သဖြင့် MFF က AFC ထံသို့ ပြီးခဲ့သည့်လ ဒုတိယပတ်အတွင်းက လျှောက်ထားခဲ့ရာ AFC က ယခုလ ၈ ရက်နေ့တွင် ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
အိမ်ရှင်အဖြစ် ကျင်းပရာတွင် ကုန်ကျစရိတ်များကို MFF ၊ AFC နှင့် ရတနာပုံအသင်းတို့ အချိုးကျ ကျခံမည်ဖြစ်ပြီး AFC မှ နိုင်ငံတကာ အဆင့်မီ ဒိုင်လူကြီးများ စေလွှတ်ပေးမည်ဟု သိရသည်။
ပွဲစဉ်များကို ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပရန် စီစဉ်ထားပြီး မေလ ၉ ရက်နေ့တွင် အက်စဘတ်အသင်းနှင့် ဒရက်စတားအသင်း၊ ၁၁ ရက်နေ့တွင် ရတနာပုံအသင်းနှင့် ဒရက်စတားအသင်း၊ ၁၃ ရက်နေ့တွင် ရတနာပုံအသင်းနှင့် အက်စဘတ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမည်။







