နယူးဒေလီ (မဇ္ဈိမ) ။ ။ နာရေးကူညီမှုအသင်း (ရန်ကုန်) က လာမည့် ဧပြီလ ၁၇ ရက်နေ့မှ စတင်ကာ အသုဘပို့ နောက်လိုက်ယာဉ်ကို အခမဲ့ စီစဉ်ပေးသွားမည်ဟု ဆိုသည်။
ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ဦးဟုန်းတမ်နှင့် ဒေါ်ခင်မြင့်ရီ မိသားစုက အသင်းသို့ ချက်ပလက် ဘတ်စ်ကားတစီး လှူဒါန်းခဲ့သဖြင့် အသုဘပို့ နောက်လိုက်ယာဉ်အဖြစ် အခမဲ့ ပို့ဆောင်ပေးရန် စီစဉ်ထားခြင်း ဖြစ်သည်။
“ကားက အခုပြင်နေလို့ မသုံးနိုင်သေးတာ။ စစ်တွင်းက လက်ကျန်ဘတ်စ်ပေါ့။ အစီအစဉ်ကို မြန်မာနှစ်ဆန်း ၁ ရက်နေ့ (ဧပြီလ ၁၇ ရက်နေ့) စလုပ်ဖို့ မှန်းထားတယ်” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက မဇ္ဈိမကို ပြောသည်။
ယင်းကားအမျိုးအစားကို ရန်ကုန်မြို့တွင်း မောင်းနှင်ခွင့် ပိတ်ပင်ထားသဖြင့် မောင်းနှင်နိုင်မည့် မြို့နယ်များမှ နာရေးရှင်များနှင့် အသုဘပို့ယာဉ် မငှားနိုင်သည့် နွမ်းပါးသော နာရေးရှင်များကို ဦးစားပေးသွားမည်ဖြစ်သည်။
အသင်းက နိဗ္ဗာန်ယာဉ် ၁၇ စီးဖြင့် နာရေးကိစ္စ ၄ဝ မှ ၅ဝ အထိ နေ့စဉ် ကူညီလျက်ရှိသည်။







