စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ဘိန်းစစ်ဆင်ရေး မပခ လုပ်ဆောင်

ဘိန်းစစ်ဆင်ရေး မပခ လုပ်ဆောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။     ။ ဘိန်းတိုက်ဖျက်ရေး ဆောင်ရွက်ရန်အတွက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် မပခ တပ်များ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မပခ တပ်မှ စစ်သည်အင်အား အနည်းဆုံး ၂၀၀ ကျော်က ယခုလ ၇ ရက်နေ့တွင် အရှေ့ဘက်အရပ် ဝိုင်းမော်မြို့နယ် ဆဒုံးကျေးရွာသို့ ထွက်ခွာသွားပြီး၊ ယနေ့နံနက်တွင် ရဲ၊ လူဝင်မှုကြီးကြပ်ရေး၊ မူးယစ် တိုက်ဖျက်ရေးနှင့် မီးသတ်ဝန်ထမ်းများပါ ဆက်လက် လိုက်ပါသွားသည်။

“ကျနော်တို့ ဘိန်းတိုက်ဖျက်ရေးသွားမှာ ဆဒုံးကို၊ စစ်တပ်၊ ရဲ၊ ရဝက၊ မူးယစ်၊ မီးသတ်ရော ပါတယ်။ ဌာနဆိုင်ရာတွေ အကုန်လုံးပဲ။ မနေ့က သွားမလို့၊ ဒါပေမဲ့ တိုင်းမှူးက မသွားခိုင်းဘူး။ ဒီနေ့မှ သွားခိုင်းလိုက်တယ်” ဟု ဝိုင်းမော်မြို့ခံ အစိုးရ ဝန်ထမ်းတဦးက ပြောသည်။

အစဉ်အလာအားဖြင့် ဆဒုံးအရပ် ချောင်ကျသော ဒေသများတွင် ဘိန်းခင်းများ စိုက်ပျိုးကြပြီး ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးမှု စီမံကိန်းလည်း မအောင်မြင်ခဲ့ဟု သိရသည်။