ဒါကာ (မဇ္ဈိမ) ။ ။ မလေးရှားနိုင်ငံ Aloster မြို့ အကျဉ်းထောင်ရှိ မြန်မာအကျဉ်းသားတဦး ယခုလ ၄ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း သိရသည်။
တရားမဝင် နေထိုင်မှုဖြင့် ၂ဝဝ၉ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် မလေးရှားရဲ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ၃၂ နှစ်အရွယ် ကိုဆန်းဦး (ခ) မောင်အေး (ထောင်ဝင်နံပါတ် ၄၆၃၈) သည် နေထိုင်မကောင်းဖြစ်ကာ ယခုလ ၄ ရက်နေ့ နံနက်တွင် Aloster ဆေးရုံ၌ ကွယ်လွန်သွားသည်ဟူ၍ ဆွေမျိုးများက သိရှိကြခြင်း ဖြစ်သည်။
“ဖောယောင်တဲ့ ရောဂါဝေဒနာ ခံစားရတာ ကြာပါပြီ။ ဒါပေမဲ့ လဝက (လူဝင်မှုကြီးကြပ်ရေး) ဝန်ထမ်းတွေကို သွားပြောတော့ လိမ်ပြောတယ်ဆိုပြီး မောင်းထုတ်တယ်။ သူ့ရောဂါကို အသည်းနဲ့ ပတ်သက်တဲ့ ရောဂါလို့ ပြောကြတယ်။ မသေခင် ညက အိမ်ယာက ထမ်းထုတ်ပြီး ဆေးရုံကို ထမ်းပို့လိုက်ရပါတယ်။ နောက်တနေ့ မိုးလင်းတာနဲ့ ဆေးရုံမှာ သေသွားပါတယ်” ဟု ပီနန်မြို့ရှိ ကိုဆန်းဦးနှင့် ဆွေမျိုးတော်သူတဦးက ပြောသည်။
ကိုဆန်းဦးသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့မှဖြစ်ပြီး မလေးရှားတွင် တရားမဝင် နေထိုင်ကာ အလုပ်လုပ်နေသူ ဖြစ်သည်။
“အကျဉ်းသားတွေက တမံသလင်းမှာပဲ အိပ်ရတယ်။ အစားအသောက်ကျ မဝတဝ ကျွေးတယ်။ နေမကောင်း ဖြစ်လာရင် ဆေးဝါးကုသမှုက တော်တော်လေးကို နည်းတယ်” ဟု ယင်းထောင်တွင် ၁ဝ လခန့် နေထိုင်ခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ပြန်လွတ်လာသည့် ကိုခင်မောင်အေးက ပြောသည်။







