နယူးဒေလီ ။ ။ A (H1N1) လူတုပ်ကွေးကူးစက်ခံရမှုကြောင့် နေပြည်တော်တွင် သောင်တင်ခံ နေခဲ့ရသော ပြည်ထောင်စုနေ့ ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ချင်းပြည်နယ်ရှိ နေအိမ်များသို့ ပြန်လည် ရောက်ရှိသွားပြီ ဖြစ်သည်။
ပြည်ထောင်စုနေ့တွင် ကပြဖျော်ဖြေရန် နေပြည်တော်သို့ သွားခဲ့သည့် ချင်းကိုယ်စားလှယ်များထဲမှ ၂ ဦးတွင် A (H1N1) လူတုပ်ကွေးပိုး တွေ့ရှိသဖြင့် ချင်းကိုယ်စားလှယ် ၅ဝ ဦးစလုံး သီတင်းပတ်၂ပတ်ကြာ ဆေးကုသမှု ခံယူနေခဲ့ရသည်။
မတူပီမြို့နယ်မှ ၂၅ နှစ်အရွယ် မဇင်မေဦးနှင့် မင်းတပ်မြို့နယ်မှ ၂၄ နှစ်အရွယ် မောင်သန်းထွန်းတွင် A (H1N1) တွေ့ရှိခဲ့ရာ နေပြည်တော်တိုင်း ပျဉ်းမနားမြို့ရှိ ကုတင်၂ဝဝ ဆေးရုံတွင် ကျန်းမာသည်အထိ ကုသခံရသလို ကျန်လူများလည်း ကာကွယ်ဆေးသောက်နေခဲ့ရသည်။
အခြားသော ပြည်နယ်နှင့် တိုင်းကိုယ်စားလှယ်အချို့တွင်ပါ A (H1N1)တွေ့ရှိခဲ့သဖြင့် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် နေပြည်တော် ပျဉ်းမနားမြို့ရှိ ကုတင် ၂၀၀ ဆန့် ဆေးရုံ၌ ဆေးကုသခဲ့ရသည်ဟု ချင်းပြည်နယ် ကိုယ်စားပြုသူများထဲမှ အမျိုးသမီးခေါင်းဆောင် မပါရ်ဆွေးက မဇ္ဈိမကို ပြောသည်။
အမျိုးသမီး ၃၂ ဦးနှင့် အမျိုးသား ၁၈ ဦး ဖြစ်သော ချင်းကိုယ်စားလှယ်များသည် ပြီးခဲ့သည့်လ ၂၄ ရက်နေ့တွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် စစ်ကိုင်းတိုင်း ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့သည်။ ထိုမှတဆင့် ကားများဖြင့် ချင်းပြည်နယ် ဒေသအသီးသီးသို့ ပြန်လာကြရာ ၂၅ ရက်နေ့တွင် နေအိမ်များသို့ ရောက်ရှိခဲ့သည်။
(ဆလိုင်းထွန်း သတင်းပေးပို့သည်။)







