ရန်ကုန် (မဇ္ဈိမ)။ ။ ရန်ကုန်တွင် မောင်းနှင်နေသော ၁၉၈၄ မော်ဒယ်နှင့် ၎င်းအရင် ကားများကို ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှ စတင်၍ နယ်မြို့များတွင်သာ မောင်းနှင်ခွင့် ပြုတော့မည်ဟု ရန်ကုန်တိုင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) ထိပ်တန်း အရာရှိကြီးတဦးက ပြောသည်။
''ဒီမှာ လာလာမေးနေကြတယ်။ မော်ဒယ်အနိမ့်တွေကို နယ်နှင်မယ် ကြားတယ်ဆိုပြီးတော့ပေါ့။ အားလုံး မဟုတ်သေးဘူး။ သေချာတာက ၁၉၈၄ မော်ဒယ်နှင့် အဲဒီအောက်ပေါ့နော်။ ရန်ကုန်မှာ မောင်းခွင့်ရတော့မှာ မဟုတ်ဘူး'' ဟု သူက ပြောဆိုသည်။
လက်ရှိမောင်းနှင်နေသော အငှားယာဉ်၊ ကုန်တင်ယာဉ်၊ အိမ်သုံးယာဉ်နှင့် တက္ကစီအငှားယာဉ်များ၏ နံပါတ်များမှာ (ကက ၊ ခခ) (က မှ အ) အက္ခရာများနှင့် ၁/က ၊ ၂/ဂ အစရှိသည့် နံပါတ်များ ဖြစ်ပြီး၊ ၎င်းတို့အနက် (က မှ အ) အက္ခရာ နံပါတ်ကဲ့သို့ တလုံးတည်း နံပါတ်များ အားလုံး ပြောင်းရွှေ့ရန် မလိုကြောင်း သိရသည်။
''လူတွေ အထင်မှားနိုင်တာက မော်ဒယ်တွေ အနိမ့်ဆိုရင် နံပါတ်အနိမ့်တွေ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တွေးမိပြီး မှားနိုင်တယ်။ ၁၉၈၄ မော်ဒယ် အောက်ကိုပဲ နယ်တွေအတွက် အသုံးပြုရမှာ'' ဟု (ကညန) အရာရှိကြီးက ဆိုသည်။