စနေ, ၁၁ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > ညောင်ဦး ဆေးရုံ ဝန်ထမ်းအဆောင် မီးလောင်

ညောင်ဦး ဆေးရုံ ဝန်ထမ်းအဆောင် မီးလောင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။     ။ မန္တလေးတိုင်း ညောင်ဦးမြို့ ပြည်သူ့ဆေးရုံအသစ်ကြီးရှိ ဝန်ထမ်းအိမ်ရာမှ အခန်း ၆ ခန်းပါ အဆောင်တလုံး ယမန်နေ့ နေလည်ပိုင်းတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ပြည်သူ့ဆေးရုံကြီးရှိ ဝန်ထမ်းအိမ်ရာတွင် နေ့လည် ၁ နာရီ ၄၅ မိနစ်ခန့်မှ ၂ နာရီ ၁၅ မိနစ်ခန့်အထိ အိမ်ခန်း ၆ ခန်း မီးစွဲလောင်ကြောင်းနှင့် ၎င်းမှာ ပေါ့ဆမှုကြောင့်ဖြစ်ကြောင်း ညောင်ဦးမြို့ မီးသတ်တပ်ဖွဲ့က ပြောဆိုခြင်း ဖြစ်သည်။

“မနေ့က နေ့လည်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့တယ်။ ညောင်ဦး ပြည်သူဆေးရုံအသစ် နောက်မှာရှိတဲ့ ဝန်ထမ်း အခန်း ၆ ခန်းပါ အဆောင်ကို မီးစွဲလောင်တယ်။ မီးက ပေါ့ဆမီးပါ” ဟု ညောင်ဦး မီးသတ် တပ်ဖွဲ့မှာ တာဝန်ကျ ဝန်ထမ်းတဦးက ပြောသည်။

မြို့ခံတဦးက ''လိုင်းခန်းမှာ လူတယောက်မှာ မရှိဘူး။ ဝန်ထမ်းတွေအားလုံး အလုပ်ခွင်မှာ ရောက်နေကြတယ်။ ဘယ်ကနေ စလောင်တယ်ဆိုတာကိုတော့ မပြောနိုင်ဘူး ဖြစ်နေတယ်။ မိသားစု ၆ စု နေတယ်” ဟု ပြောသည်။

မီးလောင်သည့် အဆောင်သည် ဝါးကပ်မိုး၊ ထရံကာ အိမ်ထောင်သည်လိုင်း အဆောင်ဖြစ်ကာ တခန်းအကျယ်မှာ ၁၅ ပေ ပတ်လည်ခန့် ရှိသည်။  မီးလောင်ချိန်တွင် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် ရောက်ရှိနေပြီး၊ ကလေးများလည်း ကျောင်းတက်နေချိန် ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာရှိမှု မရှိကြောင်း သိရသည်။

TV နှင့် အခြား အိမ်အသုံးအဆောင်ပစ္စည်း တချို့ ပါသွားကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် ၇ သောင်းခွဲခန့်သာ ရှိကြောင်း မီးသတ်က စာရင်းပြထားသည်။

မြို့ခံက ''အဆောင်က ခြေတံရှည် အခန်းတွေ၊ ဆုံးရှုံးမှု ပမာဏက သိပ်မများနိုင်ဘူး။ အိမ်ထောင်သည်တွေက နယ်က ပြောင်းလာတဲ့ ဝန်ထမ်းတွေဖြစ်လို့ အမာခံ ပစ္စည်းတွေတော့ မရှိဘူးပေါ့'' ဟု ပြောသည်။

ပြီးခဲ့သည့်လအတွင်း နိုင်ငံတဝှန်း မီးလောင်မှုများအနက် ရန်ကုန်တိုင်းသည် အကြိမ်ရေ အများဆုံးဖြစ်ကာ ၁၉ ကြိမ် ရှိခဲ့ကြောင်းနှင့် ဒုတိယအများဆုံးမှာ ဧရာဝတီတိုင်း၊ တတိယ အများဆုံးမှာ မန္တလေးတိုင်း ဖြစ်ကြောင်း ရန်ကုန် ဗဟိုမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆိုပါက ၈၉ ကြိမ် ဖြစ်ပွားခဲ့ရာ မီးဖိုမီးနှင့် ပေါ့ဆမီး ၆၅ ကြိမ်၊ အလိုအလျောက်မီး ၁ ကြိမ်၊ လျှပ်စစ်လျှော့မီး ၁၁ ကြိမ်၊ မသမာရှို့မီး ၁၁ ကြိမ်၊ တောမီး ၁ ကြိမ် ဖြစ်သည်။
ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် ရန်ကုန်တွင် အိမ်ခြေအဆောက်အအုံ ၁၃ဝ လုံး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန် ဗဟိုမီးသတ် ဖော်ပြချက်အရ သိရသည်။

ယခုလ ၅ ရက်နေ့တွင် ရန်ကုန်တိုင်း အလုံမြို့နယ်အတွင်းရှိ ကုန်သွယ်လယ်ယာ ဆီဂိုဒေါင်တလုံးနှင့် ၁၂ ရက်နေ့တွင် သင်္ဃန်းကျွန်းဈေးကြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်။  ဈေးလောင်ကျွမ်းမှုသည် တန်ဖိုးအားဖြင့် အများဆုံးဖြစ်ပြီး ကျပ်သိန်းပေါင်း ထောင်ပေါင်းများစွာ ဆုံးရှုံးမည်ဟု ခန့်မှန်းကြသည်။

 
dairrawaddy2
pegu1

title
ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၁) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၂) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၃) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၄) ဒေါ်စု ပဲခူးခရီးစဉ် အပိုင်း (၅)

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 1477 guests and 1 member online