ကြာသပတေး, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၂

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > နိုင်ငံပိုင်ဆိပ်ကမ်းများ ပုဂ္ဂလိပိုင် ပြုလုပ်မည်

နိုင်ငံပိုင်ဆိပ်ကမ်းများ ပုဂ္ဂလိပိုင် ပြုလုပ်မည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။     ။ အဓိက ပင်လယ်ရပ်ခြား ရေလမ်းထွက်ပေါက်ဖြစ်သော ရန်ကုန်ရှိ နိုင်ငံပိုင် ဆိပ်ကမ်း ၃ ခု ကို ပုဂ္ဂလိကပိုင်အဖြစ် မကြာမီ လွှဲပြောင်းရန် စစ်အစိုးရ စီစဉ်နေသည်။

ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ  ဗိုလ်တထောင်၊ အလုံ၊ ဗိုလ်အောင်ကျော်မြို့နယ်များမှ  ဆိပ်ကမ်းများကို အဆင့်မြင့် ဆိပ်ကမ်းများအဖြစ် ပြောင်းလဲရန်ဟူသော ခေါင်းစဉ်အောက်တွင်  ပုဂ္ဂလိကပိုင်ပြုမှာဖြစ်သည်။

''ဆိပ်ကမ်း ၃ ခုကို လိုက်ပြပြီးပြီ။ တခြား ဘယ်ဆိပ်ကမ်းတွေ ရှိလာဦးမလဲတော့ မသိသေးဘူးပေါ့နော်။ အခုတော့ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်'' ဟု အမည်မဖော်လိုသူ အဆိုပါ အရာရှိက မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့်လ နှောင်းပိုင်းက လွှဲပြောင်းရယူလိုသော စီးပွားရေး လုပ်ငန်းရှင်များကို ဆိပ်ကမ်း အာဏာပိုင်များက လိုက်လံပြသမှုများ ပြုလုပ်သည်ဟု သူက ပြောသော်လည်း အသေးစိတ် ပြောဆိုရန် ငြင်းဆန်သည်။

မြန်မာနိုင်ငံ စက်မှုနှင့် ကုန်သည်များ အသင်းချုပ်မှ တာဝန်ရှိသူတဦးကလည်း ''ဒီကိစ္စအတွက် ဘာညွှန်ကြားချက်မှ မထွက်သေးပါဘူး။ ဒါတွေကို မကြာခင် လုပ်သွားဖို့တော့ အစီအစဉ်ရှိပါတယ်” ဟု မဇ္ဈိမကို ပြောဆိုသည်။

သို့သော်လည်း ဗိုလ်တထောင် ဆိပ်ကမ်းသို့ ဆက်သွယ် မေးမြန်းကြည့်ရာ မည်သည့်ထုတ်ပြန်ချက်၊ ညွှန်ကြားချက်မှ မရှိသေးသဖြင့် သတင်းထုတ်ပြန်ရန် မရှိကြောင်း တာဝန်ရှိသူတဦးက ဖြေကြားခဲ့သည်။

ဆိပ်ကမ်း သတင်းရပ်ကွက်တခု အဆိုအရ ဆိပ်ကမ်းများကို အဆင့်မြင့် ဆိပ်ကမ်းများအဖြစ် ပြုပြင်ပြောင်းလဲရန်ဟူသော ခေါင်းစဉ်အောက်တွင် ပုဂ္ဂလိကပိုင်ပြုရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ စတင်၍ အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ စစ်အစိုးရ၏ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်သည်  ၁၁၀ ထက်မနည်းသော နိုင်ငံပိုင် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းပစ်မည် ဖြစ်သည်။ လက်ရှိအချိန်အထိ အနည်းဆုံး ဝန်ကြီးဌာန ၇ ခုမှ လုပ်ငန်းများကို လွှဲပြောင်းရန် တင်ဒါခေါ်ယူနေသည်။