ဒါကာ (မဇ္ဈိမ)။ ။ ဘင်္ဂလားဒေ့ခ်ျ-မြန်မာနယ်စပ်တွင် စစ်ဆေးရေးဂိတ်သစ်တခုကို ဘင်္ဂလားဒေ့ခ်ျ ရိုင်ဖယ်က ဖွင့်လှစ်လိုက်သည်။
တက္ကာနာမြို့၏ မြောက်ဘက် ၃ ကီလိုမီတာအကွာ တက္ကနာ-ကော့စ်ဘာဇာ လမ်းပေါ်ရှိ နတ်တောင် အရပ်တွင် ယခုလ ၁၈ ရက်နေ့မှ စတင်၍ ဂိတ်သစ်ကို ဖွင့်လိုက်ခြင်း ဖြစ်သည်။
ကီလိုမီတာ ၅၀ ကျော်ရှိသည့် တက္ကနာ-ကော့စ်ဘာဇာ ကားလမ်းပေါ်တွင် နတ်တောင်ဂိတ် အပါအဝင် လေဒါ၊ ဝါးခတ်ချောင်းနှင့် မော်ရီကြာ ဟူ၍ စုစုပေါင်း ဂိတ်စခန်း ၄ ခုရှိသွားပြီဖြစ်သည်။
နတ်တောင်ဂိတ်သစ် ဖွင့်ပြီးနောက်တနေ့တွင် ဘင်္ဂလားဒေ့ခ်ျတွင်း တရားမဝင် နေထိုင်သွားလာနေသော မြန်မာ နိုင်ငံသား ၆ဝ ကျော်ကို ဖမ်းဆီးခဲ့သည်။
ထို့ပြင် လှေ၊ စက်လှေများဖြင့် နတ်မြစ်အတွင်း နှစ်နိုင်ငံ နယ်စပ်ကို တရားမဝင် ဖြတ်သန်းနေသော လူနှင့် ကုန်ပစ္စည်း ဖြတ်သန်းမှုများကိုလည်း ယခုလ ၁၇ ရက်နေ့တွင် ဘင်္ဂလားဒေ့ခ်ျ နယ်ခြားစောင့်တပ်ဖြစ်သော ဘီဒီအာရ်က ပိတ်လိုက်သည်။
ကီလိုမီတာ ၈ဝ ခန့်ရှည်လျားသော နယ်စပ်မြစ် နတ်မြစ်တလျှောက်တွင် နေ့စဉ် မောင်တော-တက္ကနာကို နေ့စဉ် စက်လှေ ၂ စီးသာ အသွားအပြန်ရှိပြီး နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်လိုသည်။
သို့သော်လည်း လာဘ်ပေးမှုများ ထူပြောသည့် နှစ်နိုင်ငံလုံးတွင် လုံခြုံရေးများကို လာဘ်ထိုးကာ ဖြတ်သန်းသွားလာနေသော မှောင်ခိုဂိတ် ၃ဝ ကျော် ရှိနေသည်။
ဘင်္ဂလားဒေ့ခ်ျထွက် ဓာတ်မြေသြဇာများကို မြန်မာဘက်သို့ လက်လီရော လက်ကားပါ မှောင်ခိုလမ်းမှ ခိုးသွင်းနေပြီး မြန်မာဘက်မှ ပုဇွန်၊ သစ်နှင့် ဆန်းများကိုလည်း ဘင်္ဂလားဒေ့ခ်ျဘက်သို့ တင်သွင်းကြသည်။







