ချင်းမိုင်(မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့အတွင်းရှိ စက်ရုံ ၃ ခုမှ အလုပ်သမား ၂၀၀ ခန့် ယနေ့ အလုပ် ထုတ်ခံ လိုက်ရသည်။
အမျိုးသမီး အတွင်းခံ အင်္ကျီချုပ် စက်ရုံ၊ သိုးမွေးစက်ရုံ ၂ခုတို့မှ ယခုလ ၁၉ ရက်နေ့မှ စတင် အလုပ်ထုတ်မှုများ ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု မြန်မာပြည်သား အရေး ပူးတွဲ လှုပ်ရှားမှု ကော်မတီ (JACBA) မှ ဦးမိုးကြိုးက ပြောသည်။
“ဒီရက်ပိုင်း အတွင်းမှာ သိုးမွေးစက်ရုံ ၂ ရုံကတော့ ၁၇၀ လောက်ရှိတယ်။ ဒီ Top form စက်ရုံကတော့ ဒီနေ့ထိ ၃၀ ကျော် ၄၀ လောက် ထုတ်ပြုတ်ခံရတယ်။ သူတို့ဘာအကြောင့် ထုတ်တယ်ဆိုတာ အကြောင်းပြချက် မပေးဘူး”ဟု ကိုမိုးကြိုးက ပြောသည်။
“ထိုင်း အလုပ်သမား ဥပေဒအရ လုပ်ငန်းခွင် စည်းကမ်း မလိုက်နာလျှင် ထုတ်လို့တယ်။ အလုပ် အစမ်းခန့် ထားတဲ့သူကို လုပ်သက် ၄ လမရှိရင် မယူပါဘူးလို့ ပြောလို့ရတယ်။ ဆက်မခိုင်းတော့ဘူး ပြောလို့ရတယ်။ ဒါပေမဲ့ လုပ်သက်ကျော်ပြီ၊ အလုပ်သမား ဆန္ဒပြသူတွေ ရှိမယ်။ သက်သေတွေကို ထုတ်လိုက်တာတွေ ရှိတယ်။ သိုးမွေးစက်ရုံမှာ လုပ်အားခ တိုးပေးဖို့ ဆန္ဒပြတယ်လေ”ဟု သူက ဆက်ပြောသည်။
တာ့ခ်ခရိုင်အတွင်းရှိ Top Form Brassier ထုတ်လုပ်ရေး စက်ရုံမှ အလုပ်သမားများမှာ အလုပ်သမား ၄၀ ခန့် ယနေ့ ထုတ်ခံရသည်။ Nan Kya Lon Netting ကုမ္ပဏီ သိုးမွေးစက်ရုံနှင့် KLT သိုးမွေး စက်ရုံများတွင် အလုပ်သမားများက လခတိုးပေးရန် ဆန္ဒပြ တောင်းဆိုခဲ့ကြသဖြင့် အထုတ်ခံရသည်။







