အင်္ဂါ, ၀၉ ဖေဖေါ်ဝါရီ ၂၀၁၀

Mizzima Burmese

Home > သတင်း > ကြားဖြတ်နှင့် သတင်းအကျဉ်း > စုအတွက် ၆၄ အမည်ရ ဒေါ်စုလွတ်မြောက်ရေး အင်တာနက် လှုပ်ရှားမှု ထွက်ပေါ်လာ

စုအတွက် ၆၄ အမည်ရ ဒေါ်စုလွတ်မြောက်ရေး အင်တာနက် လှုပ်ရှားမှု ထွက်ပေါ်လာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


ချင်းမိုင် (မဇ္ဈိမ)။ ။ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် နအဖ စစ်အစိုးရကို ဖိအားပေးရန် ရည်ရွယ်သည့် နိုင်ငံတကာ အင်တာနက်အခြေခံ လှုပ်ရှားမှုတခုကို ယမန်နေ့က စတင်လိုက်ပြီဖြစ်သည်။

64 words for Aung San Suu Kyi ဟုခေါ်သော အဆိုပါ လှုပ်ရှားမှုကို နာမည်ကြီး အနုပညာရှင်များ၊ နိုဘယ်ဆုရှင်များ၊ အစိုးရမဟုတ်သော အဖွဲ့များနှင့် အလုပ်သမားသမဂ္ဂများ ပူးပေါင်း၍ http://www.64ForSuu.org အင်တာနက်စာမျက်နှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အင်တာနက် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသည့် ဗီဒီယိုတင်ခြင်း၊ စာရေးသားခြင်း၊ ဓာတ်ပုံတင်ခြင်းများကို မည်သူမဆို ပြုလုပ်နိုင်ပြီး၊ အင်္ဂလိပ်ဘာသာဖြင့် စကားလုံး ၆၄ လုံးအထိ ပါဝင်သည့် စကားရပ်ဖြင့် ဂုဏ်ပြုနိုင်မည်။

64forsuu.org ဝဘ်ဆိုဒ်ကို စတင်ဖြန့်ဝေလိုက်ချိန်သည် ဒေါ်စု၏ နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့် ကာလနှင့် တိုက်ဆိုင်နေကာ၊ လာမည့် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၄ နှစ်မြောက် မွေးနေ့ပွဲအမီ ထောင်ဂဏန်းနှင့်ချီသော ထောက်ခံရေးသား ပေးပို့မှုများ ရရှိမည်ဟုလည်း မျှော်လင့်ထားကြသည်။

၆ ရက်ခန့်ကြာ တည်ဆောက်ခဲ့သည့် ဝဘ်ဆိုဒ် စာမျက်နှာတွင် ဒေါ်အောင်ဆန်းစုကြည်အကြောင်း လူအများ လေ့လာနိုင်ရန်အတွက် မွေးဖွားချိန်မှ အင်းစိန်ထောင်တွင်း တရားရုံးထုတ်ရာသို့ သတင်းထောက်များနှင့် သံတမန်များ ဝင်ရောက်ကြည့်ရှုခွင့် ပေးသည့် ယခုလ ၂ဝ ရက်နေ့အထိ ထူးခြားသည့် ရက်စွဲများကို အစဉ်လိုက် ဖော်ပြထားသည်။

ထို့အပြင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ရရှိရေး လှုပ်ရှားမှုအတွက် မြန်မာစစ်အစိုးရက လွန်ခဲ့သည့် ၁၉ နှစ်အတွင်း ၁၃ နှစ်ကျော် ဖမ်းဆီးချုပ်နှောင်ခဲ့ပုံကိုလည်း ရေးသားထားသေးသည်။

ယခု လှုပ်ရှားမှုကို ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်း အပါအဝင် ဟောလိဝုဒ်မှ နာမည်ကြီး မင်းသားများဖြစ်သော ဂျော့ ကလွန်နီ၊ ဘရက်ပစ်၊ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ် ကရစ်ဂ်ျ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စ်မွန်တူးတူး၊ ချက်သမ္မတနိုင်ငံ သမ္မတကြီး ဗားကလဗ် ဟာဗေး၊ ဘောလုံးအကျော်အမော် ဒေးဇစ် ဘက်ဟမ်းတို့ကလည်း အားပေး ထောက်ခံထားသည်။

ဗြိတိန်အစိုးရ၏ အင်တာနက် စာမျက်နှာဖြစ်သော http://www.number10.gov.uk/ တွင်လည်း ယခု လှုပ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်း ဖော်ပြထားသည်။