တာမွေမြို့နယ်မဲဆန္ဒနယ်တွင် နိုင်ငံတော်သမ္မတကိုယ်တိုင်မဲလာပေး

တာမွေမြို့နယ်မဲဆန္ဒနယ်တွင် နိုင်ငံတော်သမ္မတကိုယ်တိုင်မဲလာပေး
ဓာတ်ပုံ-သက်ကို

ရန်ကုန်၊ နိုဝင်ဘာ ၃ ။         ။ တာမွေမြို့နယ်တွင် လစ်လပ်နေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ် ရွေးကောက်ပွဲကျင်းပခဲ့သည့် နိုဝင်ဘာ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် မဲရုံသို့ လာရောက်မဲပေးခဲ့သည်။

 ရန်ကုန်တိုင်းဒေသကြီးတွင် တာမွေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာနှင့် ဆိပ်ကမ်းမြို့နယ်တွင် တိုင်းဒေသကြီးလွတ်တော်ကိုယ်စား လှယ်နေရာ တို့လစ်လပ်နေခြင်းလည်းဖြစ်သည်။

 နိုင်ငံတော်သမ္မတဦးဝင်းမြင့်သည် နေ့လယ် ၂ နာရီခန့်တွင် တာမွေမြို့နယ်ရှိ မဲရုံအမှတ် (၃) တွင် ၄င်း၏ မိသားစုနှင့်အတူ လာရောက်မဲပေးခဲ့ခြင်း လည်းဖြစ်သည်။

 “ ပယ်မဲ ခိုင်လုံမဲကိုလည်း အများမြင်သာအောင်ပြထားတယ်။ အဲ့တာတွေကို သန့်စင်ပြီးတဲ့အခါမှာ အားလုံးကိုစာရင်းချုပ်ပြီး မြို့နယ်ကော်မရှင်ကိုယူလာမယ်။ မြို့နယ်ကော်မရှင်ရုံးမှာ ကော်မရှင်အဖွဲ့တွေ အားလုံးဟာ စာရင်းပြုစုဖို့အဆင်သင့်စောင့်နေပြီ။ စာရင်းတွေပေါင်းပြီးရင် စောင့်ကြည့်တဲ့ သူတွေရှိမယ်။ လက်မှတ်ထိုးအတည်ပြုပြီးရင် ခရိုင်/ တိုင်းကိုပေးလိုက်မှာပါ။ ဒီမှာတော့ ကြေညာတဲ့အဆင့်မလုပ်ဘူး” ဟု တာမွေမြို့နယ်ရွေးကောက်ပွဲကော်မရှင်မှ ဥက္ကဋ္ဌ ဦးသိန်းပိုင် ကပြောသည်။

 တာမွေမြို့နယ်တွင် မဲရုံ ၁ဝဝကျော် ရှိပြီး မဲရုံအားလုံးကို နံနက် ၆ နာရီမှာစတင်ဖွင့်လှစ်ကာ မဲရုံပိတ်ချိန်ကို မဲရေတွက်ရန်အတွက် ညနေ ၄ နာရီတွင် နောက်ဆုံးအချိန်အဖြစ်သတ်မှတ်ခဲ့သည်။

 အဆိုပါ တာမွေမြို့နယ် မဂ္ဂလမ်းတွင် ဖွင့်လှစ်ထားသော မဲရုံအမှတ် ၃၌ ဆန္ဒမဲပေးနေသော ပြည်သူများကို အမေရိကန်သံအမတ်ကြီးမှ လာရောက်လေ့လာခဲ့ပြီး မဲပေးသူထက် သတင်းမီဒီယာသမားများက ပိုများ နေကြောင်း မှတ်ချက်ပြု ပြောကြားမှုများလည်း ဆိုခဲ့သည်။

 တာမွေမြို့နယ်တွင် မဲဆန္ဒရှင် ၉သောင်းကျော်ရှိနေပြီး နိုင်ငံတော်သမ္မတမဲလာပေးခဲ့သည့် မဲရုံအမှတ် (၃) တွင်မဲပေးခွင့်ရှိသူ ၉၀၀ ကျော်ရှိနေကြောင်း မဲပေးသူအများစုမှာသက်ကြီးပိုင်းများသာဖြစ်ကြပြီး လူငယ်များ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လာရောက်မဲပေးမှု နည်းပါးကြောင်း တွေ့ရှိခဲ့ရသည်။

 “ ကိုယ်ကနိုင်ငံသားဖြစ်တဲ့အတွက် ကိုယ့်ရွေးကောက်ပွဲစိတ်ဝင်စားတာပေါ့။ ဒီနိုင်ငံသား ဒီအလုပ်မှာမှ စိတ်မဝင်စားရင် ဒီနိုင်ငံမှာမနေနဲ့။ ဘာမှမမျှော်လင့်ဘူး ကိုယ့်တိုင်းသူပြည်သားတွေ ကောင်းစားဖို့ အရေး ကြီးတယ်။ လောလောဆယ်အဖေကောင်းစားရင်မိသားစုကောင်းစားမယ်။ ထို့အတူ ရပ်ကွက်က လူကြီး ကောင်းရင်လည်း ဒီရပ်ကွက်ကောင်းမယ်။ ဒီမြို့နယ်က နိုင်ငံတော်လူကြီးကောင်းရင် ဒီနိုင်ငံကောင်းစားမယ်။ ဒါပဲကိုယ်ခံယူတယ်” ဟု မဲလောရောက်ပေးခဲ့သည့် ကျောက်မြောင်းမြို့့နယ်နေထိုင်သူ ကိုကျော်နိုင် က ပြောသည်။

 
တာမွေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဦးစီစီနော်ဂျာ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးတိုးဝင်း၊ ပြည်သူ့အလုပ်သမားပါတီမှ ဦးထွန်းထွန်းဝင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမျိုးဝင်းကျော်၊ ဒီမိုကရက်တစ်ပါတီမြန်မာမှ ဦးမြင့်ကြည်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်ဆန်းထွန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်သက်သက်အေးတို့ ၈ ဦးက ဝင်ရောက်အရွေးချယ်ခံခြင်း ဖြစ်သည်။

 နိုဝင်ဘာလ ၃ရက်နေ့တွင် ပြုလုပ်ခဲ့သော ဒုတိယအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးရှိ လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာ၌ နိုင်ငံရေးပါတီ ၂၄ ခုနဲ့ ကိုယ်စားလှယ် စုစုပေါင်း ၆၉ ယောက်တို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

Mizzima Weekly