"စိတ်ဝင်စားမှုနည်းနေတဲ့ လဲချား ကြားဖြတ်ရွေးကောက်ပွဲ"

"စိတ်ဝင်စားမှုနည်းနေတဲ့ လဲချား ကြားဖြတ်ရွေးကောက်ပွဲ"
  ဟိုနောင်လုံ ကျေးရွာ မဲရုံအမှတ် ၁ ကို နိုဝင်ဘာလ ၃ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က တွေ့ရစဉ်။ (ဓာတ်ပုံ၊အောင်ကိုဦး၊မဇ္ဈိမ)

လဲချား၊နိုဝင်ဘာ ၃ ။              ။ ညနေ ၄ နာရီဆို မဲရုံတွေက ပိတ်မှာပါ။ပိတ်ဖို့အချိန်ကလည်း တဖြည်းဖြည်း နီးကပ်လာပါပြီ။ဒါပေမယ့် မဲပေးသူတွေ အပြည့်အဝ ရောက်မလာကြသေးပါဘူး။

မြို့ပေါ် မဲရုံတွေမှာ မနက်ပိုင်းက မဲတဲ့သူတွေများခဲ့ပါတယ်။ မနက် ၁၀ နာရီနောက်ပိုင်းမှာတော့ မဲရုံမှာ မဲပေးသူတွေ သိပ်မရှိတော့ပါဘူး။

ဒါကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်ပဲဖြစ်ပါတယ်။ဒီမှာ မဲရုံပေါင်း ၃၆ ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၉၃၂၁ ဦး ရှိပါတယ်။

လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ စိုင်းအောင်ထွန်းလေး၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ စိုင်းဥက္ကာနှင့် ရှမ်းတိုင်းရင်းသားဒီမိုကရက်တစ်ပါတီ (SNDP) မှ စိုင်းရွှေဆိုင်း တို့က ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်နေကြပါတယ်။

ကျေးရွာအများစုက မဲပေးမှုကို စိတ်ဝင်စားမှုနည်းနေတယ်လို့ ကိုယ်စားလှယ်လောင်းတစ်ချို့က သုံးသပ်နေပါတယ်။တစ်ချို့က စိုက်ပျိုးရေးထွက်နေတာကြောင့်လို့ ဆိုတဲ့သူတွေရှိသလို တစ်ချို့က နားမလည်တာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

SNLD က ကိုယ်စားလှယ်တစ်ဦးရဲ့အဆိုအရ စည်းရုံးရေးဆင်းစဉ်ကတည်းက ကျေးရွာအများစုကို ပါတီမူဝါဒများပြောပြတာထက် မဲထည့်ပုံထည့်နည်းကိုပဲ ပြောပြခဲ့ရတယ်လို့ဆိုပါတယ်။

လတ်တလောအခြေအနေကတော့ ဘာမှမသိရသေးပါဘူး။ NLD ၇၅ရာခိုင်နှုန်းလောက်နိုင်နေပြီလို့ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတာနဲ့ပတ်သက်လို့လည်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူက"လိုင်းပေါ်ကတော့ တင်နေမှာပဲ။အခုမှမဲပေးတုန်းပဲရှိသေးတယ်။ဘာမှ မသိရသေးပါဘူး။"လို့ မဇ္ဈိမကို ပြောပါတယ်။

မဲဆန္ဒရှင်တွေ ဘယ်ပါတီကို မဲပေးတယ်ဆိုတာ မကြာခင် သိရတော့မှာပါ။ဝင်ရောက်ပြိုင်နေတဲ့သူတွေက နိုင်ချင်စိတ်ကိုယ်စီနဲ့ မျှော်လင့်နေကြပါတယ်။

 

 

Mizzima Weekly