ပါတီတံဆိပ် ရင်ထိုးတပ်၍ မဲရုံထဲဝင်သည့် ပြည်ခိုင်ဖြိုး အမတ်လောင်း ကန့်ကွက်ခံရ

ပါတီတံဆိပ် ရင်ထိုးတပ်၍ မဲရုံထဲဝင်သည့် ပြည်ခိုင်ဖြိုး အမတ်လောင်း ကန့်ကွက်ခံရ
 (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(နိုဝင်ဘာ ၃ရက်၊ ၂၀၁၈ခုနှစ်)။     ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် လွှတ်တော်အမတ်လောင်းသည် တမူးမြို့နယ်တွင်ကျင်းပသော ကြားဖြတ်ရွေးကောက် ပွဲတွင် ပါတီအမှတ်တံဆိပ်ပါ ရင်ထိုးတပ်ဆင်၍ မဲရုံအတွင်း ဝင်ရောက်ခဲ့သည့်အတွက် ပြိုင်ဘက်ပါတီက ကန့်ကွက်သည့် ဖြစ်စဉ် တစ်ခု ဖြစ်ပွားခဲ့သည်။

 လစ်လပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၊ တမူးမဲဆန္ဒနယ်အမှတ်(၂)မှ ဝင်ရောက်ယှဉ်ပြိုင်သည့် အတိုက်အခံ USDP အမတ်လောင်း ဦးရိုထန်းပွီးယာသည် ယနေ့နံနက် ၁ဝနာရီအချိန်ခန့်က တမူးမြို့နယ်၊ ခါမ်းပတ် မဲရုံအမှတ်(၃)သို့ ဝင်ရောက်လာစဉ် ထိုသို့ ပါတီရင်ထိုး တပ်ဆင်လာသည့်အတွက် တမူးမြို့နယ်မှ NLD ပြည်သူ့လွှတ်တော်အမတ်ဦးနိုင်နိုင်ဝင်းက ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

 “ကျွန်တော် ချက်ချင်းပဲ အဲ့ဒီမှာ ရပ်ကျေးကော်မရှင် ဥက္ကဋ္ဌလည်း ရှိတဲ့အတွက် အဲ့ဒီမှာ ကန့်ကွက်တယ်။ ဒါ တပ်ဆင်ခွင့် မရှိဘူး။ ဒါကို ချွတ်ပေးပါဆိုပြီးတော့မှ ကျွန်တော် သွားပြောတယ်။ သွားပြောတော့ ရပ်ကျေး ကော်မရှင်ဥက္ကဋ္ဌကလည်း ချက်ချင်း သွားပြီးတော့မှ သူ့ကို တံဆိပ်ကို ဖြုတ်ခိုင်းပါတယ်။ အဲ့ဒါ ပြီးတာနဲ့ ကျွန်တော်လည်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ကို ဖုန်းဆက်ပြီး ဒါကို သတင်းမှတ်တမ်း အနေနဲ့ သတင်း ပို့လိုက်တယ်” ဟု ဦးနိုင်နိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

 ဦးရိုထန်းပွီးယာ အနေဖြင့် ထိုသို့ ကန့်ကွက်မခံရမီ တမူးမြို့နယ်၊ ကနန်ကျေးရွာ မဲရုံအမှတ်(၁)သို့ လာရောက် စဉ်ကလည်း ထိုသို့ ပါတီအမှတ်အသားပါ ရင်ထိုးတပ်ဆင်ထားသည်ကို သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက်က တွေ့ရှိခဲ့သည်။

 
ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မည်သူမဆို မဲရုံပရဝဏ်အတွင်း နိုင်ငံရေးပါတီတစ်ခုခုကို မဲပေးရန် စည်းရုံး၊ ပြောဆိုခြင်း အပါအဝင် ပါတီအမှတ်အသားပါသည့် ဦးထုပ်၊ ရင်ထိုးနှင့် တံဆိပ်များကို တပ်ဆင်ခွင့် မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ဖော်ပြထားသည်။

 
ဦးရိုထန်းပွီးယာသည် အဆိုပါ လိုက်နာရမည့််အချက်ကို မသိရှိခြင်းကြောင့် ထိုသို့ ပါတီအမှတ်တံဆိပ်ရင်ထိုးကို တပ်ဆင်မိခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြန်ဖြုတ်လိုက်ပြီဖြစ်ကြောင်း ပြောဆိုသည်။

 
“ကျွန်တော်မသိဘူး။ အခုတော့ ဖြုတ်လိုက်ပြီ။ ကော်မရှင်ဥပဒေမှာ ဘယ်လိုနေလဲတော့ မသိဘူး။ ကိုယ်စားလှယ်လောင်းက ရတယ်လို့ပဲ ကျွန်တော် ထင်နေတာလေ” ဟု ၎င်းက မဇ္ဈိမ၏ မေးမြန်းမှုကို ဖြေကြားသည်။

 
“တံဆိပ်မတပ်ရဘူးဆိုတာက သာမန်ပြည်သူတွေတောင်မှ သိတယ်လေ။ နယ်တွေမှာ မဲဆွယ်၊ ဟောပြော တဲ့အခါကျရင်လည်း မဲရုံကိုသွားတဲ့အခါ ဒါတွေကို မတပ်ဆင်ဖို့ အားလုံး ပြောထားပြီးသား။ ဒီအချိန်မှာ ကိုယ်စား လှယ်လောင်းတစ်ယောက်က ဒါကို မသိဘူးဆိုတာကတော့ မဖြစ်နိုင်ဘူး။ သူ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။ ဒါမှမဟုတ် ဘယ်လိုစိတ်ကူးနဲ့ လုပ်သလဲတော့ မပြောတတ်ဘူး” ဟု NLD ပါတီမှ တမူးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးနိုင်နိုင်ဝင်းက ပြောဆိုသည်။

 အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ကော်မရှင်ထံ ကန့်ကွက်သွားရန် ရှိ၊ မရှိမှာ ၎င်းတစ်ယောက်တည်းဖြင့် ဆုံးဖြတ်၍ မရဘဲ ပါတီတာဝန်ရှိသူအဆင့်ဆင့်ကို တင်ပြရဦးမည်ဟု ဦးနိုင်နိုင်ဝင်းက ဆိုသည်။

 ၂၀၁၅ ရွေးကောက်ပွဲတွင် တမူးမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ အနိုင်ရခဲ့သည့် NLD ပါတီမှ ဦးထန်ဟိုဟောက် သေဆုံးသွားသည့်အတွက် ၎င်း၏ နေရာတွင် အစားထိုးရန် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပရခြင်း ဖြစ်သည်။

အဆိုပါ မဲဆန္ဒနယ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးအောင်ရွှေ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးရိုထန်းပွီးယာ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးအွန်ခိုထန်(ခ) ဦးချစ်မောင်နှင့် ဇိုတိုင်းရင်းသား ဒေသဖွံ့ဖြိုးရေးပါတီက ဦးဇမ်းကဲမ်မန်တို့ ၄ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

ယင်းမဲဆန္ဒနယ်တွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၅ဝဝဝကျော်ရှိပြီး မဲရုံပေါင်း ၃၈ရုံ ရှိသည်။

Mizzima Weekly