သမ္မတ မဲလာပေးမည့် တာမွေ မဲရုံ အမှတ် ၃ သို့ အမေရိကန်သံအမတ်ကြီး လာလေ့လာ

သမ္မတ မဲလာပေးမည့် တာမွေ မဲရုံ အမှတ် ၃ သို့ အမေရိကန်သံအမတ်ကြီး လာလေ့လာ

ရန်ကုန်၊ နိုဝင်ဘာ ၃ ။          ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်လာရောက်မဲပေးမည့် တာမွေမြို့နယ်မှ မဲရုံအမှတ် ၃ သို့ နိုဝင်ဘာလ ၃ ရက် နံနက် ၁၀ နာရီ ဝန်းကျင်ခန့်က အမေရိကန်သံအမတ်ကြီး စကော့မာစီရယ် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။ 

တာမွေမြို့နယ်တွင် မဲရုံပေါင်း ၁၃၀ ၊ ဆန္ဒမဲ ပေးခွင့်ရှိသူ မဲဆန္ဒရှင် တစ်သိန်းဝန်းကျင်ရှိနေပြီး မဲရုံအမှတ် ၃ တွင် မဲပေးခွင့်ရှိသူပေါင်း ၉၀၀ ကျော်ရှိနေသည်။

အမေရိကန်သံအမတ်ကြီးက လာရောက် မဲပေးသူထက် မီဒီယာများ ပိုများနေကြောင်း လာရောက်စောင့်ဆိုင်း နေသော မီဒီယာများကို ပြောကြားသွားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာမွေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နှင့် ဆိပ်ကမ်းမြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်နေကြခြင်းဖြစ်ပြီး တာမွေမြို့နယ်တွင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်အရွေးခံကြခြင်း ဖြစ်သည်။ 

တာမွေ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်လောင်း ၈ ဦးမှာ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ဒီမိုကရေစီပါတီမှ ဦးစီစီနော်ဂျာ၊ မြန်မာ့လူဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးဇင်အောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးတိုးဝင်း၊ ပြည်သူ့အလုပ်သမားပါတီမှ ဦးထွန်းထွန်းဝင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးမျိုးဝင်းကျော်၊ ဒီမိုကရက်တစ်ပါတီ(မြန်မာမှ ဦးမြင့်ကြည်၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီမှ ဦးမြင့်ဆန်းထွန်း၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်သက်သက်အေး တို့ ဖြစ်သည်။

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁ နေရာ ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၄ နေရာ ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် ၇ နေရာ ၊ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ် ၁ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပနေခြင်း ဖြစ်သည်။

Mizzima Weekly