တူနှစ်ကိုယ်တိုင်းပြည်တစ်ခုကို တည်ထောင်တော့မယ့် ရွှေထူးနဲ့ရွှေမှုံရတီ

By မျိုးထွန်းနိုင်
02 November 2018
တူနှစ်ကိုယ်တိုင်းပြည်တစ်ခုကို တည်ထောင်တော့မယ့် ရွှေထူးနဲ့ရွှေမှုံရတီ

အနုပညာလောကမှာ ပရိသတ်စိတ်ဝင်စားခြင်းကိုခံနေရတဲ့ အဆိုတော် ရွှေထူးနဲ့ရွှေမှုံရတီတို့ဟာ လာမယ့် နိုဝင်ဘာလ ၁၁ရက်နေ့မှာ မင်္ဂလာညစာစားပွဲပြုလုပ်တော့မယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးဟာ နေပြည်တော်မှာ လက်မှတ်ရေးထိုးခဲ့ပြီး တစ်ဆက်တည်းမှာပဲ သူတို့ရဲ့ လူမှုကွန်ရက်မှာ မင်္ဂလာဆောင်ဖိတ်စာလေးတွေကို တင်ထားခဲ့ပါတယ်။

ရွှေထူးရဲ့ လူမှုကွန်ရက်မှာ တင်ထားတဲ့ မင်္ဂလာဖိတ်စာမှာတော့ လာမယ့် နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရန်ကုန်မြို့၊ Inya Lake ဟိုတယ်မှာ မင်္ဂလာညစာစားပွဲပြုလုပ်သွားတော့မယ့် အကြောင်းကိုဖော်ပြခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ဟာ သူတို့နှစ်ဦးရဲ့နေ့ (11.11.2018 Our Day ) ဆိုပြီး ဖော်ပြထားခဲ့ပါတယ်။

အနုပညာလောကမှာ ရွှေနှစ်ရွှေဆိုပြီး လူသိများနေတဲ့ သူတို့စုံတွဲဟာ ပြီးခဲ့တဲ့ နှစ်လကျော်လောက်က ချစ်သူတွေ ဖြစ်နေကြတဲ့အကြောင်းကို ပရိသတ်ထံ ပွင့်လင်းစွာ ချပြခဲ့သလို အနုပညာသတင်းတွေမှာလည်း သူတို့ရဲ့ ချစ်သူဘဝလွတ်လပ်စွာနေထိုင်သွားလာတဲ့ ဓာတ်ပုံတွေ အင်တာဗျူးတွေကို ဆက်တိုက်ဖော်ပြခံခဲ့ ကြရပါတယ်။တစ်ယောက်နဲ့တစ်ယောက် မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်နေကြတဲ့ သူတို့ စုံတွဲကို မကြာခဏဆိုသလို ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။

Mizzima Weekly