အောင်လအန်ဆန်က မြန်မာတွင်သာမက ကမ္ဘာတစ်ဝန်းက ပရိသတ်များကိုပါ စိတ်ခွန်အား ပေးနိုင်ရန် ရည်ရွယ် 

အောင်လအန်ဆန်က မြန်မာတွင်သာမက ကမ္ဘာတစ်ဝန်းက ပရိသတ်များကိုပါ စိတ်ခွန်အား ပေးနိုင်ရန် ရည်ရွယ် 
ဓာတ်ပုံ-One Championship

နိုဝင်ဘာ ၁ ။            ။ ဝမ်းမစ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင် အောင်လအန်ဆန်သည် မွေးရပ်မြေမြန်မာနိုင်ငံ တွင်သာမက ကမ္ဘာတစ်ဝန်းအထိ စိတ်ဓာတ်ခွန်အားများပေးနိုင်ရန် မျှော်လင့်ထားသည်ဟု ဆိုသည်။ 

“ဝမ်းချန်ပီယံရှစ်ရဲ့ အရှိန်အဝါနဲ့ ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေရဲ့ အားပေးမှုကြောင့် ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံမှာသာမကပဲ အခြားနေရာအနှံအပြားက လူတွေကိုပါ စိတ်ဓါတ်ရေးရာဆိုင်ရာခွန်အားတွေ ပေးနိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟု အောင်လအန်ဆန်က ပြောဆိုလိုက်သည်။  

ပြီးခဲ့သည့် သောကြာ၊ အောက်တိုဘာလ ၂၆ ရက်နေ့၊ သုဝဏ္ဏမိုးလုလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သော ONE: PURSUIT OF GREATNESS ပြိုင်ပွဲကြီး၏ အဓိကပွဲစဉ်တွင် အသက် ၃၃ နှစ်ရှိပြီ ဖြစ်သည့် အောင်လ အန်ဆန်သည် ပြိုင်ဘက် Mohammad Karaki ကို အလဲထိုးသတ်နိုင်ခဲ့ပြီး သူ၏ မစ်ဒယ်ဝိတ်ခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။ 

အဆိုပါပွဲတွင် ဝိတ်တန်း ၂ ခု ချန်ပီယံဖြစ်သည့် အောင်လအန်ဆန်သည် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသားကို ပထမအချီတွင်ပင်  ပင့်လက်သီးတစ်ချက် ပစ်သွင်းကာ၊ နောက်ဆက်တွဲ လက်သီးချက်များနှင့် ဆင့်ကဲ့ ထိုးချက် များကြောင့် ဒိုင်လူကြီးက ၂ မိနစ် ၂၁ စက္ကန့်အချိန်တွင် ရပ်တန့်ခဲ့ပြီး အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အောင်ပွဲရခဲ့သည့် အောင်လအန်ဆန်က “ဒါက အစပဲရှိပါသေးတယ်။ ကျွန်တော်က ဒီထက်ပို ကြိုးစားသွားမှာ ဖြစ်ပြီး ဒီထက်ပိုမိုကောင်းမွန်တဲ့ ပွဲတွေ ထပ်ပြီးယှဉ်ပြိုင်သွားမှာပါ။ မြန်မာနိုင်ငံသား သန်း ၆၀ နဲ့ အတူ ကျွန်တော် ကြိုးစားသွားမှာပါ။ ကျွန်တော်တို့ စည်းစည်းလုံးလုံးနဲ့ အတူတူကြိုးစားမယ်ဆိုရင် ဘယ်အရာကိုမဆို ရယူနိုင်ပါတယ်။” ဟု ပွဲအပြီးတွင် ပြောဆိုခဲ့သည်။

အောင်လအန်ဆန်သည်  ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ်တွင် ကမ္ဘာ့ချန်ပီယံခါးပတ်ပိုင်ရှင်ဖြစ်လာပြီး မြန်မာနိုင်ငံတွင် လူအများ၏ အားပေးချစ်ခင်မှုကို ခံရသော အားကစားသမားဆိုလည်း မမှားပေ။

 “ကိုယ်ခံပညာသိုင်းပေါင်းစုံပညာရပ် သံတမန်တစ်ယောက်အနေနဲ့ ကျွန်တော့ရဲ့ အခန်းကဏ္ဍက မြန်မာနိုင်ငံ ရယ်၊ အာရှတွင်းရယ်ဆိုပြီးတော့ ကန့်သတ်ထားတာမရှိဘူးလို့ ကျွန်တော်အနေနဲ့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့အားလုံးမှာ ခက်ခဲတဲ့အချိန်တွေ ဆိုတာရှိပါတယ်။  ကျွန်တော်အနေနဲ့ အခွင့်အရေးရလို့  ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူပေါင်းများစွာနဲ့ တွေ့ဆုံခွင့်ရခဲ့မယ်ဆိုရင် သူတို့အတွက် ကျွန်တော်တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။” ဟု အောင်လအန်ဆန်က ဆိုသည်။ 

အောင်လအန်ဆန်အနေဖြင့် မိိမိအသက်မွေးကျောင်းအဖြစ် ရပ်တည်နေသော ကိုယ်ခံပညာသိုင်းပေါင်းစုံ အားသမားတစ်ဦးဆိုသည့် အချက်ကိုအကောင်းဆုံး အသုံးပြု၍ လူအများကို စိတ်ဓာတ်ခွန်အားများ ပေးနိုင်လိမ့်မည်ဟု ယုံကြည်ထားခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

 “ကျွန်တော်ယှဉ်ပြိုင်ထိုးသတ်ရတဲ့အခါတိုင်း ကျွန်တော်အနေနဲ့ ကျွန်တော်ဘဝထက်ပိုမိုကြီးမားတဲ့ အရာတွေကိုရနိုင်ဖို့ ကျွန်တော်ယှဉ်ပြိုင်တာပါ။ ကျွန်တော်ရည်မှန်းချက်က ကမ္ဘာချန်ပီယံဆုတွေ ပိုင်ဆိုင်ဖို့၊ ပြိုင်ပွဲတွေ အနိုင်ရဖို့ပဲ မဟုတ်ပါဘူး။ လူတွေကို စိတ်ပိုင်းဆိုင်ရာခွန်အားပေးနိုင်ဖို့လည်း ပါပါတယ်။ ဒီလိုမျိုးဖြစ်နိုင်ဖို့လည်း ကျွန်တော်နေ့တိုင်းကြိုးစားနေပါတယ်။” ဟု အောင်လအန်ဆန်က ဆက်လက် ပြောသည်။ 

ထူးခြားပြောင်မြောက်သော ကိုယ်ခံပညာကစားနည်းဟန်များကြောင့် မြန်မာ့စပါးအုံးအဖြစ် နာမည်ကျော် ကြားသော အောင်လအန်ဆန်သည် ဝမ်းချန်ပီယံရှစ်နှင့် ၂၀၁၄ ခုနှစ်တွင် စတင် လက်မှတ် ရေးထိုးခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံတွင် လူအများက လေးစားအားကျပြီး စံထားရသည့် အားကစားသမားတစ်ယောက် ဖြစ်လာခဲ့သည်။

Mizzima Weekly