အာရှဖလားပွဲအပြီးမှာ တရုတ်အသင်းကို စွန့်ခွာမယ့် မာဆယ်လို လစ်ပီ

By မျိုးထွန်းနိုင်
01 November 2018
အာရှဖလားပွဲအပြီးမှာ တရုတ်အသင်းကို စွန့်ခွာမယ့် မာဆယ်လို လစ်ပီ

ပေကျင်း၊နိုဝင်ဘာ ၁ ။          ။ တရုတ်အမျိုးသားဘောလုံးအသင်းရဲ့နည်းပြချုပ် မာဆယ်လိုလစ်ပီဟာ လာမယ့်၂၀၁၉ ဇန်နဝါရီမှာ တရုတ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး စာချုပ်အသစ် ထပ်မံချုပ်ဆိုဖို့ မရှိဘူးလို့ သိရပါတယ်။

မာဆယ်လိုလစ်ပီဟာ မိုနာကိုနိုင်ငံမှာကျင်းပခဲ့တဲ့ ဘောလုံးဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး အလုပ်တွေကြောင့် ၆နှစ်လောက် ပစ်ထားခဲ့ရတဲ့ မိသားစုကို အချိန်ပေးနိုင်ဖို့အတွက် အမိမြေကို ပြန်တော့မယ်လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

တရုတ်အသင်းဟာ အီတလီလူမျိုး နည်းပြလစ်ပီကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင် ရည်တွေဟာ တိုးတက်လာမှုမရှိသလို ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ခြေစစ်ပွဲမအောင်ခဲ့ဘဲ ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။

လစ်ပီအနေနဲ့ နည်းပြရာထူးကနေထွက်ခွာတော့မယ့်အခြေအနေကြောင့် တရုတ်နိုင်ငံဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းအတွက် နည်းပြအသစ်တစ်ယောက်ကို ထပ်မံရှာဖွေလျှက်ရှိပါတယ်။

၂၀၁၉ ဇန်နဝါရီမှာ ကျင်းပမယ့် ယူအေအီး အာရှဖလားဘောလုံးပြိုင်ပွဲမှာ တရုတ်အသင်းအနေနဲ့ တောင်ကို ရီးယား၊ ကာဂျစ်စတန်၊ ဖိလစ်ပိုင်အသင်းတွေနဲ့ အုပ်စု (C) မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပြိုင်ပွဲဟာ နည်းပြ လစ်ပီအတွက် နောက်ဆုံးပြိုင်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လစ်ပီဟာ အီတလီစီးရီးအေကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းနဲ့အတူ အမှတ်ပေးဖလား ၅ကြိမ် ဆွတ်ခူးခဲ့ပြီး ၁၉၉၆ခုနှစ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူပေးခဲ့ပါတယ်။ဒါ့အပြင် ၂၀၀၆ခုနှစ်မှာ အီတလီအသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးခဲ့ပြီး နောက်ပိုင်းမှာတော့ တရုတ်နိုင်ငံက Guangzhouကလပ်အသင်းကို နည်းပြ အဖြစ် ပြောင်းရွှေ့ခဲ့ပါတယ်။ တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ Guangzhou အသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဆုကို ၃ကြိမ် ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ တရုတ်အမျိုးသားဘောလုံးအသင်းကို စတင်တာဝန်ယူခဲ့ကာ တစ်နှစ်ကို ဒေါ်လာ ၂၃ သန်းမှ ၂၇ သန်းအထိ ရရှိခဲ့ပါတယ်။

Mizzima Weekly