အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ

အနိဋ္ဌာရုံဖြစ်ရပ်များကြားမှ ရုန်းကန်ထလာသည့် မိတ္ထီလာ
 မကြာသေးခင်က တွေ့ရသည့် မိတ္ထီလာမြို့တွင်းတစ်နေရာ (ဓာတ်ပုံ - ခင်နှင်းဝေ/Myanmar Now)

ပဋိပက္ခ ဖြစ်ပွားခဲ့သည့် မိတ္ထီလာတွင် ဘာသာပေါင်းစုံ ညီညွတ်စွာနေထိုင်ရေး  ကြိုးပမ်းမှု အရှိန်ရနေပြီး ပိုမိုလွတ်လပ်စွာကိုးကွယ်နိုင်ရေးကို မျှော်လင့်သူများလည်း ရှိနေသည်

(မိတ္ထီလာ) —ဘာသာရေး ပဋိပက္ခဖြစ်ပွားခဲ့သည်မှာ ၅နှစ်ကျော်ကြာလာပြီဖြစ်သော၊မြန်မာပြည် အလယ်ပိုင်းစီးပွားရေး အချက်အချာကျသည့် မြို့ကြီးတစ်မြို့ဖြစ်သော မိတ္ထီလာရှိ ရပ်ကွက်တစ်ခုသည် နံနက်ခင်း နေရောင်အောက်ကလေးငယ်တို့၏ ရယ်သံများ၊ ပြေးလွှားဆော့ကစားသံများနှင့် အတူ အသက်ဝင် လှုပ်ရှားနေသည်။

ဗုဒ္ဓဘာသာဝင်နှင့် အစ္စလမ် ဘာသာဝင် စုစုပေါင်း ငါးထောင်ကျော်ရန်ငြိုးမရှိနေထိုင်ခဲ့ကြသော၊ ချမ်းအေးသာယာဟု အမည်ရသော ဤရပ်ကွက်လေးသည် ၂ဝ၁၃ မိတ္ထီလာ အဓိကရုဏ်းကာလအတွင်းအခြားနေရာများနှင့် မတူဘဲ တစ်ရပ်ကွက်လုံး မီးရှို့ဖျက်ဆီးခံလိုက်ရသည်။  
 
ထိုနှစ် မတ်လ ၂၂ရက်နေ့ မနက်ပိုင်းက  သင်္ကန်းဝတ်နှစ်ဦး အပါအဝင်  အရပ်ထောင်ထောင်မောင်းမောင်း လူ ၂ဝခန့် ချမ်းအေးသာယာသို့ ရောက်လာပြီး မီးလောင်တိုက်သွင်းရန် ပြင်ဆင်ရာ  ရပ်ကွက်တွင်း  နေထိုင်သူတချို့က  ဆင်းရဲသည့် ၎င်းတို့၏ရပ်ကွက်ကိုမဖျက်ဆီးရန် တောင်းပန်ခဲ့ကြောင်း  ထိုအချိန်က ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးဖိုးသားက ပြန်ပြောပြသည်။

“တို့မရှို့ရင် နောက်ကလူတွေကရှို့လိမ့်မယ်လို့ အဲဒီလိုပြောပြီးတော့ ဓာတ်ဆီတောင် မပါဘူး၊အဲ့ဒီအတိုင်း ကပ်ပြီး ရှို့သွားတာ။ ကျွန်တော် မျက်ရည်တောင် ကျရတယ်”ဟု ဦးဖိုးသားကပြောပြသည်။
“ဒေသခံတွေလို့တော့ လုံးဝမထင်ဘူး။ ဒီလူတွေဟာ နိုင်ငံရေး လှုံ့ဆော်ဖို့အတွက် သက်သက်လာကြတာလို့ပဲထင်တယ်။ ဒီမိတ္ထီလာမှာဆိုရင် အကုန်လုံးကျွန်တော့်ကိုသိသလိုကျွန်တော်ကလည်း သိတယ်”
အပြန်အလှန်ကူညီရိုင်းပင်းမှုရှိခဲ့ကြသည့်  ဒေသခံတို့သည် အနိဋ္ဌာရုံဖြစ်ရပ်တို့နှင့် ရုတ်တရက် ကြုံတွေ့လိုက်ရပြီးနောက်ပိုင်း  ယခုအခါ မူလအနေအထားသို့ ပြန်လည်ရောက်ရှိစေရန် တဖြည်းဖြည်း တည်ဆောက်နေကြသည်။ ထိုသို့ တည်ဆောက်ရာတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေး လှုပ်ရှားမှုတချို့က အထောက်အကူပေးနေသည်။

တစ်ချိန်တည်းမှာပင် ကိုးကွယ်ဝတ်ပြုသည့် အဆောက်အအုံများ ပုံမှန်အခြေအနေအတိုင်း လည်ပတ်နိုင်ရေး အပါအဝင် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု ဖော်ဆောင်ရာတွင် အစိုးရ၏ ပိုမို ပါဝင်ဆောင်ရွက်ရေးကို မျှော်လင့်နေကြသည်။

ပဋိပက္ခအတွင်း ရိုင်းပင်းမှု
ချမ်းအေးသာယာ ရပ်ကွက် မီးရှို့ခံခဲ့ရပြီးနောက်တစ်နှစ်တွင် နေအိမ်များပြန်လည်ဆောက်လုပ်ကြရာ ၎င်းတို့ထဲမှ  အိမ်ခြေ ၇၃ဝကို ဆင်းရဲနွမ်းပါးသူ မွတ်စလင်များသို့ ပေးအပ်လေ့ရှိသည့် ရန်ကုန်မြို့ ယောင်နက်ဗလီ၏ အလှူငွေကို အသုံးပြုခဲ့သည်ဟု  ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦးဖြစ်သူ ဦးအောင်ဌေးကပြောသည်။

အခြားသော ရပ်ကွက်များနည်းတူ ၎င်းတို့ရပ်ကွက်သည် ကိုးကွယ်သည့်ဘာသာ မတူသဖြင့် အမုန်းပွား ခွဲခြားမှု၊ ထိုးနှက်တိုက်ခိုက်မှု ဆိုသည်မှာ ရှေးယခင်ကပင်  မရှိခဲ့သည့် ရပ်ကွက် ဖြစ်ကြောင်း အစ္စလမ်ဘာသာဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဌေးကဆိုသည်။

“အဲဒီလို မီးရှို့တော့ ဗုဒ္ဓဘာသာတွေ၊အစ္စလမ်တွေ တောထဲမှာ အတူတူပဲ သွားရှောင်နေကြတာ။  အတူတူနေကြတာ။ မီးလောင်ပြီးနောက်နေ့ရောက်တော့ အမှတ်၁ကျောင်းထဲက ယာယီ ခိုလှုံရေး စခန်းမှာလည်း တူတူနေကြတာပါ” ဟု ၎င်းကပြောသည်။

ပဋိပက္ခကာလအတွင်း ရပ်ကွက်တချို့တွင် အကြမ်းဖက်သူတို့ လုပ်ငန်းဆောင်ရွက်ခြင်း မပြုနိုင်စေရန် ဟန့်တားနိုင်သဖြင့်  နေအိမ်၊  အဆောက်အဦများ ဖျက်ဆီးခြင်း မခံခဲ့ရပေ။  
မွတ်စလင်အများစုနေထိုင်ရာ သာယာကုန်း(၁) ရပ်ကွက်ရှိ  ရာအိမ်မှူးဦးဘကြူက၎င်းတို့ရပ်ကွက်မှ ဒေသခံများ စာသင်ကျောင်းတစ်ခုသို့ သွားရောက်ပြီး  ရက် ၄ဝခန့် ခိုလှုံ ခဲ့ကြကြောင်း၊ပြန်လာချိန်တွင်နေအိမ်များ အကောင်းအတိုင်းကျန်နေခြင်းမှာ ၎င်းတို့နှင့် ကပ်လျက် တည်ရှိသည့် ရပ်ကွက်၏   ကျေးဇူးကြောင့် ဖြစ်ကြောင်း ရှင်းပြသည်။

လူသတ်မှု၊ မီးရှို့မှု၊ အပြန်အလှန် တိုက်ခိုက်မှုများ ပါဝင်သည့် မိတ္ထီလာအကြမ်းဖက်မှုကာလအတွင်း  အန္တရာယ်ပြုခံနေရသူတို့ကို လူသားချင်းထားရမည့် မေတ္တာတရားဟူသည့်အခြေခံစိတ်ဖြင့်ကူညီခဲ့သူများတွင်ခရစ်ယာန်ဘာသာဝင် ဒေါ်ဝင်းမာဦးလည်းပါဝင်သည်။ သူက လမ်းတွင် တွေ့ရသသည့် ဒဏ်ရာရလူငယ်တစ်ဦးကို ဆေးရုံသို့ဆိုင်ကယ်ဖြင့်ပို့ဆောင် ပေးနိုင်ခဲ့သည်။

မိတ္ထီလာကန်အနီးတုန်လှုပ်စွာထိုင်နေသည့်လူငယ်တစ်ဦးကိုဘေးကင်းရာသို့ တိမ်းရှောင်ရန် တိုက်တွန်းခဲ့သော်လည်းအကြမ်းဖက်သမားများကလက်ဦးသွားခဲ့သည်ဟု  ဆိုသည်။
“ကျွန်မက ပြေးတော့ပြေးတော့လို့ ပြောတယ်။မပြေးဘဲ ကြောက်ကြောက်ရွံ့ရွံ့နဲ့ထိုင်နေတာ။အဲဒီမှာဟိုကောင်လည်းပါတယ်ဆိုပြီးကျွန်မရှေ့မှာတင်အဲ့ဒီကလေးလေးကိုသတ်ပစ်လိုက်တာ”ဟု၎င်းက ပြောသည်။

အလားတူပင် မြို့ခံတစ်ဦးဖြစ်သူ မနေဇာမင်းဆွေတို့ မိသားစု အရေးအခင်းအတွင်း အသက်လု ထွက်ပြေးကြစဉ်အကာအကွယ်ပေးသူတို့မှာ မြို့ခံ ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။
တိမ်းရှောင်ရာ လမ်းတစ်လျှောက် တုတ်၊  ဓား ကိုင်ဆောင်ထားသူ အများအပြား တွေ့ရှိခဲ့ရကြောင်း၊ လိုက်ပါ ပို့ဆောင်ပေးသူ ဗုဒ္ဓဘာသာဝင် ဦးဝကြီး ဆိုသူကိုလည်း ယနေ့တိုင် အမှတ်ရ ကျေးဇူးတင်နေကြောင်း၎င်းက ပြောသည်။

၃၆ နှစ်အရွယ် မနေဇာမင်းဆွေမှာ ဒုက္ခသည်စခန်းတစ်ခုတွင် ငါးလခန့်နေထိုင်ခဲ့ပြီးနောက် သူ့ရပ်ကွက်တွင်  စာသင်သည့် အလုပ်ကို ဆက်လက်လုပ်ကိုင်လျက်ရှိသည်။ မကြာသေးခင်က သူ၏ ကျူရှင်ကျောင်းလေးသို့ သွားရောက်လေ့လာရာဘာသာပေါင်းစုံ ကလေးကြီးငယ်များ ဇလုံကြီးတစ်လုံးထဲမှ အစားအစာများ အလုအယက်စားသောက်နေကြသည်ကို တွေ့ရသည်။
ကျူရှင်ရောက်လာသည့် ကလေးများထဲတွင်   ဘာသာရေးမှိုင်း သိသိသာသာ မိထားသူတချို့ ပါဝင်သော်လည်း နောက်ပိုင်းတွင် ကလေး အချင်းချင်း ပြန်လှန်ထိန်းကျောင်းသွားတတ်သည်ဟု ၎င်းကပြောသည်။

ပိတ်ထားသော ဗလီများ  
ရှေ့နေ ဦးအောင်သိန်းသည်  မတူကွဲပြားသည့် ဘာသာအယူဝါဒရှိသူများကြား ငြိမ်းအေးစွာ အတူယှဉ်တွဲ နေထိုင်ရေးဆိုင်ရာ ၎င်း၏ လှုပ်ရှားမှုကြောင့် မိတ္ထီလာတွင် လူသိများသူတစ်ဦး ဖြစ်သည်။
၂ဝ၁၃ အရေးအခင်းအပြီးတွင် ဘာသာပေါင်းစုံငြိမ်းချမ်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ထီလာသုခ သမဂ္ဂီအဖွဲ့ကို တည်ထောင်သူများထဲတွင်လည်း တစ်ဦးအပါအဝင်ဖြစ်သည်။
မိတ္ထီလာရှိ မွတ်စလင်တို့မှာ အပိတ်ခံထားရသည့် ဗလီများတွင် ပြန်လည်ဝတ်ပြုလိုပြီး ၎င်းတို့ နေအိမ်၊ မြေကွက်များကိုလည်း ပြန်လည် ရယူလိုကြသည်ဟု ရှေ့နေက ဆိုသည်။
“အဆိုးဆုံးကတော့ အခြေခံ ဘာသာရေး၊ ယဉ်ကျေးမှု သင်တန်းကျောင်းတွေ အကုန် အပိတ်ခံထားရတယ်” ဟု ရှေ့နေဦးအောင်သိန်းကပြောသည်။
အရေးအခင်းမတိုင်ခင်က ဗလီ ၁၃ ခု ရှိခဲ့ပြီး ယခုအခါ ဝတ်ပြုခွင့်ရသည့် ဗလီမှာ ၆ ခုသာရှိကြောင်း  ရတနာမွန်ဗလီ၏ ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးစန်းဝင်းရှိန်ထံမှ သိရသည်။
ဝတ်ပြုသည့်နေရာ အကန့်အသတ် ဖြစ်လာသောကြောင့် ရတနာမွန်တွင် ဝတ်ပြုချိန်ကို ၂ ချိန် ခွဲပြီး စီစဉ်နေရသည်ဟု ဆိုသည်။
“လူနေအိမ်မှလည်း ဝတ်ပြုခွင့်မပြုဘူး၊ ဗလီကဲ့သို့ ဝတ်ပြုခွင့်မရှိဘူးဆိုတဲ့ တားမြစ်မိန့်ကလည်း ရှိထားတော့ နေ့စဉ် ဘာသာရေး ဆောင်ရွက်ခွင့်ရဖို့အတွက်က အခက်အခဲဖြစ်ရတာပေါ့၊စိတ်မချမ်းမမြေ့ဖြစ်ရတာပေါ့” ဟု ဦးစန်းဝင်းရှိန်က ပြောသည်။

မိတ္ထီလာ အဓိကလမ်းမကြီးရှိ  ဗလီအားလုံးကို ပိတ်ထားသဖြင့်  ဝေးလံသည့် အခြားရပ်ကွက်များသို့ သွားရောက် ဝတ်ပြုနေရသည်ဟု မြို့ခံ မွတ်စလင်တစ်ဦးဖြစ်သူ ဦးဖိုးတာက ဆိုသည်။
အစိုးရ ပိုမိုပါဝင်ရေး
ဗလီများကို ပိတ်ထားခြင်း ကဲ့သို့သော ပိတ်ပင် တားဆီးမှုများသည် အစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေသည်ဟု ရခိုင်ဒေသ ပဋိပက္ခဆိုင်ရာ ကိုဖီအာနန် ကော်မရှင်တွင်လည်း  အဖွဲ့ဝင် တစ်ဦးအဖြစ် ပါဝင်သည့်  ဟာဂျီဦးအေးလွင်က  ပြောသည်။

“ဒီအစိုးရ တက်လာတဲ့ အခါမှာ တရားဥပဒေစိုးမိုးရေး ဆိုတာလည်း ပါတယ်။ လူကြီးတွေကလည်း ဥပဒေအတိုင်းပဲလုပ် ဆိုတာလည်း ပါတယ်။ မြန်မာပြည်မှာ သာသနိက အဆောက်အဦဆိုတာ ဗုဒ္ဓဘာသာက လွဲရင် ကျန်တဲ့ဟာတွေက တော်တော်များများက တရားဝင် စာရွက်စာတမ်းတို့ ဘာတို့က သိပ်ပြီး ရှိတာ မဟုတ်ဘူး။   ပိတ်ပင် ဟန့်တား တားဆီးမှုတွေ ခံနေရတာက ဥပဒေအတိုင်းလုပ် ဆိုတာကြီးကြောင့်” ဟု  ဟာဂျီဦးအေးလွင်က သုံးသပ်သည်။

မူဝါဒချပေးသည့်အစိုးရအဖွဲ့နှင့် လက်တွေ့အကောင်အထည်ဖော်ရသည့် ဌာနဆိုင်ရာတို့ကြား နားလည်မှု လွဲခြင်း၏ နောက်ဆက်တွဲရလဒ်အဖြစ် ပေါ်ပေါက်လာသော ကန့်သတ်ပိတ်ပင်မှုတို့မှာ ယခင်အစိုးရကာလထက်  ပိုများနေသည်ဟု ဘာသာပေါင်းစုံငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုတွင် ဦးဆောင်နေသူတစ်ဦးဖြစ်သည့် ၎င်းက ထောက်ပြသည်။
ဤအတောအတွင်း အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရန်အတွက် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၂၁မှ ၂၂ အထိ နေပြည်တော်၌ကျင်းပသွားရန် ပြင်ဆင်နေသည်။

ဘာသာပေါင်းစုံ ခေါင်းဆောင်များ ဦးဆောင်ပါဝင်သော ငြိမ်းချမ်းမေတ္တာအဖွဲ့၏အထွေထွေအတွင်းရေးမှူးဘုန်းတော်ကြီးဂျိုးဆက်မောင်ဝင်းသည်အစိုးရကအသစ်ထပ်မံဖွဲ့စည်းသည့်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့တွင်အမှုဆောင်တစ်ဦးလည်းဖြစ်သည်။မိတ္ထီလာ အပါအဝင် ဒေသအများအပြားတွင်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး လှုပ်ရှားမှုများ ရှိနေကြောင်း ဘုန်းတော်ကြီးထံမှ သိရသည်။

“အစိုးရကလည်းဘာသာပေါင်းစုံကကူညီမှသာလျင်စစ်မှန်တဲ့ငြိမ်းချမ်းရေးဆိုတာရလာမယ်ဆိုတာကိုလည်းသူတို့ခံယူချက်ရှိပါတယ်”ဟုဂျိုးဆက်မောင်ဝင်းကမိန့်သည်။

မိတ္ထီလာမြို့ခံ ရှေ့နေကြီး ဦးအောင်သိန်းက အဖွဲ့အစည်းပေါင်းများစွာ၏ဘာသာပေါင်းစုံညီညွတ်ရေး လှုပ်ရှားမှုများ ရှိသော်လည်း အစိုးရ၏ သိသိသာသာပါဝင် ဆောင်ရွက်မှုများကို သူက မျှော်လင့်နေသည်။  ဘာသာရေး၊ လူမျိုးရေးဆိုင်ရာအမုန်းတရား ဖြစ်ပွားစေသည့် သီချင်းများ၊  စာရွတ်စာတမ်းများ ဖြန့်ဝေနေသည့် လှုပ်ရှားမှုမှာ ယခုနှစ်အတွင်း အစိုးရ ဟန့်တားသည့် အစီအစဉ်တို့ကြောင့် လျော့ပါးလာပြီး ဒေသတွင်း တည်ငြိမ်မှုရှိလာသည်ဟု ဆိုသည်။

“သွေးထိုးလှုံ့ဆော်မှု အရှိန်ကျသွားရင် တည်ငြိမ်မှု၊အသားကျမှုနဲ့ ငြိမ်းချမ်းချစ်ကြည်မှုက ပြန်လည်ဖြစ်ပေါ်လာပါတယ်” ဟု ဦးအောင်သိန်းက ပြောလိုက်သည်။

 

Mizzima Weekly