သွားပါများခရီးရောက် မေးပါများစကားရ ( ၇ )

သွားပါများခရီးရောက် မေးပါများစကားရ ( ၇ )

စေတုတ္တရာမြို့ ရေတွေပြန်ကျပြီး ပထမဆုံးရင်ဆိုင်ရတဲ့ပြဿနာက တမြို့လုံးတင်ကျန်နေခဲ့တဲ့ နုံးတွေနဲ့ သောက်ရေသန့် ရှားပါးမှုအခက်အခဲပါပဲ။

ရေတွင်းဟူသမျှ ရွှံရေတွင်းတွေဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ကံအားလျော်စွာ ရောက်လာတဲ့ ကူညီကယ်ဆယ်ရေးကားဟူသမျှက ရေသန့်ဗူးတွေ ကားတိုင်းလိုလိုသယ်လာပေးကြတာမို့ လတ်တလောမှာတော့ သောက်ရေသန့်ပြဿနာကို ဖြေရှင်းလို့တော့ ရပါတယ်။ ဒါပေမယ့် ရေတွင်းရေစက်တွေ ပြန်လည်တူးဖေါ်သန့်ရှင်းရမယ့်အလုပ်ကတော့ သိတ်တော့မလွယ်လှပါဘူး။ အကူအညီနဲ့ ငွေကြေးအခက်အခဲ မလွဲမသွေကြုံကြရမှာပါ။
အဲဒီအချိန်မှာ စိတ်ရှုပ်ထွေးစရာ သတင်းတွေကလည်း အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေနဲ့ သတင်းစာ စာနယ်ဇင်းတချို့မှာ မြင်နေဖတ်နေရတဲ့ကိစ္စပါပဲ။ 

စေတုတ္တရာ ရေဘေးသင့်တဲ့သတင်း တနိုင်ငံလုံးပျံ့နှံ့သွားတာဟာ လွတ်လပ်တဲ့ သတင်းဌာနနဲ့ စေတနာ့ဝန်ထမ်း သတင်းသမားတွေကြောင့်ပါ။ အဲဒီတုန်းက တာဝန်ရှိသူတွေဟာ ဘာကြောင့်ရယ်မသိ၊ စေတုတ္တရာရေဘေးဒဏ်ခံနေရတာ ငြင်းလို့မရပေမယ့် အပျက်အစီးအထိအခိုက် သိတ်မရှိတဲ့သဘော သူတို့သတင်းစာနဲ့ သူတို့တာဝန်ရှိသူတွေက သတင်းအမှန်ကို မသိမသာထိန်ချန်ချင်တဲ့သဘောတွေ တွေ့လာနေရတဲ့ကိစ္စဟာ တော်တော်လေးကို စိတ်ရှုပ်ထွေးဖို့ကောင်းလှပါတယ်။ ဥပမာ ရေဘေးသင့်စေတုတ္တရာမှာ စပါးတွေပြန်စိုက်နေပြီလို့ ကြေညာတာမျိုးနဲ့ စေတနာ့ဝန်ထမ်း ကူညီကယ်ဆယ်ရေးသမားတွေကို ဖိအားပေးတာမျိုးတွေလည်း လုပ်ခဲ့ကြပါတယ်။

ကျနော့်ကိုယ်တွေ့အဖြစ်အပျက် နှစ်ခုပြောပြချင်ပါတယ်။ 

စေတုတ္တရာမြို့ကလေး ရေပြန်ကျပြီး သုံးရက်မြောက်နေ့မှာ မြို့အဝင်လမ်းထိတ်မှာ လမ်းဘေးနှစ်ချက် သန့်ရှင်းရေးအပူတပြင်းလုပ်၊ သစ်ပင်ပန်းပင်တချို့ မနက်မိုးမလင်းခင် လာစိုက်ထားတာ ထုံးတွေသုပ်ထားတာကို မြို့လူထုက တအ့ံတသြတွေ့လိုက်ကြရပါတယ်။ အဲဒီနောက် မနက်ရှစ်နာရီလောက်မှာ ကျောင်းဝင်းတစ်ခုလုံး ရွှံနှစ်ရေတွေ သည်အတိုင်းဖုံးနေတဲ့အထက်တန်းကျောင်းရှေ့ မီးသတ်ကားအသစ်နှစ်စီးရောက်လာပါတယ်။ မီးသတ်ဝတ်စုံနဲ့ ကယ်ဆယ်ရေးသမားဝတ်စုံဝတ်ထားသူတွေဟာ ကျောင်းဝင်းထဲ ကားလမ်းပေါ်ကပဲ လှမ်းကြည့်ပြီး ဒီမြေနှစ်တွေကို စုတ်ထုတ်ဖယ်ရှားရမယ်ဆိုလို့ မဖြစ်နိုင်တာကို ခိုင်းရပါ့မလားဆိုပြီး အချင်းချင်းအပြန်အလှန်ပြောကြဆိုကြပါတယ်။ ဘယ်လိုမှမဖြစ်နိုင်တော့တဲ့အခါကြမှ တစ်နာရီကျော်ကြာ ငြင်းခုန်ကြပြီးမှ မြို့ထဲ ပြန်ဝင်သွားကြပါတယ်။ 

ဒါတွေကို ဘာပြုလို့လုပ်ရတာလည်း။ အဲဒီနေ့နေ့့လည်ပိုင်းမှာတော့ အဲဒီတုန်းက မကွေးတိုင်း အာဏာရလူကြီးတစ်ဦးရောက်လာမှာဖြစ်လို့ မြို့ကလေး အပျက်အစီး သိတ်မရှိဘူးဆိုတာဖြစ်ရအောင်နဲ့ လမ်းပေါ်ကကြည့်ရင် စေတုတ္တရာမြို့ ဘာမှ အထိအခိုက်အပျက်အစီးမရှိဘူးလို့ထင်ရအောင် အခုလို ပြင်ဆင်ထားကြတာဖြစ်တယ်ဆိုတာ တမြို့လုံးက သိလာကြရပါတယ်။ ဒီတော့မှပဲ ေူအာ် အဲဒီတုန်းက တာဝန်ရှိသူတွေဟာ ကြုံတွေ့နေရတဲ့ရေဘေးဟာ ဘာမှမပြောပလောက်တဲ့ သဘာဝဘေးဒဏ်တစ်ခုသာဖြစ်တယ်ဆိုတာ ပြောချင်လို့ လုပ်ခဲ့ကြတာဖြစ်တယ်ဆိုတာ အားလုံးက သဘောပေါက်လာကြရပါတယ်။

နောက်တစ်ခုအဖြစ်အပျက်က မကွေးတိုင်း တာဝန်ရှိသူတစ်ဦးဟာ စေတုတ္တရာမြို့ ပထမဆုံးဖွင့်လှစ်ဆောင်ရွက်ခဲ့တဲ့ မုန်းချောင်းကူးတံတားထိပ် ညောင်အိုင်ရွာကို ရောက်လာခဲ့ပါတယ်။ အခြွေအရံခြံရံရောက်လာတဲ့ အဲဒီတာဝန်ရှိသူဟာ ယာယီကူညီကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ဇရပ်ထဲ ဝင်လာကြပါတယ်။ ကယ်ဆယ်ရေးစခန်း ခေါင်းဆောင်တွေဖြစ်တဲ့ ဟန်းတော်များနဲ့စကားပြောကြပါတယ်။ ဒီအချိန်မှာ ရဟန်းတော်တွေဟာ ဇရပ်အတွင်းကြမ်းပြင်မှာထိုင်ပြီး စာရင်းဇယားများပြုလုပ်ခြင်းနဲ့ ကူညီကယ်ဆယ်ရေးအလုပ်တွေကို ခေါင်းမဖေါ်စတမ်းလုပ်နေကြတဲ့အချိန််ပါပဲ။ 

ရဟန်းတော်များက ကြမ်းပြင်ပေါ်သည်အတိုင်းထိုင်ပြီး အလုပ်လုပ်နေတဲ့ ဇရပ်ထဲကို အဲဒီ တာဝန်ရှိသူဟာ စီးထားတဲ့ဖိနပ်ကိုပင်လျင် မချွတ်ဘဲ သည်အတိုင်းဝင်လာပြီး ကူညီကယ်ဆယ်ရေးစခန်း ဒီနေရာမှာဖွင့်လှစ်ထားတာဟာ မြို့ထိပ်မှာဖြစ်တာမို့ မြို့ရဲ့ဂုဏ်သိက္ခာကိုထိခိုက်တဲ့အကြောင်းနဲ့ အခု မြို့ထဲက ဘော်လုံးကွင်းမှာ စတင်ဖွင့်လှစ်လိုက်တဲ့ အစိုးရကူညီကယ်ဆယ်ရေးစခန်းနဲ့ သွားရောက်ပူးပေါင်းဆောင်ရွက်ဖို့ ပြောပါတော့တယ်။

အစကတည်းက ကြိုတင်ရိပ်စားထားပြီးဖြစ်တာမို့ ုတံတားထိပ်ကူညီကယ်ဆယ်ရေးစခန်း တာဝန်ရှိသူရဟန်းတော်များကလည်း ဒီကယ်ဆယ်ရေးစခန်းဟာ စေတုတ္တရာရေဘေး ဘယ်အဖွဲ့အစည်းမှကယ်ဆယ်ရေးစခန်းတွေမဖွင့်ခင်အခိိျန်ကတည်းက ဖွင့်လှစ်ကူညီနေတာဖြစ်ကြောင်း၊ ဒီကယ်ဆယ်ရေးစခန်းဟာ စေတုတ္တရာတမြို့တည်းကိုကြည့်ပြီး ဖွင့်ခဲ့တာမဟုတ်ပဲ ဒီဒေသတဝိုက် မုန်းချောင်းဘေး ရေဘေးသင့်တဲ့ကျေးရွာတွေအားလုံးကိုပါ ရည်ရွယ်ချက်ထားပြီးဖွင့်လှစ်ထားရှိတာဖြစ်လို့ ဆက်သွယ်ရေး သယ်ယူပို့ဆောင်ရေးလွယ်ကူအောင် တမင်ပင် သည်နေရာကိုရွေးထားခြင်းဖြစ်ကြောင်း၊ စတင်ဖွင့်လှစ်စဉ်ကတည်းက လက်ရှိအချိန်အထိ အလှူခံရရှိထားသောပစ္စည်းစားရင်း၊ ဖြန့်ဝေကူညီပြီးစာရင်း လက်ကျန်စာရင်း အတိအကျအဆင်သင့်ဖြစ်ကြောင်း ဒါကြောင့်မို့ မြို့ထဲက အစိုးရက အခုမှစတင်ဖွင့်လှစ်တဲ့ကယ်ဆယ်ရေးစခန်းဆီ ရွှေ့ပြောင်းလာဖို့ မလွယ်ကူကြောင်း ပြန်ပြောကြပါတယ်။ 

မကွေးတိုင်း တာဝန်ရှိသူပြန်သွားသွားချင်း ရဟန်းတော်များက လုပ်အားပေးလူငယ်တွေအားလုံးကိုစုဝေးစေပြီး အခြေအနေကိုရှင်းပြရပါတယ်။ အခုဆိုရင် တာဝန်ရှိသူတွေက ဒီစခန်းကိုဖျက်ပြီး မြို့ထဲက အခုမှစဖွင့်တဲ့ ကယ်ဆယ်ရေးစခန်းနဲ့ပေါင်းဖို့ ပြောလာကြောင်း၊ မိမိတို့အနေနဲ့ကတော့ စခန်းဖျက်ဖို့သဘောမတူတဲ့အကြောင်း၊ ဒါကြောင့်မို့ ကျေးရွာအသီးသီးက လာရောက်ဝိုင်းဝန်းကူညီပေးနေကြသူများအနေနဲ့ လုံခြုံမှုမရှိတော့ဘူးလို့ ယူဆရင် ကိုယ့်ရွာကိုကိုယ် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် ပြန်ကြမယ်ဆိုရင် ရဟန်းတော်များအနေနဲ့ သဘောတူပါကြောင်း ရှင်းပြပါတယ်။ လုပ်အားပေးနေကြသူအားလုံးကတော့ မည်သူတစ်ဦးတစ်ယောက်မျှ မပြန်ကြပဲ ကူညီကယ်ဆယ်ရေးအလုပ်တွေ ဆက်လက်ဝန်းရံလုပ်ကိုင်သွားကြဖို့ကိုပဲ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒီအချက်အလက်တွေ ဒီအဖြစ်အပျက်တွေကိုကြည့်ရင် အဲဒီအချိန်က စေတုတ္တရာရေဘေးဒဏ်သင့်ကိစ္စကြီးအပေါ် အဲဒီအချိန်က တိုုင်းပြည်တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုသဘောထားဆောင်ရွက်ခဲ့တယ်ဆိုတာ ခန့်မှန်းလို့သိနိုင်ကြမှာပါ။ 

ကဲ ဒီကနေ့လည်း ဒီနေရာမှာတွင် ခဏရပ်နားကြရပါလိမ့်ဦးမယ်။ နောက်နေ့တွေကြရင်တော့ ဒီအကြောင်းအရာကိုပဲ ဆက်လက်ဆွေးနွေးကြတာပေါ့။
လူငယ်များ ခရီးများများထွက်ကြစေချင်ပါတယ်။ ဒေသန္တရဗဟုသုတ ကြွယ်ဝစေချင်ပါတယ်။ အဲဒီဗဟုသုတများကို မိမိအကျိုး တိုင်းပြည်အကျိုးဆောင်ရွက်နိုင်ကြပါစေလို့ နှိုးဆော်လိုက်ပါတယ်။
 

Mizzima Weekly