သွားပါများခရီးရောက် မေးပါများစကားရ ( ၆ )

သွားပါများခရီးရောက် မေးပါများစကားရ ( ၆ )

စေတုတ္တရာမြို့ဟာ မကွေးတိုင်းအတွင်း အနောက်ရိုးမလို့ခေါ်တဲ့ တောင်တန်းတောင်ကုန်းတွေနီး အနိီးဆုံးမြို့ပါပဲ။ တောင်တန်းတွေရဲ့အခြေမှာရှိတယ်ဆိုပေမယ့် ပင်လယ်ရေမျက်နှာပြင်အမြင့်ကတော့ ပေ ၃၀၀ ကျော်ပဲမြင့်တာပါ။ ဒါပေမယ့် သူ့ဘေးမှာ တောင်တွေ ပတ်ခြာလည်ဝိုင်းနေပြီး အဲဒီတောင်ကုန်းတောင်တန်းတွေနဲ့  မုန်းချောင်းကြားက တစ်ခုတည်းသောမြေပြန့်နေရာလေးမှာ မြို့တည်ထားတာပါ။

ဒီလိုနေရာလေးမှာ မုန်းချောင်းကြီးကို တမံတုတ်ပြီး မုန်းဆယ်ကြီးတစ်ခုတည်ခဲ့ပါတယ်။ နွားမတောင်နဲ့ ဖိုးကေတောင်ဆက်စပ်ရာမှာ တမံတုတ်ပြီး မုန်းဆည်ကြီးတည်ခဲ့ပါတယ်။ ဆည်ကြီးတည်ဆောက်စဉ်က ကျေးရွာ ၃၀ ကျော် အဓမ္မပြောင်းရွှေ့ခံကြရပါတယ်။ ပြောင်းရွှေ့ခံကြရတဲ့ ရွာတွေ ချင်းလူမျိုးများနေထိုင်ကြပြီး မူလရွာနေရာဟောင်းဝန်းကျင်က လယ်ယာကိုင်းခုံအားလုံး ဘုန်းတော်ကြီးကျောင်းနဲ့ စာသင်ကျောင်းတွေလည်း ရေအောက်ရောက်ကြရပါတယ်။ အခုထက်ထိ ရေအောက်ရောက်ရတဲ့ စေတီပုထိုးတချို့ရဲ့ ဘုရားထီးတော်များ ရေပေါ်မှာ မြင်နေကြရဆဲပါပဲ။

အခု စေတုတ္တရာရေကြီးရခြင်းရဲ့ အဓိကလက်သည်တရားခံက မုန်းဆည်ကြီးကို မိုးများစဉ် တမံရေကျော်လုအထိ ရေကိုထိန်းထားလို့ ပြီးတော့ အောက်ဘက်က ကြီးအုံကြီးဝဆည်ကိုလည်း ဖေါက်မချလို့ ချောင်းရေတန့်ပြီး စေတုတ္တရာမြို့ ရေကြီးခဲ့ရတာဖြစ်တယ်လို့ ဒေသခံများက ယုံကြည့်ကြတွက်ချက် စဉ်းစားကြပါတယ်။ ဒီစကားသာမှန်တယ်ဆိုရင် ဒီနေရာမှာ ဆည်ကြီးတွေဆောက်ဖို့ စတင်ပြင်ဆင်စဉ်က ဒီဆည်ကြီးတွေ ဘာ့ကြောင့်ဆောက်ရတာလဲ၊ ဒီဆည်ကြီးတွေဆောက်လိုက်လို့ ရရှိလာမယ့်အကျိုးအပြစ်၊ အစရှိတဲ့တွက်ချက်မှုတွေကို တာဝန်ရှိသူတွေက မတွက်ချက်မစဉ်းစားခဲ့ကြဘူးလား။ အထူးသဖြင့် စေတုတ္တရာမြို့ကလေးရဲ့အထက် ၁ မိုင်သာသာလောက်မှာ ဆည်ကြီးတည်လိုက်ရင် တမံကြီးနဲ့ကပ်လျက် အောက်ဘက်က စေတုတ္တရာမြို့ကလေး အတွက် ရေရှည်မှာ အန္တရယ်ရှိ မရှိ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ဘူးလား၊ အကယ်၍ မြေငလျင်ကြောင့်ဖြစ်စေ အခြားမမျှော်လင့်တဲ့ သဘာဝဘေးကြောင့်ဖြစ်စေ ဒီဆည်ကြီးကျိုးပေါက်သွားခဲ့ရင် ဒီစေတ္တရာကလေး မိနစ်ပိုင်းအတွင်း ရေအောက် ရောက်သွားနိုင်တယ်ဆိုတာကိုရော တာဝန်ရှိသူတွေက ထည့်သွင်းမစဉ်းခဲ့ကြဘူးလား…..။ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ လောလောဆည်မှာတွင် ဒီဆည်ကြီးကြောင့် မုန့်ချောင်းရေကြီးလို့ စေတုတ္တရာမြို့ကလေး ရေဘေးနဲ့ကြုံလိုက်ရပြီပဲ။

ကျနော်အစပိုင်းကပြောခဲ့တာရှိပါတယ်။ စေတတုတ္တရာမြို့ကလေး ရေဘေးသင့်တဲ့ကိစ္စဟာ ရုပ်ရှင်ရိုက်မယ်ဆိုရင် အလွန်စိတ်ဝင်စားစရာဇာတ်လမ်းတစ်ခုဖြစ်လာနိုင်တယ်လို့ ကျနော်ပြောခဲ့တာပါ။ ပြန်စဉ်းစားကြည့်ရင် တကယ်လည်း ဒီမြို့ကလေးရဲ့ရေဘေးသင့်ဖြစ်စဉ်ဟာ သဲထိတ်ရင်ဖိုစရာကောင်းတာ ငြင်းနိုင်မယ်မထင်ပါဘူး။

၂၀၁၅ မေလအလည်လောက်ကစပြီး မိုးအဆက်မပြတ်ရွာလို့ မုန်းချောင်းတမံကြီး ရေတွေပြည့်လာခဲ့ပါတယ်။ ဒီကြားထဲ မုန်းချောင်းထဲစီးဝင်တဲ့ ဆင်မြီးချောင်းလို ချောင်းငယ်တွေကလည်း စေတုတ္တရာပတ်လည် တောင်ကုန်းတောင်တန်းတွေကပဲ ဆင်းလာကြတာဆိုတော့ တောင်ပတ်လည်ဝိုင်းနေတဲ့ ဒီမြို့ကလေးဟာ ရေအားလုံးစုဝေးလာရာနေရာဖြစ်လာခဲ့ပါတယ်။ အဲသလိုနဲ့ တပါတ်ခန့် မိုးအဆက်မပြတ် တပါတ်ခန့်ရွာတဲ့အခါ မုန်းတမံကြီး ရေကျော်ကျတော့အန္တရယ်က ခြိမ်းခြောက်လာပါတော့မယ်။ တမံကျိုးကျတော့မယ်ဆိုတဲ့သတင်းတွေလည်း တောမီးလိုပျံ့နှံ့လာခဲ့ပြီး မြို့လူထုဟာ ဘာလုပ်ရမှန်းမသိအောင် ပူပင်သောကရောက်လာပါတယ်။ ဒီကြားထဲ နေရောင်မပွင့်အောင် မိုးတွေအဆက်မပြတ်ရွာ၊ မုန်းမြို့ကလေးနဲ့ ပြင်ပကမ္ဘာနဲ့ ဆက်သွယ်လို့့ရတဲ့ တစ်ခုတည်းသော ကုန်းလမ်းကလည်း လမ်းမှာ တောင်ကျရေပြင်းလို့ ကားတွေဖြတ်ကူးလို့မရဖြစ်လာပါတယ်။ အဆိုးရွားဆုံးပြဿနာကတော့ မြို့ကလေးရဲ့ထိပ် မြို့နဲ့ပြင်ပကမ္ဘာဆက်သွယ်လိ့ရတဲ့ တစ်ခုတည်းသော မုန်းချောင်းတံတား ကြမ်းပြင်နဲ့ရေပြင် ထိလုမတတ်ဖြစ်လာနေပြီဆိုတဲ့သတင်းက တမြို့လုံးကို တုန်လှုပ်ခြောက်ခြားစေပြီး လူတွေ ဆောက်တည်ရာမရ ဖြစ်ကုန်ကြပါတယ်။ နောက်တော့ အဲဒီ မုန်းချောင်းတံတားကြီးဟာ ရေအောက်ကိုရောက်သွားပါတော့မယ်။ အဲဒီအချိန်မှာတော့ စေတုတ္တရာမြို့ကလေးဟာ မိုးမှောင်ကြီးအောက် ပြင်ပကမ္ဘာနဲ့ ကုန်းလမ်းဆက်သွယ်မှုမှန်သမျှ လုုံးဝပြတ်တောက်သွားပါတော့တယ်။ မြို့ကလေးရဲ့လူတချို့နဲ့သာ တယ်လီဖုန်းအပြန်အလှန်ဆက်သွယ်လို့ ရပါတော့တယ်။ ဒါလည်း မကြာလိုက်ပါဘူး။ သုံရက်မြောက်မှာတော့ မြို့ကလေးရဲ့အစိုးရဆက်သွယ်ရေးရုံးအပါအဝင် တယ်လီဖုန်းလိုင်းအားလုံးလည်း လုံးဝပြတ်တောက် သွားပါတော့တယ်။ စေတုတ္တရာမြို့ကလေးဟာ မိုးမှောင်ကြီးကျနေစဉ် မိုးတွေအဆက်မပြတ်ရွာသွန်းနေတဲ့ အောက်မှာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ရပါတယ်။ မြို့သူမြို့သားတွေဟာ မိုးတွေအဆက်မပြတ်ရွာ မိုးမှောင်ကြီးကျ မုန်းတမံကြီးရေကျော်လုမတတ် ဖြစ်လာနေတဲ့အချိန် အသက်ကြီးသူနဲ့ ကလေးတွေကို မိုးတွေလေတွေကြားကပဲ ကုန်းမြင့်ရာနေရာတွေ စတင်ပို့ထားကြရပါတယ်။  နောက်တစ်ရက်မှာတော့ စေတုတ္တရာတမြို့လုံးနီးပါး ရေတွေဝင်လာခဲ့ပါတယ်ဒ တအိမ်မကျန် တောင်ကုန်းတွေပေါ် အထုပ်ပိုက်ပြိး တိမ်ရှောင်ကြရပါတော့တယ်။ စတုတ္တရာမြို့ကလေး ပြင်ပကမ္ဘာကြီးနဲ့ လုံးဝအဆက်အသွယ်ပြတ်တောက်သွားပြီဆိုတဲ့သတင်းကလည်း တနိုင်ငံလုံးကို ရိုက်ခတ်သွားခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အလျင်အမြန်ဆောင်ရွက်နိုင်ဖို့ အပူတပြင်းပြင်ဆင်ကြရပါတယ်။

အဲဒီလိုအချိန်မှာ လူမှုဝန်ထမ်းစိတ်ရှိပြီး ကိုယ့်ဒေသကို ချစ်မြတ်နိုးစိတ်ရှိသူ စေတုတ္တရာသား လူငယ်တစ်ယောက်ဟာ ကန်ပြားရွာကိုရောက်လာခဲ့ပါတယ်။ သူဟာ မကွေးမြို့ကတဆင့် ဆိုင်ကယ်စီးပြီး ကန်ပြားရွာအထိရောက်လာပေမယ့် ရှေ့ဆက်သွားလို့မရဖြစ်နေပါသေးတယ်။ ကန်ပြားရွာနဲ့ စေတုတ္တရာမြို့ထိပ် မုန်းတံတားကြီးကြားမှာ တောင်ကျရေအားကြီးနေလို့ ဘယ်သူဘယ်ကားမှဖြတ်ကူးလို့မရဖြစ်နေပါသေးတယ်။ သူဟာ စေတုတ္တရာမြို့ရဲ့နောက်ဆုံးအခြေအနေကို ကမ္ဘာကြီးသိအောင် ၂၄ နာရီလုံးလုံး တယ်လီဖုန်းနဲ့ ဆက်သွယ်ရှင်းပြနေခဲ့ပါတယ်။  နောက်တော့ မဖြစ်မနေ သက်စွန့်ကျိုးပမ်း ဖြတ်သန်းပြီ စေတုတ္တရာမြို့ မုန်းချောင်းကူးတံတားကြီးရဲ့ဒီဘက်ထိပ် ညောင်အိုင်ရွာကို ရောက်လာခဲ့ပါတယ်။ ဒါပေမယ့်မည်း ချောင်းကူးတံတားကြီးက လက်ရမ်းတိုင်တွေဘောင်တွေသာ ရေပေါ်မှာမြင်နေရသေးတာမို့ ရုတ်တရက်ကူးလို့မရပြန်ပါဘူး။

နောက်တနေ့မနက်မှာတော့ ရေးစီးသန်ပြီး ဒိုက်တွေတုံးတွေဒလဟောမြောပါလာနေတဲ့ မုန်းချောင်းကြီးကိုဖြတ်ပြီး လိုက်ပို့ရဲသူ စက်လှေသမားတစ်ဦးပေါ်လာခဲ့ပြီး ဒေသခံရဟန်းနဲ့ အဆိုပါလူငယ်ဟာ မုန်းချောင်းကို သက်စွန့်ဆံဖျား ကူခဲ့ကြပါတယ်။ ရေဘေးသင့်နေတဲ့ စေတုတ္တရာမြို့ကလေးနား အောင်မြင်စွာကပ်လာနိုင်ခဲ့ကြပါတယ်။ အဲဒါဟာဖြင့် ကမ္ဘာကြီးနဲ့ သုံးရက်ခန့် အဆက်အသွယ်ပြတ်တောက်သွားတဲ့ စေတုတ္တရာမြို့ကလေး ပြင်ပကမ္ဘာကြီးနဲ့ ပထမဦးဆုံး ပြန်လည်ဆက်သွယ်မိသွားတဲ့ အဖြစ်အပျက်ပါပဲ။

ကဲ ဒီနေရာမှာတော့ စေတုတ္တရာမြို့ကလေး စိတ်လှုပ်ရှားဖွယ် ထိတ်လန့်ဖွယ် ရေဘေးကျရောက်ခဲ့တာကို ခဏရပ်နားရပါဦးမယ်။ နောက်နေ့တွေမှာ ဆက်ပြီးပြောပြပါဦးမယ်။

လူငယ်များ ခရီးများများထွက်ပြီး ဒေသန္တရဗဟုသုတကြွယ်ဝပြီး ကိုယ့်ဒေသကိုယ့်နိုင်ငံ ပြန်လည်အလုပ်အကြွေးပြုနိုင်ကြပါစေ။

Mizzima Weekly