သွားပါများခရီးရောက် မေးပါများစကားရ ( ၅ )

သွားပါများခရီးရောက် မေးပါများစကားရ ( ၅ )

ညတုန်းက တော်တော်နဲ့အိပ်ရာမဝင်ခဲ့ပါဘူး။ တောင်ကုန်းပေါ်က ဇရပ်မှာ ကူညီကယ်ဆယ်ရေးစခန်းဖွင့်ထားတဲ့ ဦးဇင်းတွေ လူငယ်တွေနဲ့ ထိုင်ပြီး စေတု္တရာ ရေကြီးတဲ့သတင်းတွေနားထောင်နေခဲ့တာမို့ ညဉ့်နက်မှပဲ အိပ်ရာဝင်ပါတယ်။ အိပ်ရာဝင်တယ်ဆိုပေမယ့်လည်း အိပ်ရာရယ်လို့တော့မဟုတ်ပါဘူး။ အလှူခံရရှိထားတဲ့ ဆန်အိတ်တွေ ပစ္စည်းပစ္စယတွေကြား ဝင်အိပ်တာပါ။ ပထမ လူသွားလမ်းလုပ်ထားတဲ့ သံမံတလင်းပေါ် အိပ်ဖို့လုပ်ပေမယ့် လေကလည်းတိုက် သံမံတလင်းကလည်းအေးတာမို့ ဆန်အိတ်တွေပေါ် နေရာပြောင်းပြီး အိပ်ခဲ့ပါတယ်။ အိပ်ရာမဝင်ခင် ကုန်းတော်အစွန်းဘက်ထွက် မုန်းချောင်းကြီးကိုကျော်ပြီး မီးကလေးမှိတ်တုတ်မှိတ်တုတ်ဖြစ်နေတဲ့ စေတုတ္တရာမြို့ကလေးဆီခဏတော့ ငေးကြည့်ခဲ့ပါသေးတယ်။

ညက ကြားခဲ့ရတဲ့သတင်းအရ မုန်းချောင်းကူးတံတားကြီး ရေအောက်ကို သုံးရက်လုံးလုံး ရောက်သွားခဲ့တာသိခဲ့လို့ အိပ်ရာကနိုးနိုးချင်း တံတားကြီးကိုလှမ်းကြည့်လို့ရတဲ့ တောင်ကုန်းအစွန်းဆီ  ထွက်ကြည့်ပါတယ်။ တံတားကြီးကတော့ စေတုတ္တရာမြို့ကလေးဆိီ ခေါင်းကိုအနည်းငယ်ကွေ့ထားပြီး ဒေါသမပြေချင်သေးတဲ့ မုန်းချောင်းပေါ် တည်ငြိမ်လှပနေတာ တွေ့ရပါတယ်။ တံတားက သံဘောင်သံခင်း အုတ်တိုင်ဖြစ်ပါတယ်။ တံတားနဲ့ အုတ်တိုင်ထိတဲ့နေရာတွေမှာ အမှိုက်တွေ ထင်းတွေ ငြိနေသးတာ မြင်ရပါသေးတယ်။

ချက်ချင်းဆိုသလိုပဲ စက်လှေတချို့ တောင်ကုန်းအောက်ကိုရောက်လာပါတယ်။ ညကတည်းက ကျနော်တို့အရင်ရောက်နှင့်နေတဲ့ ကူညီကယ်ဆယ်ရေးကုန်ကားကြီးပေါ်က ကယ်ဆယ်ရေးပစ္စည်းတွေ ၀ိုင်းချနေကြပါတယ်။ မိုးလင်းလာတာနဲ့တပြိုင်နက် အနယ်နယ်အရပ်ရပ်က နောက်ထပ် ကူညီရေးကားတွေလည်း ရောက်လာကြပါတယ်။

ကျနော်တို့အဖွဲ့ခေါင်းဆောင် ကပ်ကျော်ဆရာတော်ဘုရားက ပစ္စည်းတွေချပြီးတဲ့အခါ မကွေးကိုပြန်ဖို့ စီစဉ်ပါတယ်။ ကျနော်ကတော့ အခြေအနေပေးရင် ပေးသလောက် စေတုတ္တရာမှာနေခဲ့ချင်တာမို့ ဆရာတော်ကိုလျှောက်ထားပြီး ပြန်မလိုက်ပဲ အဲဒီကူညီကယ်ဆယ်ရေးစခန်းမှာပဲ ၀ိုင်းကူလုပ်ရင်း နေခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးစခန်းက ဆရာတော်ဘုရားနဲ့ လူငယ်တွေကလည်း ကျနော် ပြန်မလိုက်သေးဘူးဆိုလို့ အားရဝမ်းသာစွာပဲ သဘောတူကြ အားရှိသွားကြပုံရပါတယ်။ ဒါပေမယ့် ကျနော့်ကို ကူညီကယ်ဆယ်ရေးအလုပ်မှာ အချိန်မပေးဘဲ လေ့လာရေးကိုပဲ ဦးစားပေးပြီးလုပ်ဖို့နဲ့ လိုအပ်တဲ့အကူအညီကိုလည်း လိုအပ်သလိုကူညီကြမယ့်အကြောင်း ၀ိုင်းပြောကြပါတယ်။

မနက် ကိုးနာရီလောက်မှာ ရေမွန်းပြေဟန်မတူသေးတဲ့ မုန်းချောင်းကူးတံတားကြီးပေါ် ခြေလျင်ဖြတ်ပြီး စေတုတ္တရာမြို့ကလေးဆီ ကျနော်လမ်းလျှောက်လာခဲ့ပါတယ်။ ကူညီကယ်ဆယ်ရေးကား သုံးလေးစီး တံတားဟိုဘက်ထိပ် လမ်းဘေးမှာရပ်ထားပါတယ်။ ရေဘေးကြုံတွေ့နေရတဲ့ ကျေးရွာတချို့ကလူတွေနဲ့ လမ်းဘေးမှာပဲ တိိုင်ပင်ဆွေးနွေးနေကြပါတယ်။

စေတုတ္တရာမြို့ဝင်လမ်း လမ်းဘေးနှစ်ချက်မှာရှိတဲ့ သစ်ပင်ဟူသမျှမှာ ခြုံနွယ်တွေ သစ်ကိုင်းတွေ ငြိတွယ်နေပါသေးတယ်။ လမ်းမပေါ်ကလွဲပြီး လမ်းဘေးနှစ်ဘက်မှာတော့ ရွှံ့နှစ်တွေ သိတ်မခြောက်သေးပါဘူး။ လမ်းတလျောက် လူတွေမပြတ်တွေ့ရပါတယ်။ ကုန်ကားကြီးတချို့ ရှောင်စရာနေရာမရှိလို့ ဒီအတိုင်း လမ်းဘေးရွှ့ံတွေပေါ်သွားရပ်ပြီး ရှောင်ခဲ့ရပါတယ်။

မြို့အဝင်မှာ အထက်တန်းကျောင်းရှိပါတယ်။ ကျောင်းဝင်းတခုလုံး ရွှံရေအိုင်ကြီးဖြစ်နေပါသေးတယ်။ မြေစိုက်ကျောင်းဟာ ခေါင်မိုးရောက်တဲ့အထိ ရေကြီးခဲ့ဟန်တူပါတယ်။ ကျောင်းဆောင်တစ်ခုလုံး ရွှံ့တွေ အမှိုက်တွေ ပေကျံကပ်ညိရှိနေပါတယ်။ ကျောင်းပိတ်ထားရတ ကိုးရက်ရှိပြီလို့သိရပါတယ်။ မြို့အဝင်ထိပ်မှာရှိတဲ့ရပ်ကွက်ဟာ အနိမ့်ဆုံးအပိုင်းလည်းဖြစ်တာမို့ အိမ်တိုင်းလိုလို ခေါင်မိုးကျော်တဲ့အထိ ရေမြုပ်ခဲ့ပါတယ်။ တချို့တဲအိမ်တွေ ဖရိုမရဲပြိုလဲနေတာ ယိုင်နေရွဲ့နေတာကိုလည်းတွေ့ရပါတယ်။ တချို့ နှစ်ထပ်အိမ်တွေဖြစ်သည့်တိုင် အိမ်ပြူတင်းပေါက်တွေ သက်ကယ်အမိုးတွေမှာ ရေရောက်ထားတဲ့ အထင်းရာတွေ ရှိနေပါသေးတယ်။ စေတုတ္တရာမြို့နေလူအားလုံးနီးပါး နီးစပ်ရာကုန်းမြင့်တွေဆီ ပြောင်းရွှေ့နေကြရတာ ငါးရက်လောက်ရှိပြီလို့ဆိုပါတယ်။ အခုတော့ အမြင့်ပိုင်းက အိမ်တွေဆီ အိမ်ရှင်တွေပြန်ရောက်လာကြပြီ အိမ်သန့်ရှင်းရေးတွေလုပ်နေကြရပါပြိီ။

မြို့ထဲဝင်လာတဲ့အခါ မြို့လည်လမ်းတစ်ခုတည်းပဲ ရွှံ့နွံတွေဖယ်ရှားထားပြီးဖြစ်လို့ ကားတွေလူတွေ ဥဒဟိုသွားလာနေကြပေမယ့် မြို့တွင်းလမ်းတွေကတော့ တစ်ခုမှ သန့်ရှင်းလို့မရသေးဘူးလို့သိရပါတယ်။ တခြားမြို့ပတ်လမ်းလည်းမရှိတော့ ဒီမြို့လည်လမ်းကိုပဲ လောလောဆယ် အသုံးပြုနေကြရပါတယ်။ လမ်းက နဂိုကတည်းက လမ်းကခတ်ကျဉ်းကျဉ်းမို့ လမ်းမလွတ်ရင်  ကားတွေလူတွေက လမ်းဘေး ရွှံ့နွံတွေထဲပဲဆင်းရှောင်ကြရပါတယ်။

မြို့လည်ခေါင်လမ်းအတိုင်း လျှောက်လာရင်းက စေတုတ္တရာမြို့ကလေး ရေဘေးသင့်တဲ့ဇတ်လမ်းကို ပြန်တွေ့မိပြန်ပါတယ်။ အဲဒီတော့လည်း ဒီမြို့ကလေးကြုံတွေ့ခဲ့ရတဲ့ သဘာဝဘေးကြီးနဲ့ လတ်တလောခံစားနေရတဲ့ ဒုက္ခဟာ အင်မတန်ကြီးမားပြင်းထန်ပါလားဆိုတာ သိလာရပါတယ်။ ညတုန်းက အိပ်ရာမဝင်ခင် ဒေသခံလူငယ်တချို့ပြောပြတဲ့စကား နားထောင်ခဲ့ရစဉ်ကတည်းက စေတုတ္တရာမြို့ ရေဘေးသင့်ဇာတ်လမ်းဟာ ရုပ်ရှင်ရိုက်ရင်တောင်ကောင်းမယ့်ဇာတ်လမ်းပါလားလို့လည်း သွားတွေးလိုက်မိပါသေးတယ်။

ဒီနေရာမှာ တချက်သွားတွေးမိတဲ့အချက်က စေတုတ္တရာမြို့လေး ရေဘေးသင့်တာဟာ မုန်းချောင်းကြီးကြောင့်ပဲလား၊ ဒါမှမဟုတ် ဒေသခံတချို့ အပြင်အထန်ပြန်ပြောနေကြတဲ့ မုန်းရေလှောင်တမံကြီးနဲ့ အောက်ဘက်မှာရှိတဲ့ ကြီးအုံကြီးဝ ရေလှောင်တမံတွေကြောင့် မကြီးသင့်ဘဲ ရေကြီးခဲ့ရတာဆိုတဲ့အချက်ကို သွားတွေးမိပြန်ပါတယ်။ ဒါကလည်း ဘာ့ကြောင့် ရေကြီးခဲ့ရသလဲဆိုတဲ့ အဖြေကိုရှာတဲ့အခါ ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ချက်ဖြစ်တယ်ဆိုတာ အသေအချာပါပဲ။ တကယ်တော့ အခုလိုရေကြီးတဲ့အဖြစ်ဟာ လွန်ခဲ့တဲ့နှစ်ငါးဆယ်တစ်ရာအတွင်း မကြုံဘူးသေးတဲ့ ရေကြီးမှုဖြစ်တဲ့အပြင် နောက်နှစ်တွေမှာလည်း ဒီလိုပဲ ရေမကြီးဘူး ရေကြီးမယ်ဆိုတဲ့ကိစ္စက အဖြေအတိအကျပြောလို့မရနိုင်တော့ အခြေအနေမှာ ဒီမြို့ကလေး ဘာ့ကြောင့်ရေကြီးခဲ့ရတယ်ဆိုတဲ့အဖြေ မှန်မှန်ကန်ကန်မသိမချင်း ဒီမြို့ကလူတွေ နောက်နှစ်ဒီလိုအချိန်မှာ ခေါင်းပြားအောင်အိပ်လို့မရနိုင်တဲ့ ပြဿနာကြီးတစ်ခုပါပဲ။

ဒါကြောင့်မို့ ဘာ့ကြောင့် အခုလိုရေကြီးခဲ့ရတယ် နောင်နှစ်မှာ နောက်ထပ်ရေမကြီးအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေးကို ဒီမြို့သားတွေဟာ မရှင်းမလင်းနဲ့ပဲ ဆက်လက်နေထိုင်နေကြရတဲ့ ဘဝပါလားလို့တွေးတဲ့အခါ ကိုယ်ချင်းစာစိတ်နဲ့ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ကဲ ဒီကနေ့လည်း ဒီနေရာမှာ ခဏရပ်နားလိုက်ကြရအောင်ပါ။

နောက်နေ့တွေမှာ ကျနော်တို့ ပြန်ဆုံကြသေးတာပေါ့။ စေတုတ္တရာမြို့ကလေးအကြောင်း ဆက်ပြောကြသေးတာပေါ့။

လူငယ်များ ခရီးများများထွက်နိုင်ကြပါစေ။ ဒေသန္တရဗဟုသုတ ကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly