နှစ် ၈၀၀ ကျော်သက်တမ်းရှိ တနင်္သာရီရိုးရာနဂါးလှေ နှစ်စဉ်ကျင်းပနိုင်ရေးကို ထောက်ပံ့မှုများ လိုအပ်နေ

နှစ် ၈၀၀ ကျော်သက်တမ်းရှိ တနင်္သာရီရိုးရာနဂါးလှေ နှစ်စဉ်ကျင်းပနိုင်ရေးကို ထောက်ပံ့မှုများ လိုအပ်နေ

မြိတ်၊ အောက်တိုဘာလ ၃၀ ။           ။ တနင်္သာရီမြို့မှာ နှစ် ၈၀၀ ကျော် သက်တမ်းရှိတဲ့ ရိုးရာ နဂါးလှေ လှော်ပွဲကို မြို့ခံတွေက စုပေါင်း ထည့်ဝင်ငွေနဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေနဲ့ နှစ်စဉ် ကျင်းပနေရတဲ့ ရိုးရာပွဲတစ်ခုကို ရေရှည်ရပ်တည်နိုင်ဖို့နဲ့ ကျန်ရှိနေတဲ့ လှေတွေကို ထိန်းသိမ်းနိုင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကူညီထောက်ပံ့မှုတွေ အမှန်တကယ် လိုအပ်နေပြီလို့ ပွဲစီစဉ်သူတွေ ပြောဆိုလိုက်ပါတယ်။

ရိုးရာနဂါးလှေလှော်ခတ်ပွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ ၈၆၅ နှစ်မြောက် အလှပြ လှေတော် လှော်ခတ်ပွဲကို တနင်္သာရီမြို့ရဲ့ မြစ်အတွင်းမှာ စည်းကားသိုက်မြိုက်စွာကျင်းခဲ့တယ်လို့ တနင်္သာရီစာပေနှင့် ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ထံမှ သိရပါတယ်။

တနင်္သာရီမြို့နယ်၊ တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်စိုးက “နှစ်စဉ် ကျင်းပလာ နေတဲ့ ကျွန်တော်တို့ရဲ့ ရိုးရာနဂါးလှေလှော်ပွဲမှာ အခုချိန်အထိ နိုင်ငံတော်က ထောက်ပံ့ပေးနေတာ မရှိသေးဘူး၊ ဒီလိုပဲ ဒေသခံတွေနဲ့ အလှူရှင်တွေနဲ့ အရပ်ဘက်အဖွဲ့စည်းတွေက မတည်ငွေတွေနဲ့ပဲ ဦးစီးပြီး ကျင်းပလာခဲ့တာ ဖြစ်တယ် ” လို့ ဆိုပါတယ်။

ရှေးယခင်က နှစ်ပေါင်းများစွာ တနင်္သာရီ မြစ်ကြောင်းတစ်လျှောက်မှာ မင်းညီမင်းသားများနဲ့ မြစ်ကမ်း တစ်လျှောက်မှာ နေထိုင်သော လူမျိုးများက  ရွာအများစုက နဂါးလှေအစီးရေပေါင်းများစွာနဲ့ ရေသဘင်ခင်း အလှလှော်ခတ်ပွဲနှင့် ပြိုင်ပွဲများကို ကျင်းပလာခဲ့ခြင်း ဖြစ်တယ်လို့လည်းကောင်း နဂါးလှေ သမိုင်းနောက်ခံမှတ်တမ်းအရ သိရတာပါ။

လက်ရှိမှာတော့ တနင်္သာရီမြို့နယ်တွင် နှစ်ပေါင်း ၆၀ မှ ၈၀ နီးပါးအထိ သက်တမ်းရှိ နဂါးလှေ ၃ စီး၊ ၅ မှ ၁၀ နှစ် အထိ ၃ စီး ရှိပြီး၊ ဒီလှေတွေကို လယ်သစ်ကျေးရွာမှာ ၄ စီးနှင့် မြို့ပေါ်၌ ၂ စီး တို့ကို ထိန်းသိမ်းထားတယ် လို့ တနင်္သာရီစာပေနှင့် ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ထံမှ သိရပါတယ်။

“ရှိနေတဲ့ လှေတွေကတချို့ဆိုလျှင် သက်တမ်းရာဂဏန်း ပြည့်ကာနီးနေပြီ၊ နောက်ထပ်လည်း ဒီလိုမျိုး နဂါးလှေ ၁ စီး ထပ်ရဖို့ဆိုတာ မလွယ်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ အခုချိန်မှာ သစ်တောတွေ ပြုန်းတီးလာနေပြီး၊ လှေ ၁ စီးကို ထွင်းထုနိုင်တဲ့ သစ်အမျိုးအစား အလုံးပတ်က မရှိသလောက်ကို ရှားပါးနေလို့ ဖြစ်တယ်”လို့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်စိုးက ထပ်ရှင်းပြပါတယ်။

အစိုးရထောက်ပံ့မှု မရှိတဲ့ ရိုးရာနဂါးလှေလှော်ပွဲကို အစိုးရမှ ထောက်ပံ့မှုပေးလာအောင် လာမဲ့နှစ်များအတွင်း တနင်္သာရီမြို့မှ လွှတ်တော်ကိုယ်စားလှယ်တစ်ချို့ကလည်း ကြိုးစားပေးသွားမည်ဟုလည်း ပွဲတော်ကျင်းနေတဲ့ နေ့မှာ သတင်း မီဒီယာတွေကို ပြောဆိုပါတယ်။

တနင်္သာရီစာပေနှင့်ယဉ်ကျေးမှုအမွေနှစ်ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာ နေရွှမ်းဦး က “ငွေရေးကြေးရေး အခက်အခဲကတော့ ရှိနေပါတယ်၊ အဓိက ကတော့ ထောက်ပံ့ပေးဖို့ လိုပါတယ်၊ ကျွန်တော်တို့ကလည်း ဒီတနင်္သာရီတိုင်းအတွက်ရော မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ မေတ္တာတရား ခံယူချင်တာပါ၊ ဒါက ဘာလဲဆိုတော့ အကုန်လုံး တန်းတူအခွင့်အရေးဆိုတာ ကျွန်တော်တို့ တိုင်းဒေသအတွင်းမှာရှိတဲ့ တနင်္သာရီတိုင်းရဲ့ တကယ်ကို ယဉ်ကျေးမှုပြယုဂ်အနေဖြင့် နှစ်ပေါင်းများစွာ ကြာရှည်စွာပဲ တည်လာတဲ့ ရိုးရာပွဲ ဖြစ်တယ်၊ ဒါကို တိုင်းဒေသကြီးမှ အစိုးရက ဖော်ထုတ်ပေးဖို့ အရမ်း အရေးကြီးသလို ထောက်ပံ့ပေးဖို့ကိုလည်း လိုနေပါတယ်၊ လက်ရှိ တိုင်းအတွင်းမှာ ကျင်းပနေတဲ့ သပိတ်မျှောပွဲ တွေ ကျင်းပနေသလိုမျိုး ကျွန်တော်တို့ဒေသထဲမှာရှိတဲ့ သက်တမ်းရှည်နဂါးလှေပွဲလေးကို တိုင်းဒေသကြီးရဲ့ ယဉ်ကျေးမှု အမွေနစ်တစ်ခု အဖြစ် ဖော်ထုတ် ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်”လို့ ပြောပါတယ်။

Mizzima Weekly