အီးယူမှ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပိတ်သိမ်းမည်ဆိုသည့်အပေါ် အစိုးရမှ ဖြေရှင်းနိုင်ရန်ဆောင်ရွက်နေ

အီးယူမှ ကုန်သွယ်ခွန်ကင်းလွတ်ခွင့် ပိတ်သိမ်းမည်ဆိုသည့်အပေါ် အစိုးရမှ ဖြေရှင်းနိုင်ရန်ဆောင်ရွက်နေ

နေပြည်တော်၊ အောက်တိုဘာ ၃၀ ။           ။ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP)ကို ပိတ်သိမ်းရန် စုံစမ်းစစ်ဆေးမည်ဆိုသော ဥရောပသမဂ္ဂ အီးယူ၏ ကြေညာမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးနှင့် ပူးပေါင်းကာ ဖြေရှင်းနိုင်ရန် ဆောင်ရွက်နေကြောင်း အလုပ်သမားနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“အဲ့ဒီတော့ သူတို့ သတ်မှတ်ထားတဲ့အချက်အလက်တွေ ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကို ကိုယ့်ဘက် က ရှင်းပြဖို့့ပဲ ဖြစ်ပါတယ်” ဟု ဦးသိန်းဆွေက ပြောကြားသည်။

ယနေ့ အောက်တိုဘာ ၃၁ရက်နေ့က နေပြည်တော်ရှိ M-Gallery ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ တွင်း အလုပ်တွင် ထိခိုက်မှုဆိုင်ရာ အသိအမြင်ဗဟုသုတမျှဝေရေး အလုပ်ရုံဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုကို ၄င်းက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေကို မျက်ကွယ်ပြုထားသည်ဆိုသည့်အချက်နှင့် အီးယူမှ စေလွှတ်ထားသည့် လေ့လာရေးအဖွဲ့ ရောက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာလ ၂၉ ရက် က ရန်ကုန်မြို့တွင် အလုပ်သမား အဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့အစည်းများနှင့် တွေ့ဆုံခဲ့ပြီး ယနေ့ အောက်တိုဘာလ ၃၀ တွင် သက်ဆိုင်ရာဝန်ကြီးဌာနအချို့၊ ILO မှ အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP) ဆိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်လာရေးအတွက် အီးယူသည် ၂၀၁၃ ၌  မြန်မာပို့ကုန်များကို ကုန်သွယ်ခွန်ကောက်ခံခြင်းကနေ ဖယ်ရှားပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံကနေ အီးယူသို့ အထည်ချုပ်လုပ်ငန်းများ အများဆုံး တင်ပို့လုပ်ကိုင်နေပြီး H&M ၊ Adidas အမှတ် တံဆိပ်လုပ်ငန်းများ ပါဝင်ကာ ရေထွက်ကုန်လုပ်ငန်းများလည်း ပါဝင်နေသည်ဟု အထည်ချုပ်လုပ်ငန်း အချက်အလက်များအရ သိရသည်။

နိုင်ငံတကာ ရေးရာ အဖွဲ့၊ ကုန်သွယ်ရေးရာအဖွဲ့နှင့် အလုပ်သမားအရေး ဆောင်ရွက်နေသည့်အဖွဲ့များပါဝင်သည့် အဆိုပါ EU လေ့လာရေးအဖွဲ့သည် လာမည့် နိုဝင်ဘာလ ၃၁ ရက်နေ့တွင် အလုပ်သမားဝန်ကြီးဌာနနှင့် တွေ့ဆုံသွားမည် ဖြစ်သည်။

 “ဒီကိစ္စကလည်းပဲ နောက်ထပ် ရှစ်လ၊ တစ်နှစ်လောက် ကြာဦးမှာပါ။ ကြာပြီးမှပဲ အကောင် အထည်ဖော်မှာ ဖြစ်တဲ့အတွက် ပြောချင်တာကတော့ နိုင်ငံတော်အစိုးရအနေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးအနေနဲ့ ဆောင်ရွက်ဖွယ်ရှိတဲ့ ကိစ္စတွေကို ဒါ မှန်မှန်ကန်ကန်နဲ့ တိတိကျကျ ဆောင်ရွက်နေပါတယ်လို့ ပြောချင်ပါတယ် ” ဟု ဝန်ကြီးက ဆက်လက်ပြောကြားသည်။

EU အနေဖြင့် မြန်မာနိုင်ငံအပေါ် GSP ရုပ်သိမ်းမှုအား ကြေညာထားသည့်အပေါ် ပြည်သူလူထုအနေဖြင့် အရမ်း စိုးရိမ်စရာမလိုကြောင်း ဦးသိန်းဆွေက ဆက်လက်ပြောကြားခဲ့သည်။

“အရမ်းကြီးစိုးရိမ်စရာမလိုပါဘူး ။ နိုင်ငံတော်အစိုးရအနေနဲ့ အကောင်းဆုံးပြေလည်အောင် ဆောင်ရွက်နေတယ်လို့ ပြောကြားချင်ပါတယ်”ဟု ၄င်းကပြောသည်။

ထိုသို့ပြောကြားနေသော်လည်း ကုန်သွယ်ရေးဆိုင်ရာအထူးအခွင့်အရေး (GSP)ကြောင့် ကုန်သွယ်ခွန် ကင်းလွတ်ခွင့် ပေးထားခြင်းကို ရပ်ဆိုင်းလိုက်ပါက မြန်မာနိုင်ငံအနေဖြင့် အထည်ချုပ်လုပ်ငန်းများ နစ်နာနိုင်ဖွယ်ရှိနေသည်။

Mizzima Weekly