ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးနေ

By တင်ရွှေ(မဇ္ဈိမ)
30 October 2018
ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူများ စိတ်ဝင်စားမှု နည်းပါးနေ

မကွေး၊ အောက်တိုဘာ ၃၀ ။          ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) တွင် လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်သော်လည်း  ပြည်သူများက စိတ်ပါဝင်စားမှုနည်းပါးလျှက်ရှိကြောင်း မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးမြင့်ကျော်က ပြောသည်။

“ကြားဖြတ်ရွေးကောက်ပွဲကို ပြည်သူတွေက စိတ်ဝင်စားမှုနည်းနေတယ်။ ဒီမိုကရေစီစနစ်နဲ့ မဲပေးရတဲ့ပြည်သူတွေရဲ့တာဝန်ပေါ့။ ကျွန်တော်တို့ပိုင်တဲ့မဲတွေပေးရမယ်၊ ကိုယ့်ရဲ့အခွင့်အာဏာနဲ့မဲပေးရမယ်ဆိုတာကို ပြည်သူတွေ သိစေချင်ပါတယ်” ဟု မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြင့်ကျော်က ဆိုသည်။

ထိုသို့ရွေးကောက်ပွဲမဲမေးရန် ပြည်သူများစိတ်ဝင်စားမှုနည်းပါးခြင်းကို မီဒီယာများကလည်း အသိပညာ တိုးပွား ရန်ဆောင်ရွက်ပေးရန် မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးမြင့်ကျော်က ပြောပြသည်။

“ပြည်သူတွေရဲ့ စိတ်ဝင်စားမှုအနေနဲ့ဆိုရင်တော့ ကျွန်တော်တို့ရွာအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စိတ်ဝင်စားမှုမရှိဘူး။ မဲစာရင်းကို သဘောတရားအရလာကြည့်ကြပေမယ့် မဲထည့်ဖို့ စိတ်မဝင်စားကြဘူး။ ဖြစ်ပေါ်နေတဲ့ ရွာတွေရဲ့အခက်အခဲတွေကို ဘယ်အဖွဲ့အစည်းကမှ ဖြေရှင်းမပေးနိုင်ဘူး”ဟု မန်းရွှေစက်တော်ဘုရားကျေးရွာမှ ကျေးရွာနာယကဖြစ်သူ ဦးသန်းထွန်းက ဆိုသည်။

ရွေးကောက်ပွဲအပေါ်ပြည်သူများ စိတ်ဝင်စားမှု အားနည်းလာရခြင်းမှာ အစိုးရအပေါ် ယုံကြည်မှု နည်းပါးလာတာ အဓိကဖြစ်ကြောင်း၊ ယုံကြည်မှုနည်းပါးရခြင်းအကြောင်းတွင် ကတိကဝတ်များ ပျက်ကွက်ခဲ့ခြင်း အာဏာရှင် ဆန်သည့် အမူအကျင့်များ တွေ့နေရခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း စကုမြို့နယ်၊ အမှတ်(၂)ရပ်ကွက်မှ  ဦးသောင်းထိုက်က ပြောသည်။

“ရွေးကောက်ပွဲမစခင်က ကြားဖြတ်ရှိတယ်ဆိုတာသိတဲ့ မင်းဘူးမဲဆန္ဒနယ်ကပြည်သူတွေ ၇၀ ရာခိုင်နှူန်းရှိပါ တယ်။ ဒါပေမယ့် အင်တိုက်အားတိုက်နေ့ရောညပါ လှုံဆော်ရေးတွေလုပ်ပြီးတဲ့နောက်ပိုင်း စိတ်ဝင်စားမှုမြင့် တက်လာတဲ့အနေအထားရှိနေပါပြီ” ဟု မကွေးတိုင်းa’oBuD; အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ တွဲဖက် အတွင်းရေးမှူးဦးသန်းနိုင်က ပြောသည်။

မင်းဘူး-စကုမြို့နယ်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် ၁၀ ရက်ကြိုတင်မဲကို အောက်တိုဘာ ၂၄ ရက်မှစတင် နိုဝင်ဘာ ၂ ရက်နေ့ထိ သတ်မှတ်ပေးထားပြီး၊ ၂ ရက်ကြိုတင်မဲကို နိုဝင်ဘာ ၁ ရက်နေ့မှ ၂ ရက်နေ့ထိ သတ်မှတ်ပေးထားကြောင်း သိရသည်။

ထို့အပြင် ပါတီများ၏ စည်းရုံးရေးခရီးစဉ်များအတွက် ပြဿနာဖြစ်ပွားမှုများမရှိအောင် ညိုနှိုင်ဆောင်ရွက်ပေးထားပြီး တိုင်ကြားမှုများမရှိသေးကြောင်း မင်းဘူးခရိုင်ကော်မရှင်ရုံးထံမှ သိရသည်။

မကွေးတိုင်းတစ်ခုလုံးတွင် ကြားဖြတ်ရွေးကောက်ပွဲကို မင်းဘူးမြို့ မှ ရပ်ကွက်(၂)ခု၊ စကုမြို့မှ ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၃၄)အုပ်စုမှ မဲဆန္ဒရှင်(၆၈၄၁၄)ဦး မဲပေးရမည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ အမျိုးသားညီညွတ်တိုးတက်သောပါတီနှင့် တစ်သီးပုဂ္ဂလပါတီ ၂ခုမှ လွှတ်တော်ကိုယ်စားလှယ် ၅ဦးမှ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ကော်မရှင်ရုံးထံမှ သိရသည်။

 

Mizzima Weekly