တစ်ထိုင်တည်းစကားသုံးခွန်းဖြင့်ကွာရှင်းခြင်းနှင့်မွတ်စလင် အမျိုးသမီးတို့၏နစ်နာချက်

By ဝင်းနန္ဒာနှင့် ထိုက်နန္ဒာဝင်း/Myanmar Now
29 October 2018
တစ်ထိုင်တည်းစကားသုံးခွန်းဖြင့်ကွာရှင်းခြင်းနှင့်မွတ်စလင် အမျိုးသမီးတို့၏နစ်နာချက်
တစ်ထိုင်တည်း စကားသုံးခွန်းဖြင့်ကွာရှင်းခံခဲ့ရပုံအကြောင်း သတင်းထောက်များကို ရှင်းပြနေသော မအေးမြတ်သူ (ဓာတ်ပုံ - ဝင်းနန္ဒာ/Myanmar Now)

မွတ်စလင်ခင်ပွန်းသည်က ဇနီးဖြစ်သူကို တစ်ထိုင်တည်း စကားသုံးခွန်းပြောရုံနှင့် အလိုအလျောက် ကွာရှင်းပြီးဖြစ်သည်ဟူသော ဓလေ့ကို တားမြစ်သင့်ပြီဟု မွတ်စလင် ဥပဒေပညာရှင်တချို့၊ ခေတ်လူငယ်တချို့က ပြောလာကြသည်။
 

(ရန်ကုန်) —   ရန်ကုန်၊ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ၁၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည်နှစ်ဘက် မွတ်စလင်မိဘများ၏ စီစဉ်မှုဖြင့် သူ့ထက် ဆယ်နှစ်ကျော် အသက်ကြီးသော အမျိုးသားနှင့် အကြောင်းပါခဲ့သူဖြစ်သည်။ ထိုအမျိုးသားကို တစ်ကြိမ်တစ်ခါသာ မြင်ဖူးပြီးမှ လက်ထပ်ခဲ့ရခြင်း ဖြစ်ရာ ဒေါသကြီးသူ၊ အရိုက်အနှက်ကြမ်းသူဖြစ်မှန်း အိမ်ထောင်ကျပြီး လအနည်းငယ်ကြာမှ  မဖြူမွန် (အမည်ရင်းမဟုတ်) သိခဲ့ရသည်။ ကိုယ်ဝန်ရှိချိန်မှာပင် မေးရိုး အပြင်းအထန် ထိခိုက်သည်အထိ ကန်ကျောက်ခံခဲ့ရသည်ဟု မဖြူမွန်က ပြောသည်။
“ရိုက်တာကတော့မရေတွက်နိုင်အောင်ပဲ။ နောက်ဆုံးအခေါက် မေးရိုးကျိုးတုန်းက တစ်လလောက်ထမင်း မစားနိုင်ဘူး၊ ဆန်ပြုတ်ပဲသောက်ရတယ်” ဟု မဖြူမွန်က ဆိုသည်။
ရိုက်နှက်ခံရမှုနှင့် အဆုံးသတ်သွားသည့် သူတို့နှစ်ဦးကြားအငြင်းပွားမှုများသည်  ကွာရှင်းပြတ်စဲမှုကဲ့သို့သော အဆိုးဆုံးအခြေအနေ မဟုတ်ဘဲ “လင်နှင့်မယား၊  လျှာနှင့်သွား”ဟူသော စကားကဲ့သို့ အဆင်မပြေမှုများသာ ဖြစ်သည်ဟု ယူဆပြီး  သည်းခံခဲ့သည်။

မွတ်စလင်အိမ်ထောင်ဘက်များကြားကွာရှင်းပြတ်စဲနည်းတချို့ထဲတွင်  ခင်ပွန်းသည်က “တွလားက်” ဟု သုံးကြိမ် ပြောဆိုလိုက်ရုံနှင့် လင်မယားအဖြစ်မှ အလိုအလျောက်ပြတ်စဲပြီးဖြစ်သွားသည့် နည်းလမ်းလည်း ပါဝင်သည်။ ထိုစကားလုံးမှာ  “ခင်ပွန်းသည်၏ ဆန္ဒအရ ကွာရှင်းခြင်း” ဟု အဓိပ္ပာယ်ရသည်။

ဒေါသကြီး၊ အကြမ်းဖက်တတ်သည့်ခင်ပွန်းသည်နှင့် မဖြူမွန်တို့တွင် ကလေးတစ်ဦး ထွန်းကားခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။  မကြာခဏ ကတောက်ကဆဖြစ်သည့် ကာလတွင် နေအိမ်သစ်သို့ ပြောင်းရွှေ့ကြစဉ် လမ်းတစ်လျှောက် တစ်ဦးနှင့်တစ်ဦး စကားများကြသဖြင့် အခြေအနေက စနက်တံဖြုတ်ထားသည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေသည်။

ခင်ပွန်းသည်၏ မိတ်ဆွေ အမျိုးသားတစ်ဦးက အိမ်အပြောင်းအရွှေ့တွင် လိုက်ပါကူညီရာ မဖြူမွန်က သူ့ကို ဧည့်ခန်းအတွင်း နာရီချိတ်ရေးအတွက် အကူအညီတောင်းခဲ့သည်။ 'ဒီအိမ်မှာ အစ်ကိုမှ သံရိုက်မပေးရင် ရိိုက်မယ့်သူ မရှိဘူး။ ရိုက်တတ်တဲ့သူလည်း မရှိဘူး' ဟု မဖြူမွန်က သူ့ကို ပြောလိုက်ရာ မနီးမဝေးတွင် ရှိသည့် ခင်ပွန်းသည်က သူ့ကို ပါးတစ်ချက်ရိုက်ပြီး မျှော်လင့်မထားသည့် စကားလုံးကို  သုံးကြိမ် ဆက်တိုက် ပြောလိုက်လေသည်။

“နင့်ကိုငါ သုံးတွလားက်ပေးတယ်ဆိုပြီးပြောလိုက်တေ့ာကြောင်သွားတာ။ ငိုရမလားရယ်ရမလား မသိတော့ဘူး ဖြစ်သွားတယ်” ဟု မဖြူမွန်က ရှင်းပြသည်။

ဤသို့ဖြင့် မဖြူမွန်သည် မြန်မာနိုင်ငံတွင် အရေအတွက် ခန့်မှန်း၍မရနိုင်သေးသည့်၊ တစ်ဘက်သတ်ကွာရှင်းခံရသူ မွတ်စလင် အမျိုးသမီးများထဲတွင် တစ်ဦး အပါအဝင် ဖြစ်လာသည်။
ဇနီးဖြစ်သူကို ထိုသို့ တစ်ဖက်သတ် အလွယ်တကူ ပြတ်စဲခြင်းမှာ အစ္စလာမ်တရားတော်နှင့် မညီကြောင်း ဝေဖန်ကန့်ကွက်သံတချို့ မြန်မာနိုင်ငံတွင်း မွတ်စလင်များကြားတွင် ထွက်ပေါ်နေသည်။ အမျိုးသမီးတို့ နစ်နာစေသော ထိုဓလေ့ကို တခြားသော နိုင်ငံအများအပြားနည်းတူ ဥပဒေဖြင့် တားမြစ်သင့်ကြောင်း ပြောသူတို့လည်း ရှိလာသည်။

လူသိရှင်ကြား ဖွင့်ချခြင်း
နိုင်ငံလူဦးရေ သန်းငါးဆယ်ကျော်တွင် အစ္စလမ်ဘာသာဝင် ၄ ဒဿမ ၃ ရာခိုင်နှုန်း ပါဝင်ကြောင်း အစိုးရက ၂ဝ၁၆ တွင် ခန့်မှန်းထားသည်။
မြန်မာနိုင်ငံတွင် အိမ်ထောင်သည်တို့ ကွာရှင်းပြတ်စဲခြင်း၊ အမွေဆက်ခံခြင်းတို့နှင့် ပတ်သက်ပြီး  မိမိ ကိုးကွယ်သည့် ဘာသာတရားဆိုင်ရာ ထုံးတမ်းစဉ်လာအရ ဆုံးဖြတ်နိုင်ရန်လည်း ခွင့်ပြုထားရာ အစ္စလာမ်ဘာသာဝင်တို့သည် အိမ်ထောင်ရေးပြဿနာကို အစ္စလာမ်နည်းလမ်းအရ ဖြေရှင်းနိုင်ကြသည်။

အမျိုးသားက သူ့ဇနီးကို စကားသုံးခွန်းပြောရုံဖြင့့် အလိုအလျောက် ကွာရှင်းပြီးဖြစ်သည်ဟူသော ဓလေ့ကို မွတ်စလင်မဟုတ်သူ အများအပြား မသိကြပေ။
ယင်းသို့ ကွာရှင်းမှုသည် စစ်မှန်သည့် အစ္စလာမ့် တရားတော်နှင့်ကွဲလွဲနေရုံသာမက အမျိုးသမီးတို့၏ အခွင့်အရေး ရပိုင်ခွင့်ကို ချိုးဖောက်စော်ကားသည်ဟုဆိုကာ  အစ္စလာမ်ဘာသာဝင်များရှိသည့် နိုင်ငံပေါင်း ၂ဝ ကျော်က ထိုဓလေ့ကိုတားမြစ်ထားသည်။ထိုအထဲတွင် ရှေးရိုးစွဲ ဆော်ဒီအာရေဗျပင် ပါဝင်သည်။

အိုင်တီပစ္စည်း အသုံးများသော ယနေ့ခေတ်တွင် “တွလားက်” ကို မျက်နှာချင်းဆိုင် မပြောဘဲ တယ်လီဖုန်း၊ အီးမေးတို့ဖြင့် ရေးသား ပေးပို့ခြင်း၊ ဖုန်းဆက်ပြောခြင်းဖြင့် ကွာရှင်းမှုပင် ရှိနေကြောင်း နိုင်ငံတကာ သတင်းတချို့တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင်ထိုစနစ်ကျင့်သုံးသည့် မွတ်စလင်အမျိုးသားထောင်သုံးနှစ် ချမှတ်ခံရနိုင်သည်အထိအရေးယူနိုင်သော ဥပဒေကို မကြာသေးခင်က ပြဋ္ဌာန်းလိုက်သည်။
ထိုသို့ ဟန့်တားထားခြင်း မရှိသေးသည့် မြန်မာနိုင်ငံတွင် ထိုစနစ်ကျင့်သုံးနေမှန်း လူသိရှင်ကြား စတင် ပြောဆိုသည့် မွတ်စလင်အမျိုးသမီးတစ်ယောက် ပေါ်ပေါက်လာသည်။

ထိုအမျိုးသမီးသည် ၂၄နှစ်အရွယ် မအေးမြတ်သူ ဖြစ်ပြီး စက်တင်ဘာလက ထိုဓလေ့အကြောင်း ရန်ကုန်အခြေစိုက် သတင်းသမားများနှင့် တွေ့ဆုံပြီး ရှင်းပြ ကန့်ကွက်ခဲ့သူ ဖြစ်သည်။  
“ရှက်တယ်ဆိုပြီးတော့ ကျွန်မတို့ အမျိုးသမီးတွေက ငြိမ်ခံလာခဲ့တယ်။ကျွန်မတို့ အမျိုးသမီးတွေကို အစ္စလာမ် အမျိုးသားတွေက အကြောင်းမရှိဘဲနဲ့ ဓမ္မသတ်အရ ဆိုပြီးတော့ တစ်ကြိမ်တည်း၊ တစ်နေရာတည်းမှာ တစ်ထိုင်တည်းမောင်းထုတ်ရုံနဲ့ ကျွန်မတို့အခွင့်အရေးတွေ ဆုံးရှုံးတော့မှာလား” ဟု မအေးမြတ်သူက မေးခွန်းထုတ်လိုက်သည်။

ကရင်ပြည်နယ် ဘားအံမြို့ဇာတိ မအေးမြတ်သူသည် နှစ်ဖက်မိဘ စီစဉ်မှုဖြင့် ၂ဝ၁၇ နှစ်ဆန်းပိုင်းတွင် အိမ်ထောင်ပြုခဲ့ပြီး ခင်ပွန်းနှင့်အတူ ရန်ကုန်တွင် နေထိုင်ခဲ့သည်။ကလေး တစ်ဦးရပြီးချိန် ယခုနှစ်ဇူလိုင်တွင် ခင်ပွန်းသည်က တွလားက်သုံးကြိမ် ပေး၍တစ်ထိုင်တည်း ကွာရှင်းကာ ယခင်က တင်တောင်းခဲ့သည့် ရွှေ တစ်ဆယ်သားကိုလည်း ပြန်ယူသွားခဲ့သည်။

ကလေးပြုစုပျိုးထောင်ခြင်း၊ အိမ်လုပ်ငန်းကိစ္စအဝဝတို့ဖြင့် အချိန်ကုန်ရသော အမျိုးသမီးတို့သည် ခင်ပွန်းသည်တို့ တစ်ထိုင်တည်း ကွာရှင်းသည့် နည်းလမ်းကို အလွယ်တကူ အသုံးပြု စွန့်ခွာနေကြသည့် အခြေအနေတွင်  အမျိုးသမီးတို့အတွက် အကာအကွယ်ဖြစ်စေမည့် ဥပဒေကို မအေးမြတ်သူကမျှော်လင့်နေသည်။

“အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနဲ့ တွလားက်ပေးတာကို ကျွန်မလက်ခံတယ်။ ဒါပေမယ့် တရားတော်နဲ့ မညီ၊ ဘာသာရေးကို ခုတုံးလုပ်ပြီး လက်လွတ်စပယ် မိုက်ရိုင်း၊ဖျက်ဆီးတာမျိုးတော့ လက်မခံနိုင်ဘူး”ဟု မအေးမြတ်သူက သတင်းထောက်များကို ရှင်းပြသည်။

မအေးမြတ်သူကခင်ပွန်းဟောင်း ဦးအောင်သက်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှု၊ ပုဒ်မ ၃၈၄ ခြောက်လှန့် တောင်းယူမှု၊ ပုဒ်မ ၁၁၄ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီမှုတို့ဖြင့်  အင်းစိန်မြို့မရဲစခန်းတွင် အောက်တိုဘာ ၁၁ရက်နေ့က အမှုဖွင့်ထားသည်။

သူ၏ သတင်းစာရှင်းလင်းပွဲအပြီး ရက်များမကြာမီမှာပင် ရန်ကုန်တွင် ထိုဓလေ့နှင့် ပက်သတ်သည့် ဆွေးနွေးပွဲတစ်ခု ပေါ်ပေါက်လာသည်။

 ‘လင်မယားကွာရှင်းခြင်းဆိုင်ရာ အစ္စလာမ့်ဥပဒေ စကားဝိုင်း’ တွင် အဓိက ဆွေးနွေးသူ ခြောက်ဦးရှိရာ လေးဦးက တစ်ကြိမ်တည်း၊  တစ်နေရာတည်း၊  တစ်ထိုင်တည်း တွလားက် သုံးကြိမ်ပြောပြီး ကွာရှင်းနိုင်သည် ဟူသော အယူအဆကို ကန့်ကွက်ကြသော်လည်း နှစ်ဦးကမူ လက်ခံကြောင်း တွေ့ရသည်။ထိုနှစ်ဦးအနက် တစ်ဦးမှာ  မြန်မာမူစလင်သာသနာ့ ပညာရှင်များအဖွဲ့ချုပ် (ဗဟို) မှ ဓမ္မသတ်မှူး မွဖ်သီ ဂျမားလ် ဟူစိန် ဖြစ်ပြီး ထိုအယူအဆကို မြန်မာနိုင်ငံရှိ ဗလီဆရာအများစုက ထောက်ခံထားသည်ဟု သူက ဆွေးနွေးပွဲတွင် ပြောသည်။

“တရားတော်နဲ့ လွှဲချော်နေတယ်။ သို့သော် လုပ်ရပ်ကတော့ အတည်ဖြစ်သွားကြောင်း ၉၅ ရာခိုင်နှုန်းသော အိုလမာပညာရှင်တွေက လက်ခံထားတယ်” ဟု သူက ဆိုသည်။
ကျမ်းစာ ဖော်ပြချက်
အိမ်ထောင်တို့ကြား အဆင်မပြေ၍ ကွာရှင်းလိုပါက တမန်တော်မြတ် လက်ခံသည့် နည်းလမ်း နှစ်ခုရှိသည်ဟု အလ်ဟာဂျ် မုဖ်သီ ဦးမြင့်သိန်း (ငြိမ်းချမ်းလုလင်) ရေးသားသော “အစ္စလာမ်တရားတော်အရ ကွာရှင်းပြတ်စဲခြင်း” စာအုပ်တွင် ဖော်ပြထားသည်။

ကောင်းသော ကွာရှင်းနည်း (တွလားက်ည ဟစန်) ကို သုံးပြီး ပြတ်စဲလိုသည့် ခင်ပွန်းက သူ့ဇနီးကို သက်သေ နှစ်ဦးရှေ့တွင် “တွလားက်” ဟု တစ်ကြိမ် ပြောရမည်၊ထိုအချိန်သည် ဇနီးဖြစ်သူ ရာသီပန်းသန့်စင်နေချိန် ဖြစ်ရမည်၊ ထို့နောက် ဇနီးသည်  ရာသီသွေး တစ်လ ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည်ဖြစ်သည်။ စောင့်ဆိုင်းကာလအတွင်း နှစ်ဖက် အဆင်ပြေပါက ပြန်လည် ပေါင်းသင်းခွင့် ရှိသည်။

ဆက်ပေါင်းရန် မဖြစ်နိုင်ပါက အထက်ပါ  သတ်မှတ်ချက်များအတိုင်း ထပ်မံ ပြောကြားရမည်၊  စောင့်ဆိုင်းကာလအတွင်း အဆင်ပြေပါက ပြန်ပေါင်းနိုင်သော်လည်း  တတိယအကြိမ် ပြောဆိုပြီးလျှင် ကွာရှင်းမှု အဆုံးသတ်ပြီ ဖြစ်သည်။

နောက်တစ်နည်း ဖြစ်သော အကောင်းဆုံး ကွာရှင်းနည်း (တွလားက် အဟ်စန်) တွင် အထက်ပါ စည်းကမ်းချက်များကို လိုက်နာရမည် ဖြစ်သော်လည်း စောင့်ဆိုင်းကာလမှာ သုံးလ ကြာမည်ဖြစ်သည်။

မြန်မာနိုင်ငံ အစ္စလာမ် သာသနာရေးရာကောင်စီက ထုတ်ဝေသည့် အစ္စလာမ့်ဓမ္မသတ် အဆုံးအဖြတ် စာအုပ်၏ စာမျက်နှာ ၁၁ တွင်လည်း ဒေါသထွက်နေချိန်နှင့် မူးယစ်နေချိန်တွင်  ကွာရှင်းခြင်းမှာ အထမမြောက်ဟု  ဖော်ပြထားသည်။

ခင်ပွန်းသည် တချို့ ကွာရှင်းရာတွင် ကျမ်းစာအတိုင်း  လိုက်နာခြင်း မရှိကြောင်း၊ ကွာရှင်းလိုသော အမျိုးသမီးကို ရိုက်နှက်နှိပ်စက်သည့် အမျိုးသားတချို့လည်း ရှိကြောင်း အစ္စလာမ်သာသနာ ကျမ်းပြုပညာရှင် မွဖ်သီ ပသီကျော်ဦးက Myanmar Now ကို  ပြောသည်။

မွတ်စလင်အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ အနည်းငယ်ထဲတွင် ဥပဒေပညာရှင် ဒေါ်သဇင်မြတ်မြတ်ဝင်းလည်း ပါဝင်သည်။ မိမိ၏ အခွင့်အရေးသည် မျှော်လင့်နေရုံဖြင့် မိမိထံ ရောက်လာမည်  မဟုတ်သောကြောင့် အိမ်တွင်းဖိနှိပ်ခံနေရသည်ဆိုပါက ဥပဒေ အကာအကွယ် ယူရမည်ဟု သူက ပြောသည်။

“တရားဥပဒေအရ  တရားရုံးမှာ တောင်းဆိုလို့ ရတယ်၊ဓမ္မသတ်တစ်ခုတည်းနဲ့တော့ ငြိမ်ပြီးတော့မနေကြပါနဲ့” ဟု ဒေါ်သဇင်မြတ်မြတ်ဝင်းက တိုက်တွန်းလိုက်သည်။

အိန္ဒိယရုပ်ရှင်လောကအတွေ့အကြုံရှိသူ သရုပ်ဆောင် လိုင်လာခမ်းက မွတ်စလင်အမျိုးသမီးများ သာသနာ၏ အကာအကွယ်ကိုသာမက နိုင်ငံတော်က ပေးအပ်သည့်  အကာအကွယ်ကိုပါ ယူသင့်ကြောင်း  အကြံပြုသည်။

“ကိုယ့်အခွင့်အရေးကိုယ်သိပါ။လူက ကိုယ့်အခွင့်အရေးကို မသိရင်ခံရမှာပါပဲ… ဘာသာတရားက အခွင့်အရေးပေးထားပေမယ့် နားလည်အောင်မလေ့လာလို့ခံရတာပါ။လေ့လာထားမှ ဖိနှိပ်ခြင်းမခံရမှာပါ” ဟု မင်းသမီးက ရန်ကုန်မြို့ ဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

အမျိုးသမီးက ပြတ်စဲလိုလျှင် မွတ်စလင်အမျိုးသမီးက အိမ်ထောင်ဘက်ကို  ကွာရှင်းနည်းမှာမူ အမျိုးသားတို့နှင့် မတူပေ။

မည်သို့မှပေါင်းသင်းနိုင်တော့သည့် အခြေအနေမျိုးဖြစ်လျှင် အမျိုးသမီးက ဓမ္မသတ်ခုံရုံးသို့ တင်ပြနိုင်သည်၊ ခုံရုံးက ခွင့်ပြုလျှင် ခင်ပွန်းသည်ကို နစ်နာကြေးပေးကာ ကွာရှင်းနိုင်သည်။ခုံရုံးဆိုသည်မှာ ဘာသာရေးခေါင်းဆောင်တချို့၊ နှစ်ဘက်  အသိုင်းအဝန်းလူကြီးတချို့နှင့်အတူ သင့်လျော်သည့်နေရာတစ်ခုတွင် ဆုံတွေ့ပြီး ပြဿနာ ကြီးထွားမလာစေရန် ဖြေရှင်းပေးခြင်းကို ဆိုလိုကြောင်း သိရသည်။

ကွာရှင်းခွင့် ရလိုသော အမျိုးသမီးသည် မြို့နယ်တရားရုံးတွင် လျှောက်ထားနိုင်သည်။
နှစ်ဦးသဘောတူကွာရှင်းခြင်းမှာလည်း နည်းလမ်းတစ်ခု ဖြစ်ပြီး ထိုနည်းလမ်းတွင် နစ်နာကြေးနှင့် ပတ်သက်ပြီး နှစ်ဦးသဘောတူ ဆုံးဖြတ်နိုင်သည်ဟု  အစ္စလာမ်ဘာသာဝင်၊ တရားလွှတ်တော်ရှေ့နေ ဦးရန်နိုင်ကရှင်းပြသည်။

မြန်မာပြည်ရှိ မွတ်စလင်တို့သည် ကျမ်းစာကို လွန်စွာ လေးစားကြသော်လည်း မူနှင့်လူ ကွဲပြားမှု အားနည်းကြသည်ဟု သူက သုံးသပ်သည်။

“ကိုယ့်ဆရာသမားပြောတာကို တရားတော်နဲ့ အညီ ပြောတယ်ပဲ ယူဆပြီး ကွဲလွဲကုန်ကြတာပဲ။ ကွာရှင်းမှုတွေနဲ့ပတ်သက်ပြီး ကုရ်အာန် (ကျမ်းစာ) ထဲမှာ ပါတဲ့အတိုင်း ကိုင်စွဲမယ် ဆိုရင် ကွဲလွဲမှုတွေ မရှိသလောက်ကို နည်းသွားနိုင်တယ်” ဟု သူက ပြောသည်။

ကွာရှင်းလိုပါက ခင်ပွန်းသည် လုပ်ဆောင်ရမည့် လုပ်ငန်း အဆင့်ဆင့်ကို ကျမ်းစာတွင် ပြဋ္ဌာန်းထားရခြင်းမှာ စည်းလွတ်ဝါးလွတ် ကွာရှင်းခြင်း မဖြစ်ကြစေရန် ရည်ရွယ်ကြောင်း ရန်ကုန်မှ အသက် ၃ဝ ကျော် အရွယ် ကိုအောင်ဇော်မြင့်က ပြောသည်။

အမျိုးသမီးများအတွက်သာမက  ဝမ်းဗိုက်အတွင်းမှ သန္ဓေသားအထိ အခွင့်အရေးအပြည့်အဝ ပေးထားသည်ကို ကျမ်းစာတွင် တွေ့ရမည်ဟု ရန်ကုန်မြို့ အစ္စလာမ်ဘာသာရေးစကားဝိုင်းသို့ တက်ရောက်လာသည့် ကွန်ပျူတာကျွမ်းကျင်သူ ကိုအောင်ဇော်မြင့်က ပြောသည်။

“အိမ်ထောင်ရေးတည်မြဲအောင် ကန့်သတ်ထားတဲ့ စည်းမျဉ်း၊  အိမ်ထောင်ရေး ဆက်လက်ရပ် တည်လို့ရအောင် လုပ်ထားတဲ့စနစ်ဖြစ်တယ်။ အမျိုးသားကလည်း နှင်လို့မရသလို အမျိုးသမီးကလည်း ကိုယ့်သဘောနဲ့ကိုယ် အိမ်ပေါ်ကမဆင်းရဘူး” ဟု သူက ပြောသည်။

ပြန်ပေါင်းမည် ဆိုပါက စကားသုံးခွန်းဖြင့် ကွာရှင်းခံရသည့် အမျိုးသမီးသည် နောက်အိမ်ထောင်ပြုခွင့်ရှိသည်။ ခင်ပွန်းဟောင်းက ပြန်လည် ပေါင်းသင်းလိုသည် ဆိုပါက ခင်ပွန်းသစ် ကွယ်လွန်ပြီးနောက် ပြန်ပေါင်းနိုင်သည်၊ သို့မဟုတ်  မလွဲသာမရှောင်သာ သဘာဝအလျောက် ကွဲပြီးနောက် ပြန်ပေါင်းနိုင်သည်ဟု ကုရ်အာန် ကျမ်းစာ အပိုဒ် ၂း၂၃ဝ တွင်ဖော်ပြထားသည်။
ယခုအခါ စကားသုံးခွန်းဖြင့် လွယ်လင့်တကူ ကွာရှင်းလိုက်သည့် ခင်ပွန်းဟောင်းက ပြန်လည် ပေါင်းသင်းလိုလျှင်ထိုအမျိုးသမီးက အငှားယောကျ်ား ယူကာ ကာယကံမြောက် ပေါင်းသင်းဆက်ဆံရမည်ဟူသည့် အယူအဆကို ကျင့်သုံးနေသူတို့ မြန်မာနိုင်ငံတွင်လည်း ရှိနေကြောင်း၊ ထိုအယူအဆကို လက်မခံနိုင်ကြောင်း   ရှေ့နေ ဦးဘေလားရန်နိုင်က ပြောသည်။
“ကွာရှင်းခံရတဲ့ အမျိုးသမီးကို အခြားယောကျာ်းနဲ့ လင်အငှားနဲ့ ပြန်ပြီးကွာရှင်း ပေးရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထိမ်းမြားခြင်းဟာ အင်မတန် အောက်တန်းကျတယ်။ အစ္စလာမ်တရားတော်ကို လက်တစ်လုံး ခြားပြုလုပ်ခြင်းပါ။ ဘယ်စိတ်ကောင်း စေတနာကောင်းရှိတဲ့ လူမျိုး၊ ဘယ်ဘာသာကမှ လက်မခံနိုင်တဲ့ကျင့်သုံးမှုပါ” ဟု သူက ဆိုသည်။

မဖြူမွန်၏ မိဘများကလည်း ပြန်လည် ပေါင်းသင်းစေလိုသောကြောင့် နောက်အိမ်ထောင်ပြုရေး အစီအစဉ်ကို ဟန်ပြလုပ်ဆောင်မည်ဖြစ်ကြောင်း သားမက်ဟောင်းကို သွားရောက် ညှိနှိုင်းခဲ့သည်ဟု သိရသည်။

အငှားခင်ပွန်းနှင့် ဟန်ပြနေထိုင်ရေး ဆိုသည်မှာ နာမည်ပျက်၊ ဂုဏ်ငယ်စရာ ဖြစ်ကာ တစ်သက်လုံး ခေါင်းငုံ့နေရမည် ဖြစ်သောကြောင့် သဘောမတူနိုင်ကြောင်း မဖြူမွန်က ကြေကွဲစွာ ရှင်းပြသည်။
“တကယ်တမ်းဆိုရင်တောင် ညီမတခြားတစ်ယောက်နဲ့မအိပ်နိုင်ဘူး။ ဘာလို့လဲဆိုရင် သူနဲ့ပြန်ပေါင်းဖို့အိပ်ရရင်တောင် ဒါကိုသူကအမြဲနှိပ်ကွပ်ပြီး အနိုင်ယူပြောနေတော့မှာ” ဟု မဖြူမွန်က ပြောလိုက်သည်။    ။

 

Mizzima Weekly