တာမွေမဲဆန္ဒနယ်တွင် သမ္မတ ဦးဝင်းမြင့် မဲလာပေးမည်

တာမွေမဲဆန္ဒနယ်တွင် သမ္မတ ဦးဝင်းမြင့် မဲလာပေးမည်

နေပြည်တော်(အောက်တိုဘာ ၂၉ရက်၊ ၂၀၁၈ခုနှစ်)။          ။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာ ၃ရက်တွင် ၎င်း၏ မဲဆန္ဒနယ်ဖြစ်သော တာမွေမြို့နယ်တွင် ကိုယ်တိုင် မဲပေးရန် စီစဉ်ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဋ္ဌေးက ပြောကြားသည်။

“ကြိုတင်မဲပေးရမယ့်ဟာ မမှီတော့ဘူး။ မမှီတော့ သမ္မတကြီးကိုယ်တိုင် မဲပေးဖို့ စီစဉ်နေတယ်” ဟု အောက်တိုဘာ ၂၉ရက် ညနေပိုင်းက သမ္မတအိမ်တော်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဋ္ဌေးက ပြောသည်။

သမ္မတဦးဝင်းမြင့်နှင့် ၎င်း၏ ဇနီးဖြစ်သူ ဒေါ်ချိုချိုတို့၏ အိမ်ထောင်စုစာရင်းမှာ တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက်တွင် စာရင်းဝင်နေသည့်အတွက် နိုဝင်ဘာ ၃ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သမ္မတဦးဝင်းမြင့် မိသားစု၏ မဲစာရင်း ပါဝင်နေခြင်း ဖြစ်သည်။

“နောက်တစ်ခုက သမ္မတကြီးကတော်ပေါ့နော်။ အိမ်ထောင်စုစာရင်းက တာမွေမှာပဲ ရှိတယ်။ သမ္မတကြီး ကိုယ်တိုင်လည်း အဲ့မှာပဲ အိမ်ထောင်စုစာရင်းက ဝင်နေတယ်။ ဝင်နေတော့ အဲ့မှာပဲ မဲပေးဖို့ပေါ့နော်။ ကိုယ်တိုင် ကိုယ်ကျ ၃ရက်နေ့မှာ ပေးဖို့ အဲ့လိုတော့ အကြမ်းဖျင်း လျာထားတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၅ခုနှစ်တွင် တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် အနိုင်ရခဲ့သည့် ဦးဝင်းမြင့်သည် သမ္မတ အဖြစ် ခန့်အပ်တာဝန်ပေးခံရသည့်အတွက် လစ်လပ်သွားသည့် ၎င်း၏ နေရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပခြင်း ဖြစ်သည်။

လစ်လပ်နေသော တာမွေမြို့နယ်၊ ပြည်သူ့လွှတ်တော်နေရာအတွက် အာဏာရ NLD အပါအဝင် နိုင်ငံရေးပါတီ ရှစ်ပါတီမှ ကိုယ်စားလှယ်လောင်းများ ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ အဆိုပါ တာမွေမြို့နယ်တွင် မဲပေး ပိုင်ခွင့်ရှိသူ ၉၉,၀၀၀ ကျော် ရှိပြီး မဲရုံ  ၁၃၂ ရုံ ရှိသည်။

အတိုက်အခံ ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးကိုယ်တိုင် အဆိုပါ တာမွေမြို့နယ်တွင် အောက်တိုဘာလ ၂၉ရက် နံနက်ပိုင်းက မဲဆွယ်စည်းရုံးခဲ့သေးသည်။

 

Mizzima Weekly