"မွတ်စလင်အမျိုးသမီးတွေဆုံးရှုံးမှုအရမ်းကိုများနေပြီ"

By ဝင်းနန္ဒာ၊ ထိုက်နန္ဒာဝင်း ( Myanmar Now)
29 October 2018
"မွတ်စလင်အမျိုးသမီးတွေဆုံးရှုံးမှုအရမ်းကိုများနေပြီ"

မွတ်စလင်အမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်ဗေဒါရီသည် တက္ကသိုလ်ကထိက ရာထူးမှ အငြိမ်းစားယူပြီးနောက် နိုင်ငံခြား တက္ကသိုလ်များ၊ ပြည်တွင်းရှိ နိုင်ငံတကာကျောင်းများတွင်လည်း ပို့ချသင်ကြားပေးခဲ့သူ ဖြစ်သည်။
၂ဝ၁ဝတွင် “မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့” ကို ခေတ်ပညာတတ် မွတ်စလင် လူငယ်များနှင့် အတူ စတင်တည်ထောင်ခဲ့ပြီးနောက် စာသင်နေသည့်ဆရာမ တစ်ဦးဘဝမှ အရပ်ဖက်လူမှုအဖွဲ့အစည်း (CSOs) အသိုင်းအဝိုင်းသို့ အချိန်ပြည့်လုပ်ဆောင်သူတစ်ဦးအဖြစ် ကူးပြောင်းခဲ့သည်။

ထို့နောက် ဒေသတချို့တွင်  လူငယ်ဦးဆောင်မှု သင်တန်းများ ၊ ငြိမ်းချမ်း ရေးဆိုင်ရာသင်တန်းများ ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူနေထိုင်နိုင်ရေး သင်တန်း များနှင့် အမျိုးသား အမျိုးသမီးကြား တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှု လျော့နည်းပပျောက်ရေးဆိုင်ရာ လူငယ် သင်တန်းများစွာ ပြုလုပ်ခဲ့သည်။

ဒေါ်ဗေဒါရီသည် မြန်မာနိုင်ငံ မွတ်စလင်အမျိုးသမီးများအဖွဲ့၊  မေငြိမ်းချမ်း အဖွဲ့၏ ဥက္ကဌ တစ်ဦး တာဝန်ထမ်းဆောင်နေပြီး  အမျိုးသမီးများ၊  အထူးသဖြင့် လူနည်းစု မွတ်စလင်အမျိုးသမီးများ၏ အခွင့်အရေး၊ ဘဝတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်အကြံပေးနေသည့်် ပညာရှင်တစ်ဦးဖြစ်သည်။

မြန်မာနိုင်ငံရှိ မွတ်စလင် အမျိုးသမီးများ၏ အိမ်ထောင်ရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ Myanmar Nowက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း  ရန်ကုန်၊  မင်္ဂလာတောင်ညွန်မြို့နယ်ရှိ ၄င်း၏ နေအိမ်သို့ သွားရောက်ပြီး တွေ့ဆုံမေးမြန်းခဲ့သည်။

မေး-   မြန်မာနိုင်ငံမှာ မွတ်စလင်အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့အိမ်ထောင်ရေးဆိုင်ရာ အခက်အခဲတွေမှာ အများဆုံးက ဘာတွေလဲ။

ဖြေ- မွတ်စလင်အမျိုးသမီးတွေရဲ့အိမ်ထောင်ရေးပြဿနာတွေကို တိုင်ပင်ဆွေးနွေးတဲ့အတွက် ဖြေရှင်းပေး ခဲ့ရတာတွေ ရှိတယ်။  အများစုကြုံနေရတဲ့ပြဿနာကတော့ မိန်းကလေးတွေကို လွယ်လွယ်လေးနဲ့ သုံး “တွလားက်”(ခင်ပွန်း၏ ဆန္ဒအရကွာရှင်းခြင်း) တစ်ခါတည်းပေးပြီးတော့ ချန်ခဲ့တဲ့ပြဿနာပဲ။

တစ်ထိုင်တည်း သုံးတွလားက်ပေးခြင်းကို မိန်းကလေးတွေဘက်က “မပိုင်ဘူး” လို့ပြောတဲ့ ဖတ္တာဝါ (ဓမ္မဆရာ များ၏ မှန်ကန်ကြောင်း ထောက်ခံချက်)တွေ ပြနိုင်ရဲ့သားနဲ့ အစိုးရအသိအမှတ်ပြုထားတဲ့ မွတ်စလင်အဖွဲ့ အစည်း နှစ်ခုလောက်က ထုတ်ပေးတဲ့ ဓမ္မသတ်မှူးတွေရဲ့“ပိုင်ပါတယ်” ဆိုတဲ့ ဖတ္တာဝါကို ရည်ညွှန်းပြီး ယောကျာ်းလေးဘက်က တုန့်ပြန်ကွာရှင်းတာတွေကြုံနေရတယ်။ ကျွန်မတို့ မွတ်စလင်အသိုင်းအဝိုင်းထဲမှာကိုပဲ ကွဲပြားမှုတွေရှိနေတယ်။  “တွလားက်” ဆိုတဲ့ ဘာသာတရားက ပြဋ္ဌာန်းထားသော၊ ပြောထားသော အချက်ကို အမျိုးသားတွေက သုံးတယ်။ ဒါပေမယ့် တလွဲ သုံးနေတာမျိုး ကြုံနေရတယ်။
မေး- ဘယ်လို တစ်လွဲသုံးတာလဲ။ မှတ်တမ်းတွေရှိလား။

ဖြေ  -  အိမ်ထောင်တစ်ခု အလွယ်တကူပြိုကွဲရင် စဉ်းစားစရာ နောက်ဆက်တွဲတွေ အများကြီးရှိတာ အလ္လာရှင်မြတ်သိတယ်။ ဒါကြောင့် အိမ်ထောင်တခု တည်ထောင်ဖို့ အတွက် မလွယ်ကူတဲ့ စည်းတွေဘောင်တွေနဲ့ ချည်နှောင်ထားသလို ကွာတဲ့ အခါမှာ လည်း စည်းတွေဘောင် တွေနဲ့ ကွာရှင်းရပါမယ်။  ဘဝနှစ်ခု ပေါင်းစပ်တဲ့ လက်ထပ်တဲ့အချိန်မှာ နှစ်ဦးနှစ်ဖက်အသံကို ကြားတဲ့သက်သေ လိုသလို၊  ကွာရှင်းတဲ့ အခါမှာလည်း နှစ်ဖက်စလုံးရဲ့သက်သေ လိုပါတယ်။ ဘယ်အရာကိုမှ သက်သေမထူဘဲ လုပ်လို့မရပါဘူး။

ဒီခေတ် မိန်းကလေးတွေက လှတာတွေ၊ လိုချင်စရာတွေပေါပါတယ်။ ယောကျာ်းလေးတွေက အာရုံကျသွား၊  ငြိသွားတာနဲ့ပဲ ပထမတစ်ယောက်ကို အဝတ်စုတ်ပစ်သလို တိခနဲ ပစ်လိုက်လို့မရပါဘူး။  ဖန်ဆင်းရှင်က ဒီလို ဒုက္ခမျိုးကို ဘယ်တော့မှ ခွင့်မပြုထားပါဘူး။ တကယ့်ကို ကျွန်မတို့ လိုက်နာရမယ့်ကျမ်းတော်မြတ် ကုရ်အာန်ထဲမှာ အဲဒီလိုအလွယ်တကူကွာလို့ရတယ်လို့ မဖော်ပြထားဘူး။  ဒါကြောင့် ဒေါသနဲ့ပြောလိုက်လို့ အိမ်ထောင် တစ်ခုကို တစ်ခါတည်းပြတ်သွားလောက်အောင် အစ္စလာမ်က မညွှန်းဆိုထားပါဘူး။

အလွယ်တကူ ကွာရှင်းခံရခြင်းက အယူအဆမှားလို့ မသိဘဲ လက်ခံထားရတဲ့ အမျိုးသမီး တွေအများကြီးပါ။ နောက်တခုကတော့ ‘ငါက တိုင်လိုက်ရင် ငါ့ဆီငါ့ယောကျာ်း ဘယ်တော့မှ ပြန်လာတော့မှာမဟုတ်ဘူး’ ဆိုတဲ့ စိုးရိမ်မှုတွေနဲ့ ဥပဒေအကာအကွယ် ယူဖို့ တွန့်ဆုတ်ကြရင်း နောက်မိန်းမကို လက်ထပ်သွားတာကို ထိုင်ကြည့်နေရတဲ့ အမျိုးသမီးတွေအများစုပါပဲ။

လူသိမှာ စိုးရိမ်တဲ့ မိဘဆွေမျိုးအသိုင်းအဝိုင်းကြောင့် ဖုံးကွယ်နေထိုင်နေကြရတဲ့ အမျိုးသမီးတွေ၊  ပညာရေး အခြေခံ နည်းပါးတဲ့ အသိုင်းအဝိုင်းတွေက အသက်ငယ်ငယ်အရွယ်အမျိုးသမီးတွေက အိမ်ထောင်ရှိ အမျိုးသားတွေရဲ့လူလွတ်လို့ လိမ်လည်တောင်းရမ်း လက်ထပ်ခံရပြီး ဘဝပျက်သွားတာတွေ နဲ့ မခံနိုင်လွန်းလို့ ရှေ့ထွက်လာပေမယ့် တရားစရိတ် မတတ်နိုင်လို့ မိသားစု ပြိုကွဲခံလိုက်ရတဲ့ အမျိုးသမီးတွေနဲ့ အစစအရာရာ ဆုံးရှုံးနေကြတယ်။

ဒါတွေကကိုယ်တိုင်မြင်ခဲ့ရသလို ကူညီညှိုနှိုင်းတိုင်ပင်ပေးခဲ့တယ်။ ရှေ့နေတွေဆီ ကိုယ်တိုင်လိုက်ပို့ခဲ့ရတာတွေ လည်းရှိတယ်။ ကျွန်မတို့က ထောက်ပံ့မှု ရရှိတာနည်းပြီး ကိုယ်ထူကိုယ်ထလုပ်ဆောင်ရတာများတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့်အချက်အလက်ကိန်းဂဏာန်းအတိအကျကို စာရင်းပြုစုထားနိုင်မှုမရှိပါဘူး။ ဒါပေမယ့် မွတ်စလင်အမျိုးသမီးတွေ ဆုံးရှုံးမှုအရမ်းကိုများနေပြီ။
ပြီးတော့ ဒီဆုံးရှုံးမှုက မိန်းကလေးတစ်ယောက်တည်းခံရတာမဟုတ်ပါဘူး။ လူ့အသိုင်းအဝိုင်း တစ်ခုလုံးပါ ဆုံးရှုံးနစ်နာမှုရှိနေတာပါ။

မေး - လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဆုံးရှုံးနစ်နာတယ်လို့ ဆရာမက ဘာကြောင့် အခိုင်အမာပြောနိုင်တာလဲ။

ဖြေ-  တစ်လင်တစ်မယား စနစ်ကို ဦးစားပေးတဲ့၊  အပျိုစင်ကို တန်ဖိုးထားတဲ့ မြန်မာ့လူမှုနယ်ပယ်မှာ နေထိုင်ကြတာကြောင့်  မွတ်စလင်မိန်းကလေးတွေက အိမ်ထောင်တစ်ခုတည်ထောင်ကြရာမှာ ဖိအားတွေပိုရှိပါတယ်။  တူနှစ်ကိုယ်အိမ်ထောင်တစ်ခု ဘယ်လို ပုံစံတည်ထောင်မလဲ ဆိုတာနှစ်ယောက်စလုံးမှာ လူမှုရေးဆိုင်ရာ ကတိကဝတ် တွေရှိတယ်။  ပြီးတော့ အမျိုးသမီး တွေက အိမ်ထောင်ကျပြီးသွားရင် ဘဝကို ပုံအပ်လိုက်ကြတာများတယ်။  အဲဒီလိုအချိန်ကျမှ ယောကျာ်းလုပ်သူက “နင်နေခဲ့တော့၊ ငါမပေါင်းနိုင်တော့ဘူး” ဆိုပြီး ကွာရှင်းခံရရင် စိတ်ပိုင်း ဆိုင်ရာလည်း ထိခိုက်တယ်။ ယောကျာ်းတစ်ယောက်ကို ထိန်းမထားနိုင်ဘူး၊ “သူ့ယောကျာ်းသူ့ကို ပစ်သွားတယ်” ဆိုပြီး ပတ်ဝန်းကျင်မှာလည်း အရှက်ရတဲ့ဒဏ်ကို ခံစားရတယ်။  သူခံစားရတဲ့ ဒဏ်ကို သူ့သားသမီးတွေ ခံစားရပါတယ်။

သူ့သားသမီးတွေ ခံစားရတဲ့ ဒဏ်ရဲ့အကျိုးဆက်က စာသင်ခန်းတွေအထိရောက်တယ်။  မိသားစုပုံမှန်မဟုတ်တဲ့ ကလေးတစ်ယောက်က ဘယ်လိုပုံစံပြုမှုတတ်တယ် ဆိုတာကို ဆရာမ တစ်ယောက် အနေနဲ့ ကောင်းကောင်း သိတယ်။  ကလေးတစ်ယောက်ကို မိဘနှစ်ယောက်က လက်ပြပြီးကျောင်းကားပေါ်တင်ပေး လိုက်တာနဲ့ အိမ်မှာ အရှုပ်အထွေးတွေကို အမေလုပ်သူက ငိုပြီးကျန်ခဲ့တာကို မြင်ခဲ့ရတဲ့ ကလေးတစ်ယောက် ကျောင်းလာရတဲ့ ခံစားမှုက လုံးဝကွဲပြားပါတယ်။

မိဘ အိမ်ထောင်ရေးအဆင်မပြေတာကို ကိုမြင်တွေ့ ခံစားရတဲ့ ကလေးတစ်ယောကိရဲ့ဘဝက အင်မတန်ကို ထိခိုက်ပါတယ်။ ဒီကလေးရဲ့အပြုအမူက ကျောင်းကို ရောက် လာပြီးဆိုရင် အဲဒါ society (လူ့အသိုင်းအဝိုင်း) တစ်ခုလုံးကိုပါ ထိခိုက်တော့မှာပါ။

မွတ်စလင်အမျိုးသမီးတွေအနေနဲ့ နောက်အိမ်ထောင်ပြုဖို့၊ ပြေလည်ဖို့ဆိုတာ ခက်ခဲပါတယ်။ နောက်အိမ်ထောင် ထူထောင်လိုက်ရင်လည်း ရိုက်ခတ်မှုတွေဆိုတာ လာတာပဲ၊  အများကြီးအနှောင့်အယှက်တွေရှိတယ်။
ဒါကြောင့် ပညာတော်သော၊ ဗလငါးတန်ပြည့်စုံသော ကလေးတွေနဲ့ ပတ်ဝန်ကျင်ကိုတည်ဆောက်ဖို့ဆိုရင် Broken Famaily (ပြိုကွဲနေသော မိသားစု)နည်းအောင်လုပ်ရမယ်။ ဒါကြောင့် broken family တစ်ခုဖြစ် အောင်အားမပေးပါနဲ့။ ညှိပေးကြပါ။

မေး -  မွတ်စလင် အိမ်ထောင်ရေးတစ်ခုမှာ ဒီလိုဆုံးရှုံးနစ်နာမှုတွေက ဘာတွေကြောင့် ဖြစ်နေတာလဲ။  ကိုးကွယ်တဲ့ ဘာသာတရားကြောင့်များလား။

ဖြေ-   ဘာသာတရားက အဲလိုမဟုတ်ပါဘူး။ ဘာသာတရားကိုအသုံးပြုတဲ့ ပုဂိုလ်တွေက ပုံဖျက်တာကို ခံနေရ တယ်။  ဘာသာတရားကို လွဲမှားစွာ ဘာသာပြန်တာကြောင့် ကိုယ်တိုင်သိနားလည်မှုလွဲတယ်၊ အဲဒါကို ပြန်ပြီးတော့ မျှဝေမိတဲ့အခါမှာ လွဲမှားတဲ့ သတင်းအချက်အလက်တွေ ပေးသလို ဖြစ်နေတယ်။ ကျွန်မတို့ရဲ့ အိမ်ထောင်တစ်ခုမှာ စည်းနှောင်မှုအားသုံးခုရှိပါတယ်။

တစ်ခုကတော့ ဘာသာရေးအရ မဖြစ်မနေ “နေကာရ်” ဆိုတဲ့လက်ထပ်စာချုပ်တစ်ခုကို အစ္စလာမ်ဘာသာအရ လုပ်တဲ့အခါမှာ စနစ်တကျ ခိုင်မာတဲ့ စည်းမျဉ်း စည်းကမ်း စည်းနှောင်မှုပြည်စုံမှ လက်ထပ်မှု ပြီးမြောက်တယ်။  အဲလိုစည်းနှောင်မှုတွေ လုပ်ထားပြီးတော့မှ ရုတ်တရက် မပေါင်းနိုင်တော့တဲ့အခါမှာ တစ်ဦးတည်း ဆုံးဖြတ် ခွင့်မရှိဘူး။ မိန်းကလေးဘက်က ကွာရှင်းခွင့်တောင်ခံရင်လည်း သက်သေတွေနဲ့ အကြောင်းပြချက်တွေက ခိုင်လုံရပါမယ်။

နောက်တစ်ခုကတော့ နိုင်ငံတော်က မိသားစု အနေနဲ့ အသိအမှတ်ပြုလိုက်တဲ့ စည်းနှောင်းမှုပါ။  အိမ်ထောင် တစ်ခုဖြစ်သွားပြီ၊ ကလေးရပြီဆိုရင် “မွေးစားရင်း”ဆိုတာထည့်ရပြီ၊  အိမ်ထောင်စုဇယားဆိုတဲ့ အရာကို ဖြည့်ရ ပါပြီ၊ ဒါက ကိုယ်နေတဲ့ နိုင်ငံရဲ့စည်းနှောင်မှုပါ။

နောက်ဆုံး တတိယတစ်ခုကတော့ ဘယ်သူ့မှ အလွယ်တကူမမြင်နိုင်တဲ့ နှလုံးသားချင်းစည်းနှောင်မှုပါ။  ကုရ်အာန်ထဲမှာ ‘နေကာရ် ဖတ်ပြီးရင် အမျိုးသမီးနဲ့ အမျိုးသားကြားမှာ ချစ်ခြင်းမေတ္တာကို ငါထည့်ပေးတော်မူတယ်’ လို့ ပါတဲ့အတွက် လင်ရယ်၊ မယားရယ်လို့ သတ်မှတ်လိုက်တာနဲ့ “ချစ်ခြင်းမေတ္တာ”က အလိုလိုဖြစ် တည်ပါတယ်။ သန်းခေါင်စာရင်းတို့ လက်ထပ်စာချုပ်တို့ဆိုတာ ဒေါသအလျောက် ဆွဲဖြဲလိုက်လို့၊  ဖျက်ဆီးလိုက်လို့ ရတယ်။  နှလုံးသားချင်းစည်းနှောင်မှုကိုတော့အလွယ်တကူ ‘ဆွဲဖြဲ’ လိုက်လို့မရပါဘူး။

အိမ်ထောင်တစ်ခုမှာ ဒေါသအလျောက် မကျေနပ်ချက်အရ ရုတ်တရာက် လူဆိုတာဦးနှောက်ကို မသုံးနိုင်ခဲ့ လို့ ပြောထွက်တာတွေရှိနိုင်ပေမယ့် အချိန်လေး တစ်ခုခြားတာနဲ့ ဦးနှောက်ကို ပြန်သုံးတော့တယ်။  ဒေါသပြေရင် ဆွေမျိုးအသိုင်းအဝိုင်း၊  သိက္ခာ၊  ချစ်ခြင်း မေတ္တာ၊  ကလေးရှိရင် မိသားစုတွယ်တာမှု ဆိုတာတွေကို ပြန်ပြီးတော့ စဉ်းစားကြပါတယ်။

ဒီလောက်တောင် ခိုင်ခိုင်မာမာချည်နှောင်ထားတဲ့ အရာတွေကို နောက်ဆက်တွဲ အကျိုးဆက်တွေ မစဉ်းစား လိုက်မိဘဲ မဆင်မခြင်နဲ့ ဒေါသအလျောက် “တွလားက်”ဆိုတဲ့ စကားသုံးခွန်းကို ပြောလိုက်တာနဲ့ စက္ကန့်ပိုင်း အတွင်းမှာ ဒီစည်းနှောင်မှုတွေက ပြတ်နိုင်သလား၊ မဖြစ်နိုင်ဘူး။  ဘယ်လို့မှ မဖြစ်နိုင်တဲ့ အရာပါ။

ဒါပြင် ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ကွာရှင်းမယ်ဆိုရင် စဉ်းစားနိုင်အောင် အချိန်ကာလဆိုတာ “လိုတယ်” လို့ အတိအလင်းပြဋ္ဌာန်းထားတယ်။

မေး -  ဘာသာရေးကြောင့် အိမ်ထောင်တွေ အလွယ်တကူကွဲနေတာ မဟုတ်ဘူးဆိုရင် ဘာကြောင့်ဆိုတာ သေချာရှင်းပြပေးနိုင်ပါလား။

ဖြေ - ဒီမေးခွန်းကို ဖြေရင် ကျွန်မအသိုင်းအဝိုင်းက ကျွန်မကို ဝိုင်းဝန်းပြစ်တင်ကြမယ်ဆိုတာ သိပေမယ့် မေးလာတဲ့အတွက် ကျွန်မဖြေမယ်။
ယောကျာ်းဘက်က ရင်ထဲက ပြတ်တာမဟုတ်ဘဲနဲ့ ဒေါသအလျောက် အလွယ်တကူ “တွလားက်”ပေးတာကို ပိုင်ပါတယ်လို့ ကြားကထောက်ခံလိုက်တဲ့၊  ဆုံးဖြတ်ချက်ပေးလိုက်တဲ့ အဖွဲ့တွေရှိနေခြင်းကြောင့်လည်း အိမ် ထောင်ပြို ကွဲမှုတွေဖြစ်နေတယ်။ အဲလိုဆုံးဖြတ်ခံထားရတော့ ဘာသာရေးအရလို့ ထင်ပြီးတော့ အပြစ်ဖြစ်မှာ စိုးတာကြောင့် ရှေ့လည်း ဆက်မတိုးရဲဘူး။  ဒီနေရာမှာ ဒေါသအလျောက်ပေးလိုက်တဲ့ “တွလားက်” ဆိုတာအပေါ် “အထမြောက်”ပါတယ်လို့ ဖသတ္တာဝါ (ဓမ္မသတ်ဆရာတွေပေးတဲ့ မှန်ကန်ကြောင်းထောက်ခံချက်)ပေးတဲ့ ဆရာသခင်တွေမှာလည်း တာဝန်ရှိပါတယ်။

ဓမ္မဆရာတွေအနေနဲ့ အမျိုးသားတစ်ယောက်က သုံးတွလာက်းပေးတယ်လို့ လာပြောတာနဲ့ အဲဒီ အမျိုးသား မလိမ်တတ်၊  မညာတတ်ဘူးလို့ လက်ခံလိုက်တာလား။ မိန်းကလေးဘက်ကော ခေါ်မေး၊ စုံစမ်းမှုတွေ လုပ်ပါသလား။  လင်နဲ့မယားလျှာနဲ့သွားလို ဖြစ်တဲ့ အဖြစ်အပျက်တွေ ၊ စည်းနှောင်နေတဲ့ အချက်တွေကို ထည့်တွက်ကြပါသလား။ အဲလိုတွေ မစဉ်းစားဘဲ ထုတ်ပေးလိုက်တဲ့ “ဖတ္တာဝါ” ဆိုတဲ့ စာရွက်တစ်ရွက်ဆိုရင် မိန်းမတစ်ယောက်ရဲ့ဘဝကို သတ်လိုက်တာနဲ့ အတူတူပါဘဲ။  ဘာကြောင့်လဲဆိုတော့ အလွယ်တကူကွဲချင်နေတဲ့ ယောကျာ်းလေးတွေက ဘာသာရေးကို အကြောင်းပြပြီး ဒီထောက်ခံချက် ယူမယ်ဆိုတာတွေဖြစ်လာမယ်။  ဒါကမိန်းကလေးတွေကို ဖျက်ဆီးတာ၊  လူမှုအသိုင်းအဝိုင်းကို ပြဿနာတွေ များအောင်လုပ်နေတာလို့ ကျွန်မ ပြောချင်တယ်။

စိတ်မထိန်းနိုင်လို့ တွလားက် ပေးလိုက်မိပေမယ့် ပြန်ပေါင်းချင်လို့ ဒုက္ခရောက်နေတဲ့ လင်မယားတွေလည်း ကျွန်မကြုံဖူးပါတယ်။ ဒီလို အချိန်နည်းနည်းခြားလို့ ဒေါသငြိမ်းပြီး နှစ်ဖက်စလုံးက ပြန်ပေါင်းချင်တဲ့ အချိန်၊  လင်မယား အချင်းချင်း ပြေလည် ပြီး မိသားစုတစ်ခုပြန်တည်ဆောက်ချင်တဲ့ သူတွေအတွက် “ပိုင်ပါတယ်”လို့ ပေးလိုက်တဲ့ ဆရာသခင် တွေ၊  ဆရာကြီးတွေရဲ့ဖတ္တာဝါက နှောင့်ယှက်လိုက်သလိုဘဲ။
ဒါကြောင့် ဒေါသအလျောက်ပေးတာက အပြီးအပိုင်းကွဲတာမဟုတ်ဘူးလို့ တရားနည်းလမ်းတကျညွှန်ပေးတဲ့ ဆရာအရှင်များဆီ ရောက်သွားရင် မိသားစုတွေလည်း ဒီလိုဒုက္ခခံစားရမှာ မဟုတ်ဘူး။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အိမ်ထောင်စုတစ်ခုကို ဆက်တည်ဆောက်သွားလို့ရမယ်။  လင်ဖြစ်ခဲ့၊ မယားဖြစ်ခဲ့တဲ့ လူနှစ်ယောက်ပြန်ပေါင်းစည်းနိုင်တယ်ဆိုတာ မင်္ဂလာတစ်ပါးပဲ။

ကျွန်မတို့ အစ္စလာမ်ဘာသာမှာ ကောင်းသောနည်းနဲ့ အိမ်ထောင်တစ်ခုကို ပြုပေးခြင်းက “ဗလီ”တစ်လုံးဆောက် တဲ့ ကုသိုလ်နဲ့ ညီမျှတယ်ဆိုတဲ့ အဆိုအမိန့်ရှိပါတယ်။  အဲဒီလိုပဲ ချစ်ချစ်ခင်ခင်စုစည်းနေတဲ့ လူနှစ်ယောက်ကို သွေးထိုး၊ သံသယဖြစ်အောင်၊ ကွဲအောင်လုပ်တာကတော့ အင်မတန်ကို အပြစ်ကြီးပါတယ်။

ဒါကြောင့်ပတ်ဝန်းကျင်မှာ အိမ်ထောင်ပြိုကွဲ ပျက်စီးသွားတာတွေက နမူနာကောင်းတွေမဟုတ်ဘူး၊  နမူနာဆိုး တွေ ပေးနေတာဆိုတာ ဆရာသခင်တွေ အနေနဲ့ ဟောပြောလမ်းညွှန်ပေးကြပါ။  အဲဒီလိုနမူနာဆိုးတွေ ဖြစ်သွားအောင် ဦးမဆောင်ပေးကြပါနဲ့လို့ တရားဟောဆရာတွေ၊  အဖွဲ့အစည်းတွေကို မေတ္တာရပ်ခံချင်တယ်။

နောက်ပြီး တစ်ထိုင်တည်း သုံးတွလားက်ပေးတာက လွဲမှားနေတဲ့ အယူအဆဆိုတာကို သိရဲ့သားနဲ့ အမုန်းမခံနိုင်လို့ ပါးစပ်ပိတ်၊  ခေါင်းရှောင်နေတဲ့ သူတွေဆီမှာ လည်း တာဝန်ရှိပါတယ်။
လွဲမှားနေတာကို တာဆီးဖို့ မရပ်တည်ပေးဘဲ လုပ်ခွင့်ပြုထားရင် တချိန်ချိန်မှာ အဲဒီအယူအမှား တွေက ကိုယ့်သမီး၊ ကိုယ့်မြေးမဆီ အလှည့်ရောက်လာရင် ဘယ်လိုခံစားကြမလဲ။

မေး - ဥပဒေတွေနဲ့ တားဆီးဖို့လိုနေပြီလား။

ဖြေ - အိမ်ထောင်တစ်ခု ပြိုကွဲတယ်ဆိုတာ မိန်းကလေးပဲ အရှက်ရတာမဟုတ်ပါဘူး၊ အိမ်ထောင်တစ်ခုကို တည်မြဲအောင် မထိန်းသိမ်းနိုင်တဲ့ ယောကျာ်းလေးအတွက်လည်း ရှက်စရာဆိုတာ သိရပါမယ်။
နိုင်ငံအခြေအနေအရတော့ ဥပဒေနဲ့ တားမြစ်တဲ့ အဆင့်တော့ မသွားနိုင်လောက်သေးဘူး။  အစ္စလာမ် ဘာသာကို နားလည်တဲ့  လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လောက်က ဒီလိုအခက်အခဲတွေ ကြုံနေ ရတယ်၊ မြန်မာနိုင်ငံမှာ ရှိတဲ့ လူ့အရင်းအမြစ်တွေ ထိခိုက်နေတယ်ဆိုတဲ့ ရှုထောင့်မျိုးကို တင်ပြပေးနိုင်ရင် ကောင်းပေမယ့် မဖြစ်နိုင်သေးဘူး၊ဖြစ်နိုင်တာကတော့ အိမ်ထောင်တစ်ခုပြုရင် အစ္စလာမ်နည်းအရ စာချုပ်ချုပ်သလို၊ တရားရုံးကိုသွားပြီးတော့ ဥပဒေအရလည်း လုပ်ဆောင်ပါ။  အဲဒီလိုပဲ ကွာရှင်းတဲ့အခါကျရင်လည်း မိသားစုထဲမှာပဲ တိုးတိုးလုပ်၊  အစိုးရ အသိအမှတ် ပြုတဲ့ မူဆလင်အဖွဲ့ တွေက ထုတ်ပေးတဲ့ စာနဲ့ပဲ မပြီးဘဲ၊ တရားရုံးမှာရှိသေးတဲ့ နည်းလမ်းကိုလည်း သွားပါ။  အဲလိုလုပ်ခြင်းအားဖြင့် အစ္စလာမ်ဘာသာအရ တွလားက်ပေးလိုက်လို့ ပေါင်းခွင့်မရှိတော့ရင်တောင် မြန်မာ့ ဥပဒေအရ လက်ထပ်ထား ရင် ပေါင်းသင်းခွင့် ရှိတဲ့နည်းလမ်း၊  ဥပဒေအရ တောင်းဆိုပိုင်ခွင့် တွေကို မိန်းကလေးကသွားနိုင်ပါလိမ့်မယ်လို့ ယူဆတယ်။  နည်းလမ်းနှစ်မျိုးစလုံးက ကွာလို့ရပြီဆိုမှ ဒီအိမ်ထောင်ပြို ကွဲတော့မယ်။

နောက်တခုကတော့ မိဘတိုင်း၊ သတို့သား၊ သတို့သမီးတိုင်းကလည်း ဘာသာရေးမှာ ရှိတဲ့ ကိုယ့်အခွင့်အရေးကို ကိုယ်တိုင်လေ့လာထားရမယ်။  လက်ထပ်မှုတစ်ခု၊ မိသားစုတစ်ခုကို တည်ထောင်တော့ မယ်ဆိုရင် ဘယ်လို စိတ်နေ စိတ်ထားနဲ့ လုပ်မလဲဆိုတာကို ကုရ်အာန်ထဲမှာ အတိအကျပါတယ်။ အဲဒါကို သိအောင် ကြိုတင်ပြီး တော့ သွန်သင်၊ ပြောပြပေးရမယ်။  ဒါပေမယ့် ဘာသာတရားရဲ့အခြေခံအထိ  သွားမလေ့လာနိုင်တဲ့သူတွေ လက်လှမ်း မမီသူတွေလည်းရှိတော့ တကယ့်ဘာသာတရား အစစ်အမှန်ကို လက်လှမ်းမီးတဲ့သူတွေက ကူညီပြော ပြပေးရမယ်။

ဒါပြင် နေကာရ်(လက်ထပ်ခြင်း)ကို တန်ဖိုးထားဖို့၊  လင်မယားကွဲတာရဲ့အကျိုးဆက်အပြစ်တွေကို  ဘာသာရေး စာ သင်ကြားပေးနေတဲ့ ဆရာတွေ၊ ဗလီမှာ တရားဟောနေတဲ့ ဆရာတွေ၊  အကြီးအကဲ လုပ်နေသူတွေက ကျွန်မတို့ ဘာသာဝင်တွေ အများဆုံးစုစည်းတဲ့ သောကြာနေ့ဝတ်ပြုခြင်း၊  ဘာသာရေး ကျောင်းတွေနဲ့ ဘာသာရေးစာပေ၊  စာစောင်တွေကနေတဆင့် အသိပညာပေးရပါမယ်။  အပြင်ပတ်ဝန်းကျင်မှာ သာယာတဲ့မိသားစုတစ်ခုကို ထူထောင်တဲ့ နည်းလမ်းတွေ ပေးရပါမယ်။ ဘာသာရေးမှာ ပေးထားတဲ့ နည်းလမ်းတွေ၊  နမူနာတွေအခိုင်အမာရှိပါတယ်။  ဒါတွေကို ပြောပေးရပါမယ်။

ယောကျာ်းလေးကလည်း လက်ထပ်ချင်တဲ့ မိန်းကလေးကို ရွေးချယ်တောင်းရမ်း ခွင့်ရှိသလို၊  မိန်းကလေး ဘက် ကလည်း လက်တွဲမယ်သူ့ကို လွတ်လွတ်လပ်လပ် ဆုံးဖြတ်ခွင့်ပေးရမယ်။ သူတို့ နှစ်ဦးကို လက်မထပ်ခင် မှာ တွေ့ခွင့်ပေးရမယ်။ ညှိုနှိုင်းခွင့်၊ တွေ့ခွင့်၊ လေ့လာခွင့် ပေးကိုပေးရမယ်။

နောက်ဆုံးအရေးကြီးဆုံးတခုကတော့ အမျိုးသမီးဆိုတာ အသုံးချခံ တစ်ခုမဟုတ်ဘူး၊  ချစ်စရာလည်းေ ကာင်းသလို၊  တန်ဖိုးထားစရာလည်း ရှိတယ်ဆိုတာကို ယောကျာ်းတွေ လေးစားတဲ့ ဆရာသခင်တွေက သင်ကြားပေးရမယ်။ ဒါမှ အမျိုးသမီးကို တန်ဖိုးထား တတ်လာမှ ကိုယ့်အမေ၊ အစ်မ၊ ညီမ၊ မိန်းမနဲ့ ကိုယ့်သမီး၊ ချွေးမတွေကိုလည်း တန်ဖိုးထားတတ်လာမယ်။

 အလ္လာက၊  အစ္စလာမ်ဘာသာက ကျွန်မတို့ကို အခွင့်အရေး အပြည့်ပေးထားတယ်။ ဒါပေမယ့် အလ္လာနဲ့ ကျွန်မတို့အကြားမှာ အယူသည်းမှုတွေနဲ့ စုစည်းနေတဲ့ ယောကျာ်းတစ်လွှာခံနေတယ်။ ဒါကို ထိုးဖောက်ဖို့က ဒီအလွှာထဲက အယူမသည်းတဲ့၊ ဘာသာတရားကို သေချာနားလည်တဲ့ အမျိုးသားတွေ အကူအညီ အမှန် တကယ်လိုအပ်ပါတယ်။  အစ္စလာမ်ဘာသာကို အစ္စလာမ်အတိုင်းပဲ ကျင့်ဝတ်တွေကို ချပြပါ။ မပြုမပြင်၊  မချဲ့ကား ကြပါနဲ့။  လူဖြစ်လာရင် ယုံကြည်ရာဘာသာတရားဆိုတာရှိကြပါတယ်။ ဘာသာတရားကို ကိုယ်တိုင်လေ့လာဆန်းစစ်ပါ။  ဒါမှ ဘာသာတရားကို တလွဲအသုံးချနေတဲ့ လူတွေရဲ့မှိုင်းမမိမှာပါ။

Mizzima Weekly