ကျန်​ရှိသက်​တမ်​းတွင်​ တံတား​ပေါင်​း ၄ဝဝ ​ကျော်​ပြီးစီး​အောင်​ တည်​​ဆောက်​မည်​ဟု သမ္မတ​ပြောကြား

ကျန်​ရှိသက်​တမ်​းတွင်​ တံတား​ပေါင်​း ၄ဝဝ ​ကျော်​ပြီးစီး​အောင်​ တည်​​ဆောက်​မည်​ဟု သမ္မတ​ပြောကြား
 ဓာတ်ပုံ-သမ္မတရုံး

ရန်​ကုန်​၊ ​အောက်​တိုဘာလ ၂၉ ။          ။ လက်​ရှိအစိုးရ၏ ကျန်​ရှိသည်​့ သက်​တမ်​းအတွင်​း  ဒေသအလိုက် လိုအပ်နေသည့် တံတားအစင်းပေါင်း ၄ဝဝ ကျော်အား ပြီးစီးအောင် တည်ဆောက်သွားရန်  စီစဉ်ထား​ကြောင်​း နိုင်​ငံ​တော်​သမ္မတ ဦးဝင်​းမြင်​့က ​ပြောကြားသည်​။

" အခုလို လမ်းတံတား တည်ဆောက်ရေး​တွေ၊ စီမံကိန်း လုပ်ငန်း​တွေမှာ ပြည်သူ့ဘဏ္ဍာငွေ​ သုံးစွဲရာမှာ လေလွင့်မှု မရှိစေရေးအတွက် ဒေသခံပြည်သူ​တွေ၊ သက်ဆိုင်ရာ တာဝန်ရှိသူ​တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ လိုပါတယ်​။ ပြည်သူ ့ဘဏ္ဍာငွေ​​တွေကို အသုံးပြုဆောင်ရွက်တဲ့ စီမံကိန်း​တွေက ဒေသအကျိုး ဖြစ်ထွန်းစေမယ့်​စီမံကိန်း​တွေဖြစ်ဖို့လိုပါတယ်​။ ဒါ့အပြင်​ စီမံကိန်း​တွေကို လက်သင့်ရာ လုပ်ငန်းအပ်နှံခြင်းမျိုး​တွေ မရှိဖို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားတဲ့ တင်ဒါစည်းမျဉ်းစည်းကမ်း​တွေအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူ​တွေနဲ့ ဌာနဆိုင်​ရာ​တွေက တိတိကျကျ လိုက်နာမှုရှိကြဖို့အတွက်​  သတိပေးလိုပါတယ်​" နိုင်​ငံ​တော်​သမ္မတက ​ပြောကြားခဲ့သည်​။

စီမံကိန်းများ ဆောင်ရွက်သည့်နေရာတွင် အကယ်၍ အဆင့်လိုက် ခွဲတမ်းချဝေပုံကျ ခွဲယူကြပြီး ပြည်သူများအတွက် ထိထိရောက်ရောက် မရှိတော့သည့် ဘဏ္ဍာငွေဆုံးရှုံးမှု အခြေအနေများ ဖြစ်ပေါ်လာပါက နိုင်ငံတော်အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအရ ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနှင့်အညီ ဆောင်ရွက် ရမည်ဆိုသည်ကို အလေးထား ပြောကြားလို​ကြောင်​း သမ္မတက အသိ​ပေး​ပြောကြားခဲ့သည်​။

လာမည်​့ ၂ဝ၃ဝ ခုနှစ်တွင် နိုင်ငံတော်အတွင်း ကျေးရွာအားလုံး၏ ၈ဝ ရာခိုင်နှုန်း၊ ကျေးလက် ဒေသနေ ပြည်သူအားလုံး၏ ၉ဝ ရာခိုင်နှုန်းမှာ ကျေးလက်လမ်းများအား ရာသီမရွေး အသုံးပြုနိုင်အောင် နှစ်စဉ်နှစ်တိုင်း ဖောက်လုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်သွားမည် ဖြစ်​ကြောင်​း သမ္မတ ဦးဝင်​းမြင်​့က ထည်​့သွင်​း​ပြောကြားခဲ့သည်​။

"လမ်း​တွေ၊ တံတား​တွေအပါအဝင် အခြေခံအဆောက်အဦ​တွေ၊ တည်ဆောက်ရေး လုပ်ငန်း​တွေ ဆောင်ရွက်ကြရာမှာလည်​း အရည်အသွေး စိစစ်ထိန်းသိမ်းရေး Quality Control ကို မဖြစ်မနေ ဆောင်ရွက်ကြဖို့အတွက်​ မှာကြားထားပြီး ဖြစ်ပါတယ်​။ သတ်မှတ်ထားတဲ့ ခံနိုင်ဝန်၊ သတ်မှတ်ထားတဲ့ အချိန်ကာလ၊ မမျှော်လင့်ဘဲ ကြုံတွေ့ရတတ်တဲ့ အခြေအနေ​တွေကလွဲပြီး မဖြစ်သင့် မဖြစ်ထိုက်တဲ့ ယိုယွင်းပျက်စီးတာမျိုး​တွေ ဖြစ်ပေါ်လာပြီး ပြည်သူ​တွေဒုက္ခ တွေ့ကြုံလာရင် ​သက်ဆိုင်ရာ တာဝန်ရှိသူ​တွေ တာဝန်ယူ၊ တာဝန်ခံရမယ်​ဖြစ်​တယ်​ဆိုတာကို အတိအလင်း ပြောကြားလိုပါတယ်​"ဟု သမ္မတက သတိ​ပေး​ပြောကြားခဲ့သည်​။

​အောက်​တိုဘာလ ၂၈ ရက်​၊ ဧရာဝတီတိုင်းဒေသကြီး ရွှေသောင်ယံမြို့၌ ကျင်းပသည့် ရွှေသောင်ယံတံတား (မကျီးချောင်း) ဖွင့်ပွဲ အခမ်းအနားတွင်​ နိုင်​ငံ​တော်​သမ္မတ ဦးဝင်​းမြင်​့က ​​ပြောကြားခဲ့ခြင်​းဖြစ်​သည်​။

Mizzima Weekly