သွားပါများခရီးရောက် မေးပါများစကားရ ( ၄ )

သွားပါများခရီးရောက် မေးပါများစကားရ ( ၄ )
မုန်းချောင်းကူးတံတား ရေအောက်ရောက်ကာနီးပုံအား တွေ့ရစဉ်။

မနေ့တုန်းက စလင်းမြို့အကြောင်း မိတ်ဆက်စကား ကျနော်ပြောခဲ့ပါတယ်။

ဒီကနေ့လည်း အဲဒီစလင်းမြို့အကြောင်း နည်းနည်းတော့ ဆက်ပြောရပါဦးမယ်။ မနေ့တုန်းက စလင်းမြို့အကြောင်းပြောခဲ့ရာမှာ ဒီမြို့ရဲ့ထူးခြားတဲ့အချက်တချိို့ဟာ သာမာန်မြို့တွေထက် ပိုပြီးထူးခြားနေတယ်လို့ ကျနော်ပြောခဲ့ပါတယ်။ သူကောင်းမျိုးရိုးတွေနေထိုင်ခဲ့တဲ့မြို့၊ ကယ်ပါရွာ ရှိခဲ့တဲ့မြို့။ ရှေးဟောင်း သစ်သားပန်းပုရုပ်တွေနဲ့ချယ်မှုန်းထားတဲ့ ရုပ်စုံကျောင်းကြီးရှိတဲ့မြို့။ အစရှိတဲ့အချက်တွေ ကျနော်ပြောခဲ့ပါတယ်။

တကယ်တော့ စလင်းမြို့ဟာ အဲဒီအချက်တွေအပြင် ဒီမြို့မှာ ခေတ်စမ်းစာဆိုကြီး သိပ္ပံမောင်ဝ နေထိုင်သွားခဲ့တဲ့မြို့ဖြစ်တယ်ဆိုတာတစ်ခုတည်းနဲ့ပင် ကျနော့်မှာ စိတ်ဝင်စားလို့မဆုံးရှိခဲ့တာပါ။ စာရေးဆရာကြီး သိပ္ပံမောင်ဝဟာ ဒုတိယကမ္ဘာစစ်အတွင်း ဓါးပြတွေရဲ့လူမှားပြီးအသတ်ခံခဲ့ရသူပါ။ သူနေထိုင်ခဲ့တဲ့နေရာနဲ့ သူနေထိုင်သွားခဲ့တဲ့အိမ်ကို လိုက်ရှာကြည့်ချင်ပေမယ့် ဒီတစ်ခေါက်တော့ အချိန်မရလို့ မကြည့်ခဲ့ရပါဘူး။

စိတ်ဝင်စားမိတဲ့အချက် ရှိပါသေးတယ်။ ဒီမြို့မှာ တချိန်က အင်မတန်နာမည်ကြီးလှတဲ့ ပြူစောထီးဗိုလ် ဦးစ ဆိုတာရှိခဲ့ဖူးတဲ့အကြောင်းပါပဲ။ ဦးစဟာ ထိုစဉ်က အာဏာရဖဆပလ ဦးနုအစိုးရက ဖွဲ့ပေးထားတဲ့ ပြူစောထီးတပ်ရဲ့ ဗိုလ်တစ်ယောက်ပါပဲ။ ခုခေတ်ဆိုရင် အရင် စစ်အစိုးရအဆက်ဆက်ဖွဲ့ထားခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့လိုအဖွဲ့ပါပဲ။ နိုင်ငံရေးစကားလုံးနဲ့သုံးနှုန်းပြီးပြောမယ်ဆိုရင် အာဏာရအစိုးရက သူ့ပါတီရဲ့ကိုယ်ပိုင်လက်နက်ကိုင်တပ်၊ ခါးပိုက်ဆောင်တပ်သဘောပါပဲ။ ဦးစဟာ ပြူစောထီးဗိုလ်မလုပ်ခင်က နောက်လိုက်နောက်ပါအနည်းငယ်ရှိတဲ့ ဓါးပြဗိုလ်တစ်ယောက်လို့တော့ကြားဖူးပါတယ်။ နောက်မှ လွတ်လပ်ရေးရပြီးကာစ အာဏာရအစိုးရက သောင်းကျန်းသူနှိမ်နင်းရေးခေါင်းစဉ်နဲ့ သူ့ကိုစည်းရုံးပြီး ပြူစောထီးတပ်ဖွဲ့တဲ့အခါ ပြူစောထီးဗိုလ်အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသူပါ။ သူဟာ အဲဒီတုန်းက တကယ်လည်း ကွန်မြူနစ်သူပုန်တွေကို တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ သူပုန်တွေဟာ စစ်တပ်ကိုမကြောက် ဦးစတပ်ကိုပဲ ကြောက်ခဲ့ကြရတယ်လို့ဆိုပါတယ်။ ဦးစကလည်း ဒီတုန်းက စေတုတ္တရာမြို့ကလေးကို ကွန်မြူနစ်သူပုန်တွေလက်ထဲကနေပြီး အစိုးရက ပြန်တိုက်ယူတဲ့အခါ အင်မတန်အားကိုးခဲ့ရတယ်ဆိုပါတော့။ စေတုတ္တရာကို အစိုးရတပ်က ပြန်သိမ်းပြီးတဲ့နောက်ပိုင်း သွားရေလာရေးခက်တဲ့အပြင် သူပုန်သူကန်တွေ်ကလည်း လမ်းကဖြတ်ပြီး တိုက်ခိုက်နေကြတာမို့ ဦးစကပဲ တာဝန်ယူပြီး ဝန်ထမ်းလစာနဲ့ရိက္ခာတွေ ပို့ပေးခဲ့ရပါတယ်။ တနေ့တော့ ဦးစကို ကွန်မြူနစ်သူပုန်တွေ လက်ရဖမ်းမိသွားခဲ့ပြီး ခေါင်းဖြတ်သတ်လိုက်ကြပါတယ်။ ဦးစအလောင်းကို စစ်အခမ်အနားနဲ့ တကယ့်ကိုကြီးကျယ်ခမ်းနားစွာ အသုဘချခဲ့တာ ကျနော်ငယ်စဉ်က မြင်ခဲ့ဖူးပါတယ်။

အလျဉ်းသင့်တုန်း နောက်တစ်ခု ပြောချင်ပါသေးတယ်။

ဒီမြို့မှာ အင်မတန်လက်ရာမြောက်တဲ့ သစ်ထွင်းပန်းပုနဲ့ တည်ဆောက်ထားတဲ့ ဘုန်းကြီးကျောင်းကြီးတစ်ခုဟာ ထိရောက်မှန်ကန်တဲ့ ပြုစုစောင့်ရှောက်မှုမရှိဘဲ ဖြစ်နေတယ်ဆိုတဲ့အချက်ပါပဲ။ အမှန်ကတော့ ကျနော်ငယ်စဉ် စလင်းမှာနေထိုင်စဉ်က အဲသလို ရုပ်စုံကျောင်းကြီးက နှစ်ကျောင်းရှိတာပါ။ တစ်ကျောင်းက စောင့်ရှောက်မယ့်သူမရှိဖြစ်နေတဲ့ ကျောင်းကြီးပေါ် မသမာသူတွေ တက်ရောက်အိပ်ကြရင်းက မတော်တဆမီးလောင်ပြာကျသွားခဲ့ရပါတယ်။ အခုတော့ ရုပ်စုံကျောင်းကြီး တစ်ကျောင်းပဲ ရှိပါတော့တယ်။

ဒီရုပ်စုံကျောင်းကြီးဟာလည်း တကယ်တော့ အံမခမ်းဘွယ် အမျိုးသားယဉ်ကျေးမှုလက်ရာဟောင်းဖြစ်ပေမယ့် ထိရောက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိဘူးလို့ သိခဲ့ရပါတယ်။ ခြံစည်းရိုးအခိုင်အမာမရှိတဲ့ခြံကြီးထဲမှာ ဘယ်သူမဆို ဝင်ချည်ထွက်ချည်လုပ်နိုင်ကြလို့ တန်ဘိုးရှိတဲ့ သစ်ထွင်းပန်းပုရုပ်တွေလည်း မသမာသူတွေခိုးဝှက်ကြလို့ တော်တော်ပျောက်ဆုံးပျက်စီးနေပြီလို့လည်း သိခဲ့ရပါတယ်။

မကွေးမြို့ ကပ်ကျော်ဆရာတော်ဘုရားဦးဆောင်တဲ့ ရေဘေးကူညီကယ်ဆယ်ရေးကုန်ကားကြီးတွေဟာ စေတုတ္တရာဘက်က ပြန်လာကြသူမှန်သမျှကို လမ်းခရီးအခြေအနေမေးရင်း စလင်းမြို့မှာ တစ်နာရီနီးပါးနားခဲ့ကြပါတယ်။ စလင်းကထွက်တော့ မွန်းလွဲ တစ်နာရီရှိပါပြီ။

စေတုတ္တရာမရောက်ခင် လမ်းတဝက်လောက်မှာ ကန်ပြားရွာဆိုတာ ရှိပါတယ်။ ဒီရွာကနေပြီး စေတုတ္တရာဘက်ဆက်မသွားဘဲ ပုသိမ်မုံရွာသွား ကားလမ်းမကြီးဆီဖြတ်တက်လို့ရတဲ့လမ်းဆုံကိုရောက်ပါတယ်။ လမ်းသုံးခွဆုံတဲ့ရွာဖြစ်တာမို့ စျေးဆိုင်တချို့ကိုတွေ့ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်ငါးရက်လောက်ကစပြီး မုန်းချောင်းရေလျှံရေကြီးတော့ လူသမျှကားနဲ့လူတွေဟာ ဒီရွာမှာပဲ ရပ်နားပြီး သင်းစုံစမ်းခဲ့ကြရတာပါ။ ရှေ့ဆက်သွားလို့မရလို့ ဒီကန်ပြားရွာကပဲ တပ်ခေါက်ပြန်ကြရတယ်လို့ဆိုပါတယ်။ ပြီးတော့ တယ်လီဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းကလည်း အဲဒီအချိန်က ဒီရွာမှာပဲကောင်းကောင်းဆက်သွယ်လို့ရပြီး စေတုတ္တရာရောက်တဲ့အထိ ဘာလိုင်းမှမရနိုင်ဘူးဆိုတော့ ဒီနေရာကတဆင့်ပဲ စေတုတ္တရာရေကြီးတဲ့သတင်းကို တနိုင်ငံလုံးသိအောင် ကြိုးပမ်းခဲ့ကြရတာပါ။

ကျနော်တို့ရဲ့ ကူညီကယ်ဆယ်ရေးကားတွေဟာ ကားလမ်းရေကျော်တဲ့နေရာတချို့ကို ခက်ခက်ခဲခဲဖြတ်ကျော်ပြီးတဲ့နောက် ညနေ ငါးနာရီလောက်မှာ စေတုတ္တရာ မုန်းချောင်းကူးတံတားကြီးရဲ့ ဒီဘက်ထိပ်ကို ရောက်ကြပါတယ်။ တံတားကြီးရဲ့ ဒီဘက်ထိပ် တောင်ကုန်းတစ်ခုပေါ်မှာ စေတီတစ်ဆူနဲ့ ဇရပ်တစ်ခုရှိပြီး အဲဒီနေရာမှာပဲ ရဟန်းတော်တချို့ဦးစီးဖွင့်လှစ်ထားတဲ့ ကူညီကယ်ဆယ်ရေးစခန်းတစ်ခုရှိပါတယ်။

ကျနော်ကတော့ ကားရပ်လျင်ရပ်ချင်း အဲဒီတောင်ကုန်းပေါ်အပြေးတက်သွားပြီး မုန်းချောင်းရေအောက်က ပြန်ပေါ်လာတာ နှစ်ရက်မြောက်ပဲရှိသေးတဲ့ ချောင်းကူးတံတားကြီးကို အငမ်းမရ ကြည့်ရပါတယ်။ စေတုတ္တရာမြို့ ရေဘေးသင့်နေစဉ်ကတည်းက ဒီမုန်းချောင်းကူးတံတားကြီး ရေအောက်ရောက်တဲ့သတင်းနဲ့ ဓါတ်ပုံတစ်ပုံ ဖတ်ရတွေ့ထားခဲ့တာမို့လည်း ဒီတံတားကြီးကို စိတ်ဝင်စားနေခဲ့တာပါ။ အခုတော့ တံတားကြီးပေါ်က အမှိုက်သရိုက်တွေဖယ်ရှားပစ်လိုက်ပြီး ကုန်ကားကြီးတွေကအစ ကောင်းမွန်စွာဖြတ်ကူးလို့ရလာတာ တစ်ရက်ပဲရှိပါသေးတယ်။

ကပ်ကျော်ဆရာတော်ဘုရားခေါင်းဆောင်တဲ့ ကျနော်တို့အဖွဲ့ကို အဲဒီကူညီကယ်ဆယ်ရေးစခန်းက ရဟန်းတော်များနဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေက ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ ပါလာတဲ့ပစ္စည်းတွေကို အချိန်မဆိုင်းဘဲ မှောင်သွားတဲ့အချိိန်အထိ စာရင်းဇယားနဲ့တကွ လက်ခံနေရာချထားကြပါတယ်။ ကျနော်ကတော့ ရေအောက်က ပြန်လည်ကုန်းရုန်းထလာနို်င်ခဲ့တယ်ဆိုတဲ့ စေတုတ္တရာမြို့ကလေးဆီ လှမ်းမျှော်ကြည့်ရင်း စိတ်လှုပ်ရှားနေခဲ့ရပါ                    တယ်။

ကဲ ဒီကနေ့လည်း စေတုတ္တရာခရီးစဉ်အတွေ့အကြုံများအကြောင်း ခဏရပ်နားရပါဦးမယ်။ နောက်နေ့တွေကြရင်တော့ ရေဘေးသင့် စေတုတ္တရာမြို့ကလေးအကြောင်း ကျနော်တို့ ကြားကြမြင်ကြရပြီပေါ့။

နောက်နေ့မှာပြန်ဆုံကြသေးတာပေါ့။

လူငယ်များ ခရီးများများ သွားနိုင်ကြပါစေ။ ဒေသန္တရဗဟုသုတ ကြွယ်ဝနိုင်ကြပါစေ။

Mizzima Weekly