သွားပါများခရီးရောက် မေးပါများ စကားရ ( ၃ )

သွားပါများခရီးရောက် မေးပါများ စကားရ ( ၃ )
စလင်းမြို့ ရုပ်စုံကျောင်းကြီးမှ သစ်သားပန်းပုရုပ်အား တွေ့ရစဉ်။

မနေ့တုန်းက မကွေးမြို့ ကပ်ကျော်ဆရာတော်ဘုရားခေါင်းဆောင်တဲ့အဖွဲ့နဲ့အတူ ရေဘေးကြုံတွေ့နေရတဲ့ စေတုတ္တရာမြို့ကလေးဆီ စတင်ခရီးထွက်တဲ့အကြောင်း ရေးခဲ့ပါတယ်။ ဒီကနေ့တော့ လမ်းခရီးအတွေ့အကြုံတချို့ ဆက်ပြောပါ့မယ်။

မုန်းချောင်းရေဟာ အလျင်အမြန်ပဲနောက်ပြန်ဆုတ်သွားခဲ့လို့ ဒီကနေ့ ပွင့်ဖြူမြို့ကိုဖြတ်တဲ့အခါ ကားလမ်းပေါ် ကုန်ကားကြီးတွေ ကောင်းမွန်စွာပဲဖြတ်လာနိုင်ကြပါတယ်။ ကပ်ကျော်ဆရာတော်ဘုရားက ပွင့်ဖြူမှာ ဆန်အိတ်တချို့ ကားပေါ်ကချပြီး ပွင့်ဖြူရေဘေးဒုက္ခသည်တွေအတွက် အကူအညီပေးပါတယ်။ ပွင့်ဖြူမြို့ ကားလမ်းမပေါ်မှာသာ သွားလာလို့ရပေမယ့် လမ်းဘေးအိမ်ခြံတွေထဲမှာတော့ ရွှံ့နွံတွေ ရှိနေပါသေးတယ်။ နည်းနည်းနိမ်တဲ့အိမ်ခြံတွေထဲမှာတော့ ရေတွေရှိနေပါသေးတယ်။

စလင်းမြို့ကိုမရောက်ခင် ကားလမ်းနဲ့ လယ်ရေသွင်းမြောင်း ဘေးချင်းယှဉ်နေရာတလျောက် ကားတွေမောင်းလာကြတဲ့အခါ သိသိသာသာ သတိပြုမိတဲ့အချက်က ထနောင်းပင်တွေပါပဲ။ ငယ်စဉ် ကျောင်းသုံးဖတ်စာအုပ်ထဲက “ချိုးနှစ်ကောင် ထနောင်းပင်ထက်က လွမ်းအောင်ကူချွဲ” ဆိုတဲ့ကဗျာစာသားလေးကိုလည်းသတိရလာပါတယ်။ ထနောင်းပင်တွေဟာ မြေလတ်ဒေသရဲ့ သင်္ကေတသဘောဆောင်တဲ့သစ်ပင်တွေပါပဲ။ သူက အဖြူအကွက်အကွက်တွေ ပင်စည်နဲ့သစ်ကိုင်းတွေမှာရှိနေတာမို့ မျက်စေ့ထဲ တမျိုးတဘာသာဖြစ်စေပါတယ်။ ပြီးတော့ သစ်ပင်သစ်ကိုင်းအနေအထားက တခြားအပင်တွေထက်ပိုပြီး ပန်းချီဆန်တယ်လို့ပြောလို့ရမယ်ထင်ပါတယ်။ ခတ်နွဲ့နွဲ့ သစ်ကိုင်းတွေဖြာထွက်နေပုံဟာ ထနောင်းပင်ရဲ့ လှပတဲ့ကိုယ်ပိုင်ဟန်ဖြစ်ပါတယ်။

မနက်ခင်း ၁၁ နာရီလောက်မှာ စလင်းမြို့ထဲ ကားတွေဝင်လာခဲ့ကြပါတယ်။ လမ်းမှာ ရေဘေးကူညီကယ်ဆယ်ရေးကားတွေ တွေ့ခဲ့ရသလို စလင်းမြို့လည်ခေါင်လူစည်ကားရာလမ်းဘေးမှာလည်း ကူညီကယ်ဆယ်ရေးကားတချို့ရပ်နားထားတာ တွေ့ရပါတယ်။ တကယ်တော့ စလင်းမြို့ဟာ ကျနော်ကြီးပြင်းခဲ့ရာမြို့ပါပဲ။ ဒါပေမယ့် စလင်းမြို့ကထွက်ခွါလာပြီးတဲ့နောက် နှစ်ပေါင်း လေးဆယ်ကျော် တစ်ခေါက်မှပြန်မရောက်နိုင်ခဲ့လို့ နေရာတိုင်းလိုလို မမှတ်မိအောင်ဖြစ်နေပါတယ်။  မြို့ထဲ လျှောက်သွားပြီးကြည့်ချင်ပေမယ့့် အချိန်မရလို့ မကြည့်ခဲ့ရပေမယ့် နောက်ပိုင်း ခဏခဏရောက်ကောင်းရောက်ဦးမှာဖြစ်လို့ နောက်အခေါက်တွေကြမှ အချိန်ယူပြီးလိုက်ကြည့်ဖို့ စိတ်ထဲမှာတေးထားလိုက်ပါတယ်။

စလင်းမြို့ဟာ စေတုတ္တရာမြို့ကလေးလိုပဲ စိတ်ဝင်စားစရာအချက်အလက်တွေနဲ့ ဝေဆာနေတဲ့မြို့ပါပဲ။ မြို့ထဲလျှောက်သွားချိန်မရပေမယ့် မြို့လည်ကားဂိတ်မှာ နာရီဝက်ကျော်ကျော် ရပ်နားထားတာမို့ နီးရာလဘက်ရည်ဆိုင်ဝင်ထိုင်နားရင်း စလင်းမြို့အကြောင်း အတွေးစျာန်ဝင်မိပါတယ်။

စလင်းမြို့ဟာ မြန်မာပြည်ရဲ့ ဒုတိယပုဂံဖြစ်တယ်လို့ ဒေသခံတွေက ဂုဏ်ယူဝံ့ကြွားစွာပြောလေ့ရှိပါတယ်။ “စေတိီပုထိုး မြေကြီးကျိုးမျှ” လို့စာချိုးရလောက်အောင် စေတီပုထိုး လက်ညှိုးထိုးမလွဲရှိတဲ့မြို့လို့လည်း ဆိုကြပါတယ်။ ကျနော်ကတော့ ဒီမြို့ကို ခေတ်စမ်းစာဆိုကြီး သိပ္ပံမောင်ဝ မြို့ပိုင်ဘဝနဲ့နေထိုင်သွားတဲ့မြို့ဖြစ်တယ်ဆိုတာရယ် သူ့ရဲ့ “အညာဘုရားပွဲ” ဆိုတဲ့ ရသဆောင်းပါးထဲက မြို့ဖြစ်တယ်ဆိုတာနဲ့တင် အမြဲတန်းရင်ခန်ခဲ့ရတဲ့ မြို့ပါပဲ။ သိပ္ပံမောင်ဝဟာ စလင်းမြို့ရဲ့ ဣသိန္နရုံဘုရားပွဲအကြောင်းကို အညာဘုရားပွဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးရေးခဲ့ပါတယ်။ ကျောင်းသုံးစာအုပ်ထဲမှာလည်း ပြဌာန်းပါရှိပါတယ်။

ဒါ့အပြင် အင်မတန်ထူးခြားတဲ့အချက်တချို့ရှိနေပါသေးတယ်။ ဒီမြို့မှာ “ဘုရားထူးခံ သူကောင်းမျိုးရိုး” အစဉ်အဆက်နေထိုင်ခဲ့တယ်ဆိုတဲ့အချက်နဲ့ မြို့ကလေးရဲ့အစွန်မှာ ကယ်ပါရွာရယ်လို့လည်း ရှိခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ ဘုရားထူးခံသူကောင်းမျိုးရိုးဆိုတာက မြန်မာမင်းများလက်ထက် လယ်မြေဧကများစွာပိုင်ဆိုင်ပြီး ချမ်းသာကြွယ်ဝလို့ ဘုရင်ကိုယ်တောင်တိုင်က သူကောင်းပြုခြင်းခံရတဲ့သူတွေကို သူကောင်းလို့ခေါ်တွင်ကြပြီး တိုင်းပြည်လွတ်လပ်ရေးရပြီး နှစ်အတန်ကြာတဲ့အထိ သူကောင်းမျိုးရိုးတွေ နေထိုင်ခဲ့ကြပါတယ်။ သူတို့က ဘုန်းကြီးကျောင်းတမျှ ခြံကျယ်ကျယ် တိုက်တာကြီးများနဲ့နေထိုင်ခဲ့ကြပါတယ်။ ကျနော်ငယ်စဉ်က သူကောင်းဦးထွန်းမြအောင် ဆိုတဲ့ သူကောင်းတစ်ဦးရဲ့ခြံနဲ့ လမ်းပဲခြားတဲ့ ကပ်လျက်အိမ်မှာ နေခဲ့ဖူးပါတယ်။ သူ့ခြံကြီးရဲ့နောက်ဖေးမှာ တန်းလျားကြီးတစ်ခုရှိနေပြီး အဲဒီတန်းလျားကြီးမှာ သူကောင်းတွေရဲ့လယ်ယာမြေတွေကို မျိုးရိုးစဉ်ဆက် လုပ်ကိုင်ပေးကြရတဲ့သူတွေ နေကြပါတယ်။ အဲဒီသူတွေ အဲဒီမိသားစုဝင်အားလုံးရဲ့ စားဝတ်နေရေးကို သူကောင်းများက တာဝန်ယူရပြိီး သူကောင်းအစဉ်အဆက်ကိုလည်း အဲဒီတန်းလျားမှာနေထိုင်ကြသူတွေက ဟုတ်ပဘုရား မှန်ပဘုရား ဆိုပြီး ပြောဆိုဆက်ဆံကြတာကိုလည်း ကြားခဲ့တွေ့ခဲ့ဖူးပါသေးတယ်။

နောက်ထပ်လူတန်းစားတစ်ရပ်ကတော့ သူတောင်းစားတွေချည်းပဲ စုနေတဲ့ “ကယ်ပါရွာ”ပါပဲ။ ုသူတို့ဟာ ရှေးဘုရင်များလက်ထက်က ဘုရားကျောင်းကန်တွေကို စောင့်ရှောက်ရတဲ့ ဘုရားကျွန်များအဖြစ်ကနေဆင်းသက်လာတဲ့ မြေကျွန်ဘုရားကျွန်မျိုးရိုးတွေပါပဲ။ အဲဒီ ရွာဟာလည်း တိုင်းပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း တစတစ တိမ်ကောပပျောက်သွားခဲ့ပြီလိုံ့လည်း သိခဲ့ရပါတယ်။ သူကြီးမျိုးရိုးတွေလည်း စလင်းမြိ့မှာ မြို့ကြီးပြကြီးနဲ့ ဥရောပနိုင်ငံတွေဆီ ပြောင်းရွှေ့သွားကြပြီးဖြစ်လို့ သူတို့နောက်ဆုံးနေထိုင်သွားခဲ့တဲ့တိုက်ကြီးတွေကတော့ တချို့ ဘုန်းကြီးကျောင်းတွေဖြစ်ကုန်ပြီး တချိုကတော့ လူမနေတဲ့ တိုက်အိုတိုက်ဆွေးကြီးတွေအဖြစ် အခုထက်ထိရှိနေပါသေးတယ်။

ဒါ့အပြင် နောက်ထပ်ထူခြားလေးနက်တဲ့အချက်အလက်တချို့ရှိနေပါသေးတယ်။ စလင်းမြို့မှာ သုံးမိုင်ဝန်းကျင်ကျယ်ပြောတယ်လို့ယူဆရတဲ့ အင်မတန်သာယာလတစ်ှပတဲ့ “ဝက်သည်းကန်” ဆိုတာလည်းရှိတယ်။ ပဒုမ္မာကြာကန်ကြိီးပါပဲ။ မြို့ရဲ့ကျက်သရေဆောင်နေရာအဖြစ် အခုထက်ထိ ရှိနေပါသေးတယ်။ နောက်တစ်ခုကတော့ သစ်သားပန်းပုရုပ်တွေနဲ့ ထွင်းထုတည်ဆောက်ထားတဲ့ “ရုပ်စုံကျောင်းကြီး”တစ်ခု ရှိပါတယ်။ ကျောင်းရဲ့အတွင်းအပြင်နံရံတွေမာ သစ်သားအပေါ် ဗုဒ္ဓရဲ့ ငါးရာ့ငါးဆယ်နိပါတ်တော်လာဇာတ်လမ်းတွေ လက်ရာမြောက်စွာထွင်းထုချယ်မွှန်းထားတဲ့ ရုပ်စုံကျောင်းကြီးပါပဲ။

ကဲ ဒါကတော့ စေတုတ္တရာမြို့အသွား လမ်းမှာတွေ့ရတဲ့ စလင်းမြို့အကြောင်း ခရီးသွားဟန်လွှဲ ထည့်ပြောလိုက်တာပါ။

ဒီကနေ့ ဒီနေရာမှာ ခဏရပ်ပြီး နောက်နေ့ကြမှ ကျနော်တို့ပြန်ဆုံကြတာပေါ့။

လူငယ်များ ခရီးများများသွားပြီး အထွေထွေဗဟုသုတ ရှာမှီးနိုင်ကြပါစေဗျား။

Mizzima Weekly