NLD ပြောရေးဆိုခွင့်ရှိသူအား တရားစွဲဆိုမှုအပေါ် ဝေဖန်သူနှစ်ဦးကို ထပ်မံတရားစွဲ

By တင်ရွှေ(မဇ္ဈိမ)
28 October 2018
NLD ပြောရေးဆိုခွင့်ရှိသူအား တရားစွဲဆိုမှုအပေါ် ဝေဖန်သူနှစ်ဦးကို ထပ်မံတရားစွဲ

မင်းဘူး၊ အောက်တိုဘာ ၂၈ ။         ။ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူအား တရားစွဲသည့်အပေါ် လူမှုကွန်ရက်တွင်ဝေဖန်ရေးသားခဲ့သူ ၂ ဦးအား မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်တိုင်ကြားလိုက်သည်။

ဦးတင်အောင်ထွန်းသည် ၎င်း NLD ပါတီမှ နုတ်ထွက်မှုနှင့် ပတ်သက်၍ မီဒီယာများ၌ ဖြေကြားခဲ့သော ပါတီ၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို တရားစွဲဆိုထားစဉ် ထိုကိစ္စအပေါ် ထပ်မံ ဝေဖန်မှုများ ပြုလုပ် လာသည့် ဝေဖန်သူ နှစ်ဦးကို အောက်တိုဘာ ၂၇ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မင်းဘူးမြို့မ ရဲစခန်းတွင် ထပ်မံတိုင်ကြား အမှုဖွင့်လိုက်ခြင်းလည်း ဖြစ်သည်။

ဒေါက်တာမျိုးညွန့်၏ မီဒီယာများထံသို့ ဖြေကြားပါရှိ ချက်များသည် အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်းမှ ၎င်း၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ ထိခိုက်မှုများဖြစ်ပေါ်စေသည်ဟု ဆိုကာ မင်းဘူးမြို့မရဲစခန်းတွင်လူပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်ကာကွယ်စောင်ရှောက်ရေးဥပဒေပုဒ်မ ၁၀ ဖြင့် အောက်တိုဘာ ၂၃ ရက်နေ့က တိုင်ကြားခဲ့ပြီး ဖြစ်သည်။

ထိုစွဲဆိုမှုနှင့် ပတ်သက်ပြီး လူမှုကွန်ရက်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်သော ဖေ့စဘုတ်တွင် Nan Da အမည်ဖြင့် အသုံးပြုသည့် အကောင့်တစ်ခုမှ “အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိူးညွှန့်အား တရားစွဲသတဲ့၊ ပြုံးမိတယ်" နှင့် "တရားစွဲတဲ့(၁)ပြားတန်ကောင် ဖတ်ရန် မှတ်ရန် နောင်ဘဝထိသိရန်" ဟု ရေးသားထားသည်ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဦးတင်အောင်ထွန်းမှ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထပ်မံပြီး အဆိုပါ ဖော်ပြချက်အောက်တွင် Hlaing Min Zaw အမည်ရှိ အကောင့်မှ "တရားလို တရား စွဲဆိုခြင်းနှင့် ပတ်သက်၍ ဘာလဲဆိုတာ ရှင်းလင်းစွာသိကြရမှာပေါ့၊ တစ်ချိူ ့က ရှင်းလိုက်မှ" ဟု ရေးသား ခဲ့သလို၊ မူရင်းအကောင့်မှလည်း "ဦးပုညရေးခဲ့သလို သေးကွက်နဲ့ပင်လယ် အီးပေါက်သံနဲ့မိုးချိန်းသံ အဲ့လိုပါပဲ အဲသည့်အကောင်က ဘာမှမဟုတ်တဲ့အကောင်" ဟု ထပ်မံ ပြန်လည် ရေးသားခဲ့သည်ကို ၎င်းက ဆက်လက် တွေ့ရှိခဲ့ရသည်ဟု သိရသည်။

ယင်းအပြင် Nan Da အကောင့်ပိုင်ရှင်၏ ရေးသားချက်အောက်တွင်ပင် Ko Myat Ko အမည်ရှိ အကောင့်မှ "ပြန်ကိုက်ပြီဟေ့" ဟု စသဖြင့် အသီးသီး ရေးသားခဲ့မှုများကို တွေ့ရှိခဲ့ပြီးနောက် ဦးတင်အောင်ထွန်းမှ Nan Da အကောင့်နှင့် Ko Myat Ko အကောင့်တို့အား အရေးယူပေးရန် မင်းဘူးမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်ကြားလာခဲ့ခြင်း ဖြစ်သည်။

ထိုတိုင်ကြားမှုအား မင်းဘူးမြို့မရဲစခန်းမှ  ပြစ်မှုဆိုင်ရာအမှတ် (ပ) ၁၁၅၂/ ၂၀၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျှက် ရှိသည်ဟု သိရသည်။

 

 

Mizzima Weekly