လက်ပံတောင်းစီမံကိန်းမှ ပြန်လည်ပေးအပ်သည့် သိမ်းဆည်းမြေများတွင် ပိုလျှံမြေ မပါဝင်ဟု ဆို

လက်ပံတောင်းစီမံကိန်းမှ ပြန်လည်ပေးအပ်သည့် သိမ်းဆည်းမြေများတွင် ပိုလျှံမြေ မပါဝင်ဟု ဆို
 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း လုပ်ငန်းခွင်(ဓာတ်ပုံ- ဘိုဘို/မဇ္ဈိမ)

နေပြည်တော်၊ သြဂုတ် ၁၄ ။         ။ လက်ပံတောင်းကြေးနီစီမံကိန်းအတွင်း ဆုံးရှုံးမြေများအား ပြန်လည်ပေးအပ်ရာတွင် ပိုလျှံမြေများပါဝင်မှု ရှိမနေဟု စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၅) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆိုသည်။

ဦးသိန်းစိန် အစိုးရလက်ထက်က အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကို ဖွဲ့ယူ စစ်ဆေး စေခဲ့ရာတွင် သိမ်းဆည်းမြေ ၇၈၇၆.၇၈ ဧကသည် စီမံကိန်းကြီးတစ်ခုလုံးအတွက် မလိုအပ်သဖြင့် ပိုလျံမြေများကို ပြန်လည် ပေးအပ်ရန် အကြံပြုချက် ပါဝင်ခဲ့သည်။

ထိုအစီရင်ခံစာအကြံပြုချက်ပါအတိုင်း အကောင်ထည်ပေးရန် ၎င်းက လိုလားနေခြင်းလည်း ဖြစ်သည်။

“လိုတာထက် ပိုတယ်ဆိုတာကို ပါခဲ့တယ်။ နောက်တစ်ချက်ကတော့ ဒေသခံတွေ ဆုံးရှုံးသွားတဲ့ လယ်ယာမြေတွေကို အစားပေးတဲ့ အနေနဲ့ ၎င်းရွာပတ်ဝန်းကျင်မှာ မြေလွတ် မြေရိုင်း ၁၉၀၀ ဧကကို စိုက်ပျိုးနိုင်တဲ့ မြေဖြစ်အောင် ပြုပြင် ပေးပြီးတော့ ခွဲဝေပေးသင့်တယ်လို့ အစီရင်ခံစာက အကြံပြုခဲ့တယ်။ သို့သော် ဒီနေ့ အချိန်ထိ အဲ့ဒီမြေတွေကို ဒေသခံတွေ မရသေးပါဘူး။ ခွဲဝေပေးတာကိုလည်း လုံးဝ မလုပ်သေးပါဘူး။” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။

ထိုကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။

သို့ရာတွင် ယခု ပြန်လည်ပေးအပ်သော မြေဧက ၁၇၀၀ ၌ ပိုလျှံမြေများ ပါဝင်မှု ရှိမလာဘဲ ဒေသခံများ မူလနေထိုင်သည့် နေရာနှင့် ၃၀ ခန့်အနည်းဆုံး ဝေးသည့် နေရာတွင် ချပေးသောကြောင့် ဒေသခံများအတွက် အခက်အခဲဖြစ်ရသည်ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ဆိုသည်။

ယနေ့ သြဂုတ်လ ၁၄ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် “လက်ပံတောင်းတောင် စီမံကိန်းကြောင့် မိမိတို့ စိုက်ပျိုးလုပ်ကိုင်နေသော လယ်ယာမြေများ ဆုံးရှုံးသွားသော ဒေသခံများအား ၎င်းတို့၏ ရွာများဝန်းကျင်ရှိ မြေလွတ်၊ မြေလပ် ၁၉၀၀ ဧက ခန့်ကို စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးရန် အစီစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းတစ်ရပ်ကို အဆိုပါကိုယ်စားလှယ်က မေးမြန်းခဲ့သည်။

၎င်း မေးခွန်းနှင့် ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်လှက ဖြေဆိုရာတွင် “ စိစစ်တင်ပြထားသည့် ပိုလျှံမြေနှင့် ပတ်သက်၍ အစားထိုး ဖော်ထုတ် ပေးနိုင်ရေးအတွက် စီမံကိန်းအတွင်း ပါရှိသွားသည့် တောင်သူများအနေဖြင့် ဆက်၍ လုပ်ကိုင်လိုခြင်း ရှိမရှိကို တိုင်းအစိုးရအနေဖြင့် မေးမြန်းဆောင်ရွက်နေဆဲ   ဖြစ်သည်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အစားထိုးမြေ ပြန်လည်ပေးအပ်မှုကိစ္စနှင့် ပတ်သက်၍ နှစ်သက်ကျေနပ်မှု မရှိဟု ဆိုကာ ဒေသခံများကလည်း ယခုနှစ် အတွင်း ၄ ကြိမ်မြောက် ဆန္ဒဖော်ထုတ်မှုကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ နေရာများသည် ဒေသခံများ ဆုံးရှုံးသွားခဲ့ရသည့် နေရာများနှင့် မိုင် သုံးဆယ် ၊ လေးဆယ် ဝန်းကျင်ခန့် ကွာဝေးသည့်အတွက် မြေယာများပြန်လည်လုပ်ကိုင်လိုသောတောင်သူများအတွက် အဆင်မပြေကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောသည်။

       

 

Mizzima Weekly