သီရိလင်္ကာသမ္မတက ဝန်ကြီးချုပ်ကို ထုတ်ပယ်လိုက်တာကြောင့် နိုင်ငံရေးအကျပ်အတည်း ပိုဆိုးလာ

သီရိလင်္ကာသမ္မတက ဝန်ကြီးချုပ်ကို ထုတ်ပယ်လိုက်တာကြောင့် နိုင်ငံရေးအကျပ်အတည်း ပိုဆိုးလာ

ကိုလံဘို၊ အောက်တိုဘာ ၂၇ ။         ။ သီရိလင်္ကာ သမ္မတ မိဿရီပါလာဆီရီဆီနာဟာ ဝန်ကြီးချုပ် ရာနေးဝီကရမ်မီဆင်းချ်ကို ဝန်ကြီးချုပ်ရာထူးက ထုတ်ပယ်ကြောင်း တရားဝင်စာကို အောက်တိုဘာ ၂၇ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဝန်ကြီးချုပ် ရာနေးကို ထုတ်ပယ်လိုက်တဲ့ တုန်လှုပ်ဖွယ် ကြေညာချက်ဟာ ကျွန်းနိုင်ငံ သီရိလင်္ကာအတွက် ဖွဲ့စည်းပုံဆိုင်ရာ နိုင်ငံရေးအကျပ်အတည်း ပိုမိုဆိုးဝါးစေတဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။

ရာနေးကို ထုတ်ပယ်ပြီး ဝန်ကြီးချုပ်နေရာမှာ အငြင်းပွားဖွယ် သဘောထားတင်းမာတဲ့ ခေါင်းဆောင်ဟောင်းဖြစ်သူ မဟိန္ဒာရာဂျာပတ်စီကို နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ကြောင်း သမ္မတရဲ့ ကြေညာချက်အပြီး အောက်တိုဘာ ၂၇ ရက်မှာတော့ ရာဂျာပတ်စီဟာ ဝန်ကြီးချုပ်သစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပါတယ်။

ဒါပေမယ့် ထုတ်ပယ်ခံ ဝန်ကြီးချုပ် ရာနေးဟာ တရားဝင် ဝန်ကြီးချုပ်အိမ်တော်ရာ Temple Trees မှှာပဲ ဆက်လက်နေထိုင်နေတုန်းပဲ ဖြစ်ပြီး သမ္မတ ဆီရီဆီနာထံကို ၎င်းဟာ ရာထူးမှာ ဆက်လက်ထမ်းဆောင်နေဆဲဖြစ်တယ်ဆိုတဲ့ စာကိုလည်း ရေးသားပေးပို့ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရာနေးက ၎င်းရဲ့ ပါတီဝင်အများစုရှိရာ လွှတ်တော်ကပဲ ၎င်းကို ဖယ်ရှားနိုင်တယ်လို့ ပြောထားသလို သူ့အပေါ် ဆန့်ကျင်နေတဲ့ ဖွဲ့စည်းပုံနဲ့ မညီညွတ်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း ရှုတ်ချပြီး တရားဥပဒေဘောင်အတွင်းကနေ အရေးယူသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

တက်သုတ်ရိုက်ပြီး ဝန်ကြီးချုပ် အဖြစ် ကျမ်းသစ္စာဆိုခဲ့တဲ့ ရာဂျာပတ်စီကလည်း ဝန်ကြီးချုပ်ကို ဖယ်ရှားတာနဲ့ ဖျက်သိမ်းပြီးဖြစ်တဲ့ ကက်ဘိနက်အစိုးရကို အသစ်ပြန်လည်ဖွဲ့စည်းဖို့ မကြေညာနိုင်သေးဘဲ ဖြစ်နေပါတယ်။

လွှတ်တော်ဥက္ကဌ ကာရူဂျာယာဆူရီယာက ရာဂျာပတ်စီကို ဝန်ကြီးချုပ်အဖြစ် အသိအမှတ် ပြုမပြုကို ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။