ဒေါ်နယ်ထရမ့်ကို ဝေဖန်သူ အထင်ကရပုဂ္ဂိုလ်တွေဆီ ပါဆယ်ဗုံးတွေ ပေးပို့နေသူကို ဖမ်းမိ

ဒေါ်နယ်ထရမ့်ကို ဝေဖန်သူ အထင်ကရပုဂ္ဂိုလ်တွေဆီ ပါဆယ်ဗုံးတွေ ပေးပို့နေသူကို ဖမ်းမိ

၀ါရှင်တန်၊ အောက်တိုဘာ ၂၇ ။            ။ သမ္မတ ဒေါ်နယ်ထရမ့်ကို ဝေဖန်လေ့ရှိတဲ့ အရေးပါတဲ့ အထင်ကရပုဂ္ဂိုလ်တွေဆီ ပါဆယ်ဗုံးတွေ ပေးပို့နေတာနဲ့ ပတ်သက်လို့ ဖလော်ရီဒါက အမျိုးသားတစ်ဦးကို ဖမ်းဆီးမိပြီး ၎င်းအနေနဲ့ ထောင်ဒဏ် ၄၈ နှစ် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ တာဝန်ရှိသူတွေက မနေ့က ပြောပါတယ်။

“ဒီလူအပေါ် စွဲဆိုချက်တွေကို ပြောင်းလဲတာ ဒါမှမဟုတ်လည်း ထပ်တိုးတာတွေ ဖြစ်လာဖို့ရှိတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့ကို စစ်ဆေးနေဆဲမို့ ဖြစ်တယ်။”လို့ ရှေ့နေချုပ် ဂျက်ဖ်ဆက်ရှင်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ သံသယရှိသူဟာ ဆီဇာအယ်တိုင်ရီဆာယော့ဆိုသူဖြစ်ကြောင်း FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက အတည်ပြုပြါတယ်။ ဆီဇာဟာ သမ္မတဟောင်း အိုဘားမား၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်၊ ဘီလျှံနာသူဌေးကြီး ဂျော့ချ်ဆိုးရော့စ်စတဲ့ နိုင်ငံအနှံ့က အထင်ကရပုဂ္ဂိုလ်တွေထံ ပါဆယ်ဗုံးတွေ ၁၃ ခုအထိ ပေးပို့ခဲ့မှုနဲ့ ဖမ်းဆီးခံရတာ ဖြစ်ပါတယ်။

“ဒီနေ့ သူကို ဖမ်းမိလိုက်လို့ ကျွန်တော်တို့ရဲ့ ရှာဖွေရေးလုပ်ငန်းစဉ်တွေ ရပ်သွားမယ်လို့ မဆိုဘူး။ အခြားနည်းလမ်းတွေနဲ့ ပေးပို့ထားတဲ့ ပါဆယ်ဗုံးတွေ ရှိနေဦးမယ်လို့ ယူဆရတယ်။”လို့ ခရစ္စတိုဖာရေးက ပြောပါတယ်။

ပေးပို့တဲ့ ဖောက်ခွဲရေးပစ္စည်းတွေဟာ အတုအယောင်လုပ်ထားတာလား၊ ဒါမှမဟုတ် လှိမ့်လုံးဖိန့်လုံးတွေ ဖြစ်နိုင်မလားဆိုတာကိုတော့ ရေးက ပယ်ချခဲ့ပါတယ်။

“ပေးပို့တဲ့ ပါဆယ်ဗုံးတိုင်းမှာ ခြောက်လက်မရှိ PVC ပိုက်တွေနဲ့ နာရီအသေးတစ်လုံး၊ ဘတ္ထရီရယ် ပြီးတော့ ၀ါယာကြိုးတွေ သွယ်တန်းထားတာ တွေ့ရတာကြောင့် အခြေခံအားဖြင့် တကယ့်ပေါက်ကွဲနိုင်တဲ့ ပစ္စည်းတွေပဲ ဖြစ်တယ်။”လို့ ရေးက ဆိုပါတယ်။

ဒီ သံသယရှိသူဟာ နိုင်ငံရေးစေ့ဆော်ချက်ကြောင့် ခုလို လုပ်ဆောင်တာလို့ ရှေ့နေချုပ်က ဝန်ခံရင်း ဒီလို နိုင်ငံရေးအကြမ်းဖက်မှုမျိုးကို လုံးလုံးလျားလျား လက်ခံမှာ မဟုတ်ဘူးလို့လည်း အလေးအနက် ပြောပါတယ်။

ဒါပေမယ့် FBI ညွှန်ကြားရေးမှူး ရေးကတော့ သံသယရှိသူဟာ ဘာကြောင့်ခုလို လုပ်ဆောင်ရသလဲဆိုတဲ့ စေ့ဆော်ချက်ကို မဖြေဘဲနေနိုင်ပြီး စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်ဆဲပဲ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

 

 

Mizzima Weekly