၆ လကြာ ပြုပြင်ထိန်းသိမ်းခဲ့သည့် ဖိလစ်ပိုင်၏ နာမည်ကြီး Boracay ကျွန်းအား ပြန်လည်ဖွင့်လှစ်

၆ လကြာ ပြုပြင်ထိန်းသိမ်းခဲ့သည့် ဖိလစ်ပိုင်၏ နာမည်ကြီး Boracay ကျွန်းအား ပြန်လည်ဖွင့်လှစ်

အောက်တိုဘာ ၂၆ ။             ။ ခရီးသွားလုပ်ငန်းကြောင့် ပျက်စီးယိုယွင်းနေတဲ့ ဖိလစ်ပိုင်နိုင်ငံရှိ Boracay ကျွန်းကို ပြီးခဲ့တဲ့ ဧပြီလမှာ စတင်ပိတ်ထားပြီး ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်ခဲ့ရာ ယနေ့ အောက်တိုဘာလ၊ ၂၆ ရက်မှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

Boracay ကျွန်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို ယနေ့မနက်ပိုင်း၊ Cagban ဆိပ်ကမ်းမှာ ကျင်းပခဲ့ တာဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကို ခရီးသွားလုပ်ငန်းဝန်ကြီး Bernadette Romulo Puyat ၊ ပတ်ဝန်းကျင်ဝန်ကြီး Roy Cimata တို့နဲ့အတူ ပြည်တွင်းခရီးသွားလုပ်ငန်းဆိုင်ရာ အကြီးအကဲပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက Boracay ကျွန်းကို ပြန်လည် ပြုပြင်မွမ်းမံဖို့ ပြောကြားခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးကတော့ အဆိုပါအခမ်းအနားကို မတက်ရောက်ခဲ့ဘူးလို့သိရပါတယ်။

ယခု ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်တဲ့ Boracay ကျွန်းမှာ တစ်ရက်ကို ဧည့်သည်အယောက် ၆၄၀၀ သာ ဝင်ခွင့် ပေးသွားမယ်လို့ သိရပါတယ်။

ကမ်းခြေမှာ အရက်၊ ဆေးလိပ်သောက်သုံးခြင်းကို တားမြစ်ထားသလို မီးပုံပွဲ၊ ပါတီပွဲကျင်းပတာတွေကို လည်း ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ပါတယ်။

Boracay ကျွန်းမပိတ်ခင်က ဟိုတယ်ပေါင်း ၆၀၀ ခန့်ရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ အခန်းပေါင်း ၇၃၀၈ ခန်းနဲ့ ဟိုတယ်ပေါင်း ၁၅၇ ခုသာ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။