ပါရီတိရိစ္ဆာန်ရုံရဲ့ အသက်အငယ်ဆုံး လူဝံမလေး

ပါရီတိရိစ္ဆာန်ရုံရဲ့ အသက်အငယ်ဆုံး လူဝံမလေး

အောက်တိုဘာ ၂၆ ။         ။ များမကြာမီကပဲ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Jardin des Plantes တိရိစ္ဆာန်ရုံရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေဟာ မွေးကင်းစ လူဝံမလေးကို ထုတ်ဖော်ပြသလိုက်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁၀ ရက်ခန့်ကမှ မွေးဖွားလာတဲ့ လူဝံမလေး ဂျာဗားဟာ Jardin des Plantes ရုက္ခဗေဒဥယျာဉ်ရဲ့ အသက်အငယ်ဆုံး တိရိစ္ဆာန်ဖြစ်ပါတယ်။

လူဝံတွေဟာ ကမ္ဘာ့မျိုးသုဉ်းပျောက်ကွယ်သွားတော့မယ့် မျိုးစိတ်တွေဖြစ်ပြီး ၎င်းတို့နေထိုင်ကျက်စားရာ ဒေသဖြစ်တဲ့ ဘော်နီယိုနဲ့ ဆူမားတြားကျွန်းစုမှာလည်း အကောင်ရေ ငါးသောင်းခန့်သာ အသက်ရှင်ကျန်ရစ်တာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းလုံးမှာ လူဝံပေါက်ဖွားမှုနှုန်း ၅၀ ရာခိုင်နှုန်းလျော့နည်းလာမှုနဲ့အတူ ၎င်းတို့နေထိုင်ကျက်စားတဲ့ ဒေသတွေဟာလည်း ၈ ရာခိုင်နှုန်းခန့် ပျက်စီးသွားခဲ့ပြီဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ လူဝံမလေး ဂျာဗားရဲ့ အဖေ ဘန်ကီကိုတော့ စပိန်နိုင်ငံမှာပဲ သီးသန့် စောင့်ရှောက်ထားကြောင်း၊ လူဝံတွေရဲ့ သဘာဝအရ ဖခင်တွေဟာ ကလေးတွေကို မစောင့်ရှောက်ကြောင်း တိရိစ္ဆာန်ရုံ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောပါတယ်။

လက်ရှိအချိန်မှာတော့ လူဝံမလေး ဂျာဗားကို ၎င်းရဲ့မိခင် သီယိုတိုရာနဲ့အတူ Jardin des Plantes တိရိစ္ဆာန်ရုံမှာပဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။