သွားပါများခရီးရောက် မေးပါများစကားရ

သွားပါများခရီးရောက် မေးပါများစကားရ

လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ထန်းတစ်ပင်မြို့နယ် ဗုံးမတီးရွာမှာရှိတဲ့ ဗုံးမတီးတောင်ပေါ်ဘုရား တက်ရောက်ဖူးမျှော်ဖို့ လူစုခဲ့ကြပါတယ်။ သွားရောက်ဖို့ သတ်မှတ်ထားတာက အောက်တိုဘာလ ၂၄ ရက်နေ့ဖြစ်ပါတယ်။ သီတင်းကျွတ်လပြ့ည့်နေ့လည်းဖြစ်ပါတယ်။ အဲဒီဗုံးမတီးတောင် တောင်တက်ခရီးသွားကြဖို့ ရည်ရွယ်ချက်ကတော့ ဒေသန္တရဗဟုသုတရှာမှီးကြမယ်၊ ကျန်းမာရေးအတွက်   တောင်တက်ခရီးသွားကြမှာ ဖြစ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါပဲ။ ဒါပေမယ့် ရုတ်တရက် ရာသီဥတုဆိုုးရွားလာလို့ အဲဒီခရီးစဉ်ကို ယာယီဖျက်လိုက်ရပါတယ်။

ဒီနေရာမှာ အဓိကရည်ရွယ်ပြီး စည်းရုံးဆော်သြခဲ့တာကတော့ လူငယ်နဲ့ လူလတ်ပိုင်းကို အဓိကထားဆော်သြခဲ့တာပါ။ အထူးသဖြင့် လူငယ်တွေ ခရီးသွားသင့်တယ်ဆိုတဲ့ရည်ရွယ်ချက်ကို တနည်းတလမ်းအားဖြင့် အကောင်အထည်ဖေါ်တဲ့သဘောပါပဲ။ မြန်မာတို့ရဲ့ ရိုးရာဆောင်ပုဒ်ကလေး တစ်ခုလည်း ရှိပါတယ်။ “သွားပါများ ခရီးရောက်၊ မေးပါများစကားရ” ဆိုတဲ့ ဂုဏ်ယူစရာဆောင်ပုဒ် ပါပဲ။ ဒီဆောင်ပုဒ်ကလေးဟာ ဘယ်သူက စတင်တီထွင်ဖန်တီးခဲ့တာလည်းဆိုတာ မသိနိုင်ကြပေမယ့် ဂုဏ်ယူစရာ တန်ဘိုးကြီးလှတဲ့ ရိုးရာပုံပြင်လေးတစ်ပုဒ်ကို အခြေပြုပြီး တွင်ကျန်ရစ်တဲ့ ဆောင်ပုဒ်ပါပဲ။ မောင်ပေါက်ကျိုင်းပုံပြင်လို့ အမည်တွင်ခဲ့ပါတယ်။

ဒါကို ကျနော် ဘာ့ကြောင့်နိဒါန်းပျိုးရသလဲဆိုတော့ လူငယ်တွေ ခရီးသွားသင့်တယ်ဆိုတဲ့ရည်ရွယ်ချက်အရ နိဒါန်းပျိုးတာပါ။ ဒီကနေ့တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ မြို့ကလေးတမြို့အကြောင်း အဲဒီမြို့ကလေးဆီသွားတဲ့ ခရီးအတွေ့အကြုံများအကြောင်း ကျနော်ပြောပြချင်ပါတယ်။ မြို့ကလေးရဲ့အမည်ကတော့ “စေတုတ္တရာမြို့” လို့ခေါ်ပါတယ်။ မကွေးတိုင်း စလင်းမြို့နယ်ထဲက မြို့ငယ်လေးတမြို့ပါပဲ။

ဒီနေရာမှာ ကြားညှပ်ပြီးပြောရရင် ဘာ့ကြောင့် လူငယ်တွေ ခရီးသွားသင့်တာလည်းဆိုတဲ့အကြောင်း ထပ်ပြီးပြောထားချင်ပါတယ်။ ခရီးသွားတဲ့အခါ ကိုယ့်တိုင်းပြည်ရဲ့ သဘာဝအခင်းအကျင်း အလှအပ အသစ်တွေကို မြင်ကြရမှာအသေအချာပါပဲ။ ကိုယ့်နိုင်ငံထဲမှာနေထိုင်ကြတဲ့ လူမျိုးအသီးသီးရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ သူတို့ရဲ့ဘဝအခြေအနေတွေကို ထိတွေ့ခွင့်ရမှာလည်း အသေအချာပါပဲ။ ဒီလို အတွေ့အကြုံသစ်တွေဟာ ကျနော်တို့ကို အထူးသဖြင့် လူငယ်တွေကို တိုင်းပြည်ချစ်စိတ် ကိုယ့်လူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေကို တန်ဘိုးထားနားလည်စိတ်တွေ ဖြစ်ပေါ်လာစေမှာ အသေအချာဖြစ်တာမို့ လူငယ်တွေခရီးသွားသင့်တယ်ဆိုတဲ့အချက်ကို ဆွေးနွေးတဲ့သဘော ပြောတဲ့သဘောပါပဲ။

ကောင်းပြီ။ အခု ကျနော်တို့ “စေတုတ္တရာမြို့”ကလေးဆီသွားကြမယ်။ အဲဒီမြို့ကလေးအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

မြို့ကလေးလို့ ဘာ့ကြောင့် သုံးနှုန်းရပါသလဲ။ စေတုတ္တရာမြို့ကလေးဟာ အိမ်ခြေ သုံးထောင်နီးပါးပဲရှိတဲ့ မြို့ငယ်လေးတမြို့ဖြစ်လို့ပါပဲ။ မြို့ရဲ့နယ်နိမိတ်ထဲပါဝင်နေတဲ့ ကျေးရွာ သုံးဆယ်ကျော်နဲ့ပေါင်းမှ လူဦးရေလေးသောင်းဝန်းကျင်ပဲရှိတဲ့မြို့ပါ။ ဒါကြောင့်မို့ မြို့ငယ်လေးအဖြစ် ကျနော်သုံးနှုန်းလိုက်တာပါ။ ဒိီလိုဆိုပေမယ့် အံ့သြဖို့ကောင်းတာက သူက မြို့သက်တမ်း အတိအကျသတ်မှတ်လို့ရတဲ့သမိုင်း က အခိုင်အမာရှိပါတယ်။ မြို့သက်တမ်း နှစ်ပေါင်း (၉၀၀)ကျော် သက်တမ်းရှိတဲ့မြို့ကလေးတမြို့ဖြစ်တယ်ဆိုတာ အခိုင်အမာသိလိုက်ရတဲ့အခါ ပုဂံခေတ်နဲ့ ခေတ်ပြိုင်မြို့ဖြစ်နေတာသွားတွေ့လိုက်ရတော့ မြို့ကလေးကငယ်တယ်ဆိုပေမယ့် မြို့ကလေးရဲ့သက်တမ်းက မြန်မာတို့ရဲ့ အခိုင်အမာမှတ်တမ်းတင်လို့ရတဲ့ သမိုင်းအစနဲ့ တပြိုင်တည်းလိုလိုတည်ခဲ့တဲ့ တကဲ့သမိုင်းဝင် တန်ဘိုးကြီးတဲ့မြို့လေးတမြို့ဖြစ်တယ်ဆိုတာ တွေ့ကြရပါတယ်။

စေတုတ္တရာမြို့ကို ပုဂံခေတ် ကျန်စစ်မင်းရဲ့သားတော် မင်းသီရိခေတ္တရာက မြန်မာသက္ကရာဇ် ၄၆၀ ခု၊ ကဆုန်လဆန်း ၁၁ ရက်၊ တနင်္လာနေ့ မွန်းတည့် ၁၂ နာရီမှာ တည်ထောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့်မို့ မြို့ကလေးရဲ့သက်တမ်းက နှစ် ကိုးရာကျော်ခဲ့ပြီပေါ့။

စေတုတ္တရာမြို့ဟာ ရခိုင်ရိုးမရဲ့အနောက်ဘက်အခြမ်းအစပ်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ မြို့ကလေးတမြို့ပါပဲ။ ပင်လယ်ရေမျက်နှာပြင်အမြင့် ပေ ၃၀၀ ကျော်အမြင့်မှာပဲရှိတဲ့မြို့ဖြစ်ပေမယ့် ဘေးပတ်ဝန်းကျင်မှာ တောင်တွေ တောင်တွေ ပတ်ချာလည်ဝိုင်းနေတာမို့ အင်မတန်သာယာလှပတဲ့မြို့လို့ ဆိုရမှာပါ။ မြို့နေလူထုရဲ့ အဓိက အသက်မွေးဝမ်းကျောင်းအလုပ်ကတော့ လယ်ယာလုပ်ငန်းပါပဲ။

ဒီမြို့ကလေးကိုသွားမယ်ဆိုရင် ပထမ မကွေးမြို့ကိုသွားရမယ်။ နောက် ဧရာဝတီမြစ်ကြီးရဲ့တဖက်ကမ်း မင်းဘူးမြို့၊ နောက် စလင်းမြိ့ကိုဖြတ်ပြီး စေတုတ္တရာကို သွားရပါတယ်။ လမ်းသစ်ခင်းပြီးတာ ငါးနှစ်ဝန်းကျင်ပဲရှိသေးတဲ့ ကတ္တရာကားလမ်းနဲ့သွားလို့ရပါတယ်။ ဟိုယခင် နှစ် သုံးဆယ် အစိတ်လောက်ကဆိုရင်တော့ စလင်းမြို့ကနေ ၃၆ မိုင်နဲ့ ၄ ဖါလုံပဲဝေးတဲ့ စေတုတ္တရာမြို့ကို ဝန်တင်လား ဒါမှမဟုတ် လှည်းနဲ့ပဲသွားခဲ့ကြရပြီး လမ်းမှာတညအိပ်ကြရတယ်လို့ဆိုပါတယ်။ မြို့ကလေးရဲ့ နောက်ထပ်ထူးခြားတဲ့အချက်က ကျနော်တို့နိုင်ငံ ၁၉၄၈ ခုနှစ်လွတ်လပ်ရေးရတဲ့ အချိန်တုန်းကတော့ ဒိီမြို့ကလေးဟာ ကွန်မြူနစ်သူပုန်များရဲ့လက်အောက်မှာပဲ ရှိနေခဲ့ရပြီး ၁၉၅၆ ခုနှစ်ကျကာမှ အစိုးရက ပြန်တိုက်ယူခဲ့ရတာဖြစ်လို့ တခြားမြို့တွေထက် ၈ နှစ်နောက်ကျပြီးမှ လွတ်လပ်ရေးရခဲ့တာပါဗျာလို့ ဒေသခံရှေ့မီနောက်မီလူကြီးတွေက ရယ်မောပြောဆိုကြတာဟာလည်း မှတ်သားဖွယ်အချက်တစ်ချက်ပါပဲ။ မင်းသီရိခေတ္တရာက စေတုတ္တရာမြို့ကိုတည်တဲ့အခါ ဒီမြို့နဲ့အပြိုင် ကျပင်း၊ ဖေါင်းလင်း၊ ကျောက်ဆစ်ဆိုတဲ့ မြို့ငယ်များကိုလည်း စလင်းမြို့ရဲ့အရံမြို့ငယ်များအဖြစ် တည်ခဲ့ပါတယ်။ အခုတော့ စေတုတ္တရာမြို့သာလျင် မြို့တမြို့အနေနဲ့ တည်တန့်နေခဲ့ပြီး ကျန်မြို့ကလေးသုံးမြို့ကတော့ ရွာတွေအဖြစ်ပဲလျောကျကျန်ရစ်ခဲ့တာ အခုအချိန်အထိ ရှိနေပါသေးတယ်။

စေတုတ္တရာမြို့နဲ့ကပ်လျက် တောင်ကနေ မြောက်ကိုစီးတဲ့ မုန်းချောင်းဟာ ဧရာဝတီမြစ်ထဲကို ပွင့်ဖြူအောက်ဘက်မှာ သွားပြီးပေါင်းဆုံပါတယ်။ ကျနော်တို့က အဲဒီမုန်းချောင်းကိုကူးတဲ့ သံတံတားကိုကျော်ပြီးမှ စေတုတ္တရာရဲ့ မြို့ဝင်လမ်းထိပ်ကိုရောက်နိုင်ပါတယ်။ အဲဒိီကားလမ်းတစ်ခုတည်းသာပဲ  မြို့လည်လမ်းသဖွယ်အလည်ခေါင်ကဖြတ်ပြီး အဲဒီမြို့ကလေးမှာပဲ ကားလမ်းဆုံးပါတယ်။ အဲဒီ မုန်းချောင်းကူးသံတံတားကြီးနဲ့ အဲဒီကားလမ်းဟာဖြင့် စေတုတ္တရာမြို့ကလေးနဲ့ပြင်ပကမ္ဘာ ဆက်သွယ်ရာ တစ်ခုတည်းသော ကုန်းလမ်းပါပဲ။ ဒါကြောင့်မို့ ၂၀၁၅ ခုနှစ်အတွင်းတုန်းက မုန်းချောင်းရေကြီးတဲ့အခါ အဲဒီတံတားကြီး ရေအောက်ရောက်တဲ့အထိ ရေကြီးလို့ စေတုတ္တရာဟာ ပြင်ပကမ္ဘာကြီးနဲ့ ဆယ်ရက်လောက် အဆက်အသွယ်ပြတ်တောက်သွားခဲ့ပါသေးတယ်။ မြို့ကလေးလည်း တမြို့လုံးနီးပါး ရေကြီးခဲ့လို့ တနိုင်ငံလုံးက ၀ိုင်းဝန်းကူညီကယ်ဆယ်ရေးတွေလုပ်ခဲ့ကြရပါသေးတယ်။

ကဲ ဒီကနေ့တော့ လူငယ်တွေခရီးသွားသင့်တဲ့အကြောင်းပြောရင်းနဲ့ စေတုတ္တရာမြို့သွားအတွေ့အကြုံကို ပထမပိုင်းအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။   နောက်နေ့တွေမှာတော့   စေတုတ္တရာမြို့ကလေးအကြောင်း ဆက်ပြောပါအုန်းမယ်။

လူငယ်များ ခရီးသွားခြင်းဖြင့် ဗဟုသုတ ရှာမှီးနိုင်ကြပါစေ။

Mizzima Weekly