လာဘ်စားမှုဖြင့် ဖမ်းဆီးထားသော တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးအမှုမှ ရဲအုပ် အမှုအား စတင်စစ်ဆေး

လာဘ်စားမှုဖြင့် ဖမ်းဆီးထားသော တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးအမှုမှ ရဲအုပ် အမှုအား စတင်စစ်ဆေး
 ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာလ ၄ ။                     ။ ဟာသသရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့သည့် အမှုတွင် လာဘ်စားဆောင်ရွက်ခဲ့ သည့် တိုင်းဥပဒေချုပ်အပါအဝင် ၆ ဦးအမှုမှ ရဲအုပ်အမှုကို တရားလိုပြသက်သေအား စတင်စစ်ဆေးခဲ့သည်။

အောင်ရဲထွေးအမှုတွင် စွပ်စွဲခံရသူသန်းထွဋ်အောင်၏ ဖခင်ဦးခင်မောင်လေးထံမှ ကျပ် သိန်း ၃ဝကို လာဘ်စားခဲ့သည်ဆိုသော သုဝဏ္ဏရဲစခန်းမှူးဟောင်း ရဲအုပ်ချစ်ကိုကို အမှု မှ တရားလို ဦးမိုးနိုင်ကို  အောက်တိုဘာလ ၄ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသ ကြီး တရားလွှတ်တော်တွင် စတင်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရားလိုဖြစ်သူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုးနိုင်က ထွက်ဆိုအစစ်ဆေးခံခဲ့ပြီး ရဲစခန်းသို့တိုင်ကြားထားသည့် စာအား  သက်သေခံစာရွက်စာတမ်းအဖြစ်တင်သွင်းခဲ့ရာ စွပ်စွဲခံရသူဘက်မှ ကန့်ကွက်ခဲ့သည်။

ထိုသို့ကန့်ကွက်ခဲ့သည့်အတွက် တရားရုံးမှ စစ်ဆေးမှုအား ရပ်နားခဲ့ပြီး လာမည့် အောက်တိုဘာလ ၁၂ ရက်၊ ရုံးချိန်းတွင် နှစ်ဖက်လျှောက်လဲချက်တင်သွင်းရန် တိုင်း တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

“တိုင်စာကို သက်သေခံသွင်းတဲ့အပေါ်မှာ ဦးချစ်ကိုကိုဘက်ကနေ လိုက်ပါတဲ့ ဆရာ့ အနေနဲ့ ဒီဥစ္စာကိုကန့်ကွက်တယ်။ ကန့်ကွက်ရခြင်းအကြောင်းရင်းက သက်သေခံ ဥပ ဒေပုဒ်မ- ၂၅ ၊၂၆ အရလည်းကောင်း၊ ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ  ၁၆၂ အရလည်း ကောင်း၊နောက််တစ်ခါ ပထမသတင်းပေးချက် ရာဇဝတ်ကျင့်ထုံး ၁၅၄ အရ မညီညွှတ် ဘဲနဲ့ အမှုက ဘယ်လိုလဲဆိုတော့ စုံစမ်းစစ်ဆေးရေးကော်မတီက စစ်ဆေးပြီးမှ ဒီအမှုကို ရေးဖွင့်တဲ့ တိုင်ချက်ဖြစ်တဲ့အတွက် ဆရာတို့က ကန့်ကွက်ခြင်းဖြစ်ပါတယ်” ဟု စွပ်စွဲခံရသူ ရဲအုပ်ဘက်မှ လိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင်က တရားခွင်မှအထွက်တွင် မီဒီယာများ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေမှာ အထူးဥပဒေဖြစ်သဖြင့် ရဲစခန်းသို့ ပထမ သတင်းပေး တိုင်ကြားစာအား တရားရုံးသက်သေခံအဖြစ် လက်ခံသင့်ကြောင်း ယင်း အမှုတွင် နိုင်ငံတော်ဘက်မှ လိုက်ပါဆောင်ရွက်သည့် တိုင်းဥပဒေအရာရှိက တရားခွင် အတွင်း လျှောက်ထားခဲ့ခြင်းဖြစ်သည်။

တိုင်ကြားစာတွင် ရဲအုပ်ချစ်ကိုကိုအနေဖြင့် အောင်ရဲထွေးသေဆုံးမှုအား ရဲလုပ်ငန်း ကုန်စင်အောင် လုပ်ဆောင်ခြင်းမရှိဘဲ သန်းထွဋ်အောင်(ခ)သားကြီး၏ ဖခင်ထံမှ ကျပ်သိန်း ၃ဝ အား ၄ ကြိမ်ခွဲပြီး ရယူခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းအောင် ပြောပြချက်အရ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးသည် ကျပ်ငွေသိန်း ၁၅ဝ ၊ Blue Label အရက်ပုလင်းတစ်လုံးနှင့်  အကျႌတစ်ထည် ၊ ရန်ကုန် တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်သည် ကျပ်ငွေ သိန်း ၅ဝ ၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေးမှ ကျပ်ငွေသိန်း ၁၃ဝ နှင့် Gold label အရက်ပုလင်း တစ်လုံးတို့ကို လာဘ်စားခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

ထို့ပြင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်မှ ကျပ်ငွေ သိန်း ၃ဝနှင့် ပါတိတ်လုံခြည် တစ်ထည် ၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးအောင်ကြည်က ကျပ်သိန်း ၃၃ဝ ၊ရွှေပေါက္ကံ နယ်မြေစခန်းမှူး ရဲအုပ်ချစ်ကိုကိုက ကျပ်ငွေ သိန်း ၃ဝ ကို စွပ်စွဲခံရသူ သန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ ရယူခဲ့ခြင်းလည်းဖြစ်သည်။

ထိုသို့ အောင်ရဲထွေးသေဆုံးမှုအား တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆို နိုင်ခြင်း မရှိသည့်အခြေအနေဖြစ်ပေါ်အောင် ဖန်တီးကာ တရားခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင်များရယူခဲ့သည်ဟုဆိုကာ စက်တင်ဘာလ ၁၃ ရက် တွင် ၂ဝ၁၃ ခုနစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မအရ အမှုဖွင့်တရား စွဲတင်ခဲ့ခြင်း ဖြစ်သည်။

 

Mizzima Weekly