ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်း အုပ်စုတက်မည်ဟုယူဆကြောင်း MFF တွဲဖက်အထွေထွေ အတွင်းရေးမှူးဆို

ဆူဇူကီးဖလားပြိုင်ပွဲမှာ မြန်မာအသင်း အုပ်စုတက်မည်ဟုယူဆကြောင်း MFF တွဲဖက်အထွေထွေ အတွင်းရေးမှူးဆို

ရန်ကုန် ၊ အောက်တိုဘာ ၂၃ ။          ။ လာမည့် နိုဝင်ဘာလအတွင်း ကျင်းပမည့် ဆူဇူကီးဖလားပြိုင်ပွဲတွင် အုပ်စု(က) မှ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအသင်း အနေဖြင့် အုပ်စုအဆင့်မှ တက်ရောက်နိုင်မည်ဟု ယူဆထားကြောင်း မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်(MFF) တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်က ပြောဆိုလိုက်သည်။

“ကျွန်တော်တို့အသင်းအနေနဲ့ အခုလာမယ့်ပြိုင်ပွဲမှာ ဘယ်အသင်းမှ လျော့တွက်လို့ မရဘူး။ ခက်ခက်ခဲခဲနဲ့ အုပ်စုအဆင့်က ကျော်ဖြတ်သွားနိုင်မယ်လို့ ယူဆရပါတယ်” ဟု ဦးတင်မြင့်အောင်က ဆိုသည်။

အောက်တိုဘာ ၂၃ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ မြန်မာပလာဇာတွင် ပြုလုပ်သည့် အာဆီယံ ဆူဇူကီးဖလား လှည့်လည်ပြသပွဲတွင် ၄င်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာအသင်းသည် ကမ္ဘောဒီးယား ၊ လာအို ၊ ဗီယက်နမ် ၊ မလေးရှား အသင်းတို့ဖြင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုပွဲစဉ်များကို အိမ်ကွင်းနှစ်ပွဲ ၊ အဝေးကွင်းနှစ်ပွဲကစားရမည်ဖြစ်သည်။

မြန်မာအသင်း၏ အိမ်ကွင်းပွဲစဉ်များကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် ကမ္ဘောဒီးယားအသင်းဖြင့် ရင်ဆိုင်ကစားသွား မည်ဖြစ်ပြီး ၊ နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဗီယက်နမ်အသင်းဖြင့် အကြိတ်အနယ် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းအနေဖြင့် အုပ်စုအဆင့်မှ တက်ရောက်ရန်အတွက်  ကမ္ဘောဒီးယား ၊ လာအိုအသင်းတို့ကို အနိုင်ရရှိထားရန် လိုအပ်နေပြီး အဆိုပါအသင်းများ၏ ခြေစွမ်းများသည်လည်း တိုးတက်လာနေခြင်းကြောင့် သတိထားရမည်ဖြစ်သည်ဟု ဦးတင်မြင့်အောင်က ဆိုသည်။

မြန်မာအသင်းသည် ဆူဇူကီးဖလားပြိုင်ပွဲ သက်တမ်းတစ်လျှောက်တွင် ဆီမီးဖိုင်နယ်အဆင့်သို့ နှစ်ကြိမ်သာ တက်ရောက်ထားနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဆူဇူကီးဖလားပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ထားနိုင်သည့် အသင်းတစ်သင်းလည်းဖြစ်သည်။

       

 

Mizzima Weekly