ဒေသန္တရ ရေနံချက်ဖိုများ တည်ထောင်လုပ်ကိုင်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်

By တင်ရွှေ(မဇ္ဈိမ)
05 October 2018
ဒေသန္တရ ရေနံချက်ဖိုများ တည်ထောင်လုပ်ကိုင်ခွင့်ရရှိရေး ဆန္ဒထုတ်ဖော်

မကွေး၊ အောက်တိုဘာ ၅ ။        ။ မကွေးတိုင်းဒေသကြီးအတွင်းရှိ လက်ယက်ရေနံမှော်များ၌ တရားဝင် ဒေသန္တရရေနံချက်ဖိုများ တည်ထောင် လုပ်ကိုင်ခွင့်ရရှိရန် သပြေညို -လက်ပံတို - ရွှေလယ်အို-သရက်ကန် မှော်အတွင်းရှိ ရေနံမှော် လုပ်ငန်းရှင်နှင့် လုပ်သား (၃၀၀) ခန့်သည် စက်တင်ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ပေါက်မြို့ပေါ်တွင် ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

ဆန္ဒဖော်ထုတ်ရာတွင် ပေါက်မြို့၏ ရွှေပေါက်ပင်ရပ်ကွက် ပေါက်ချောင်းမှ စတင်ကာ အောင်တံခွန်ရပ်ကွက်နှင့် ဆေးပေါင်းရုံရပ်ကွက်ကြားရှိ ပခုက္ကူ-ပေါက်-ကျောက်ထုလမ်းမကြီးပေါ်တွင် စီတန်းလှည့်လည်ကာ တရားဝင် ဒေသန္တရ ရေနံချက်ဖိုများတည်ထောင်လုပ်ကိုင်ခွင့်ရရှိရန်အတွက် ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ဆန္ဒ ဖော်ထုတ်သူများထံမှ သိရှိရသည်။

ဆန္ဒပြပွဲ၌ တရားဝင်ဒေသန္တရ ရေနံချက်ဖိုများ တည်ထောင်ခွင့်ရရှိရေး (ဒို့အရေး)၊ ဒေသတွင်း အလုပ်အကိုင် ရရှိရေး (ဒို့အရေး)၊ ရေနံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ဒေသဆိုင်ရာအာဏာပိုင်များမှ ကူညီပ့ံပိုးရေး (ဒို့အရေး)၊ ရေနံတွင်းတိမ်လုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရေး(အောင်ရမည်) ဟု ငြိမ်းချမ်း စွာ ကြွေးကြော်ကာ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ယင်းရေနံမှော်အနီးတွင် ရေနံချက်ဖိုများ ပိတ်သိမ်းလိုက်သည့်အတွက် ဒေသခံပြည်သူများ၏ စားဝတ်နေရေး အလုပ်အကိုင် အခွင့်အလမ်းများနှင့် ကလေးများ၏ ပညာရေးအခက်အခဲများဖြစ်သည့်အတွက် တစ်ပိုင်တစ်နိုင် ရေနံချက်ဖိုလုပ်ငန်းအား ခွင့်ပြုပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူများက ပြော သည်။

‌“ရေနံမှော်အနီးက ရေနံချက်ဖိုတွေ ပိတ်သိမ်းလိုက်တဲ့အတွက် ဒေသခံပြည်သူတွေရဲ့စားဝတ်နေရေး အလုပ် အကိုင်အခွင့်အလမ်းတွေနဲ့ကလေးတွေရဲ့ပညာရေးအခက်အခဲတွေဖြစ်လာတဲ့အတွက် တစ်ပိုင်တစ်နိုင် ရေနံ ချက်ဖိုလုပ်ငန်းတွေ ခွင့်ပြုပေးဖို့ ဒေသခံတွေကတောင်းဆိုရခြင်းဖြစ်ပါတယ်”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ ဒေသခံ မသန္တာလင်းက ပြောသည်။

ဆန္ဒဖော်ထုတ်သူများသည် နေ့လယ် ၂ နာရီမှ ညနေ၅ နာရီအထိ မြိုင်မြို့ပေါ်၌ ဆက်လက် ဆန္ဒဖော်ထုတ် သွားမည်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းကလည်း သပြေညို -လက်ပံတို - ရွှေလယ်အို-သရက်ကန် မှော်အတွင်း၌ ဒေသခံရေနံမှော်လုပ်ငန်းရှင်နှင့် လုပ်သားပြည်သူ(၁၅၀) ကျော်ခန့် က ဆန္ဒဖော်ထုတ်ခဲ့ကြောင်း သိရသည်။

 

Mizzima Weekly