ရဲတပ်ကြပ်တစ်ဦးက ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်မှုဖြစ်ပွား

By တင်ရွှေ(မဇ္ဈိမ)
06 October 2018
ရဲတပ်ကြပ်တစ်ဦးက ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်မှုဖြစ်ပွား

မင်းဘူး၊ အောက်တိုဘာ ၆ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ၊ ရွှေဝါကုန်းရပ်တွင် ရဲတပ်ကြပ်တစ်ဦးက အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်မှု ဖြစ်ပွားခဲ့သည်။

ရဲဒုတပ်ကြပ် လှမင်း(၄၅)နှစ်၊ဂုတ်ကြီးရဲစခန်း(မင်းဘူးခရိုင်အကူတပ်ခွဲ)က ကြံစည်ခဲ့ခြင်း ဖြစ်ပြီး ဖြစ်စဉ်မှာ အောက်တိုဘာလ ၆ ရက် နံနက် ၆နာရီအချိန်က မိခင်ဖြစ်သူသည် မင်းဘူးမြို့မစျေးသို့ အလုပ် လုပ်ရန်ထွက်ခွာလာခဲ့ပြီး သမီးဖြစ်သူ ၆ နှစ်သမီးငယ်အား ဖခင်ဖြစ်သူနှင့်နေအိမ်၌ ထားရစ်ခဲ့သည်ဟု သိရသည်။

လမ်းကြားတစ်ခုအတွင်း ကလေးငယ်အား မုန့်ဝယ်ကျွေးမည်ဟု ခေါ်ဆောင်သွားပြီး ကလေးငယ်အား လိင်အင်္ဂါများအား ကိုင်တွယ်ခဲ့ကြောင်း၊ ဖြစ်စဉ်အား မင်းဘူးမြို့အမှတ်(၄)ရပ်ကွက်   နေထိုင်သူနှစ်ဦးက မြင်တွေ့ခဲ့ရကြောင်း မသင်းဘူးမြို့မရဲစခန်းမှ သိရသည်။

“ မိခင်ဖြစ်သူအလုပ်ဝင်နေချိန် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်မှာ သူတို့နဲ့တစ်ရပ်ကွက်တည်းနေထိုင်သူ ရာအိမ်မှူးက ဖုန်းနဲ့ ဆက်သွယ်လာတယ်။ သူ့ရဲ့သမီးဖြစ်သူကျောင်းသွားစဉ်မှာ ရွှေဝါကုန်းရပ် လူနေအိမ်တစ်လုံးအနီး လမ်းကြားတစ်ခုမှာ လူတစ်ဦးက မဖွယ်မရာပြုလုပ်နေကြောင်း ပြောခဲ့တယ်လို့ သိရတယ်။ မိခင်ဖြစ်သူက အခင်းဖြစ်လမ်းကြားကို သွားကြည့်တော့ သမီးဖြစ်သူကို မတွေ့တာနဲ့ စုံစမ်းကြည့်ရာကနေ သမီးဖြစ်သူကို မင်း ဘူးခရိုင်အကူတပ်ခွဲရုံးမှာရောက်ရှိနေကြောင်းသိရလို့ လိုက်လာကြောင်း သိရတယ်” ဟု မင်းဘူးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိခင်ဖြစ်သူက ရဲဒုတပ်ကြပ် လှမင်း(၄၅)နှစ်၊ ဂုတ်ကြီးရဲစခန်း(မင်းဘူးခရိုင်အကူတပ်ခွဲ)အား ဥပဒေအရအရေးယူပေးရန် တိုင်ကြားခဲ့သဖြင့် မင်းဘူးမြို့မရဲစခန်းမှ ၎င်းအား ထိန်းသိမ်းထားရှိလျှက် အမှုရေးဖွင့်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

Mizzima Weekly