နောက်ခံလူ လုရှော မန်ယူအသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

နောက်ခံလူ လုရှော မန်ယူအသင်းနဲ့ ၅ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို
(ဓာတ်ပုံ - အီးပီအေ)

မန်ယူအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ လုရှောဟာ အသင်းမှာ ၂၀၂၃ ခုနှစ်အထိရှိနေမယ့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ကြောင်း ပရီးမီးယားလိဂ်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

သူဟာ တစ်ပတ်လုပ်ခပေါင် ၁၅၀၀၀၀ နဲ့ စုစုပေါင်း တန်ကြေး ပေါင်သန်း ၅၀ ရှိတဲ့ ၅ နှစ် သက်တမ်းတိုး စာချုပ်ချုပ်ကို ဆိုခဲ့တာပါ။

လုရှောဟာ ၂၀၁၄ ခုနှစ်၊ အသက် ၁၈ နှစ်အရွယ်တုန်းက ဆောက်သမ်တန်အသင်းမှ ပေါင်သန်း ၃၀ ဝန်းကျင်နဲ့ မန်ယူအသင်းဆီ ရောက်ရှိခဲ့သူဖြစ်ပြီး အစောပိုင်းကာလများက ဒဏ်ရာနဲ့ ကြံ့ခိုင်မှုအားနည်းခဲ့တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရကာ အသင်းအတွက် ၇၅ ပွဲသာ ကစားခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီ မော်ရင်ဟိုလက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရနေသူဖြစ်ပါတယ်။

“ယူနိုက်တက်အသင်းကို ရောက်လာတာ ၄ နှစ်ရှိသွားပြီဖြစ်ပေမယ့် ခဏလေးလိုပါပဲ။ စာချုပ်သစ် သက်တမ်းတိုးနိုင်ခဲ့လို့ အလွန်ဂုဏ်ယူမိပါတယ်။ ဒီလိုကြီးကျယ်တဲ့အသင်းမှာ ကစားသမားဘဝ ဆက်ရှိခွင့်ရမှာဖြစ်လို့လည်း ကျေနပ်မိပါတယ်။ ကျနော်ဘက်မှာ ရပ်တည်ပေးပြီး ထောက်ခံမှုပြသပေးတဲ့ စီမံခန့်ခွဲသူတွေ၊ ကစားဖော်တွေနဲ့ ပရိသတ်တွေ အယောက်တိုင်းကို ကျေးဇူးတင်ပါရစေ။”လို့ လုရှေက ပြောခဲ့ပါတယ်။

ရှောဟာ စပိန်ဂိုးသမား ဒီဂီယာ၊ ပြင်သစ်တိုက်စစ်မှူး မာရှယ်နဲ့ စပိန်ကွင်းလယ်လူများဖြစ်တဲ့ မာတာ၊ ဟာရဲရားတို့အပါအဝင် ၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စာချုပ်ကုန်ဆုံးကြတော့မယ့် ယူနိုက်တက်ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။

အခုဆိုရင်ဖြင့် ရှောဟာ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ဒီအုပ်စုထဲက ပထမဆုံး စာချုပ်သက်တမ်းနိုင်ခဲ့သူဖြစ်ပါတယ်။

ဘယ်နောက်ခံလူဟာ ဒီရာသီ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၈ ပွဲမှာ ၇ ပွဲထိ ပါဝင်ကစားခဲ့ပြီး ၁ ဂိုးသွင်းယူကာ ၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။

Ref; EFE-EPA

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly