ဟာသရုပ်သံများဖြင့်လူသိများခဲ့သူ အောင်ရဲထွေး သေဆုံးမှုအား အစမှ ပြန်စစ်မည်

ဟာသရုပ်သံများဖြင့်လူသိများခဲ့သူ အောင်ရဲထွေး သေဆုံးမှုအား အစမှ ပြန်စစ်မည်

ရန်ကုန်၊ အောက်တိုဘာလ ၉ ။           ။ လူမှုကွန်ရက်စာမျက်နှာတွင် ဟာသရုပ်သံများဖြင့် လူသိများခဲ့သော သရုပ်ဆောင် အောင်ရဲထွေးသေဆုံးခဲ့သည့် အမှုအား အစမှ ပြန်လည်စစ်ဆေးသွားမည်ဟု အမှုစစ်ဆေးမည့် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ တွဲဖက် ခရိုင်တရားသူကြီး(၂) ဦးမြင့်ဟန်က ဆုံးဖြတ်လိုက်သည်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့၊ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံး၌ တရားသူကြီးက ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး တရားလိုဖြစ်သူ ဦးသန့်ဇင်ဦးအပါအဝင် တရားလိုပြသက်သေ ၃ ဦးအား စတင်စစ်ဆေးရန် လာမည့် အောက်တို ဘာလ ၁၆ ရက်နေ့၊ နေ့လည် ၁၂ နာရီအား ပြန်လည်ချိန်းဆိုလိုက်သည်။

ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ- ၃၅၁ အရ တရားလိုပြသက်သေများကို ပြန်ခေါ်စစ်ဆေးသွားမည်ဖြစ်ပြီး တရားလို ပြသက်သေက ၂၂ ဦးရှိကြောင်း သိရသည်။ အောင်ရဲထွေးသေဆုံးခဲ့သည့်အမှုအား ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် ယခင်ကတည်းက စစ်ဆေးခဲ့ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်က သက်သေအစုံ စစ်ဆေးပြီးစီးမှုမရှိသေးဘဲ စွဲချက်မတင်မီ အမှုရုပ်သိမ်းခွင့်ပြုခဲ့သောကြောင့် တရားစွဲဆိုထားသူ သန်းထွဋ်အောင် (ခ) သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့် ကျော်ဇေဟန်(ခ)ကျော်ဇော်တို့ ၃ ဦးမှာ အမှုမှ လွတ်မြောက်ခဲ့သည်။

လက်ရှိတွင် ၎င်းတို့ ၃ ဦးအား ပြန်လည်ဖမ်းဆီးထားပြီး ယနေ့ အောက်တိုဘာလ ၉ ရက်နေ့ ပထမဆုံးရုံးချိန်း တွင် ရုံးထုတ်လာသည်ကို မြင်တွေ့ခဲ့ရသည်။

စွပ်စွဲခံရသူများအား အမှုမှလွတ်မြောက်ရန် သိန်းပေါင်း ရဝဝ ကျော် စုပေါင်းလာဘ်စားခဲ့သည့် တိုင်းဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဥပဒေအရာရှိ ဦးသိန်းဇော်၊ ခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုခရိုင်ဥပဒေအရာရှိ ဒေါ်သစ် သစ်ခင်၊ တရားသူကြီးဦးအောင်ကြည်၊ ရဲအုပ်ချစ်ကိုကို တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စက်တင်ဘာ ၁၃ ရက်နေ့တွင် အမှုဖွင့်အရေးယူခဲ့ခြင်းကြောင့် လက်ရှိတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅၊ ၅၆ တို့ဖြင့် တရားစွဲထားပြီး အမှုစစ်ဆေးလျက်ရှိသည်။

ဟာသရုပ်သံတိုများကြောင့် Facebook လူမှုကွန်ယက်စာမျက်နှာတွင်လူသိများခဲ့သည့် အောင်ရဲထွေး (ခ) ရဲထွေးအောင်သည် ၄င်း၏ ချစ်သူနှင့်အတူ ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် The One Entertainment ၏ ဖျော်ဖြေရေးပွဲသို့ သွားရောက်စဉ် လူတစ်စုက ဝိုင်းဝန်းထိုးကြိတ်ကန်ကျောက်ခဲ့မှုကို ခံခဲ့ရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသစဉ် ရရှိထားသောဒဏ်ရာများဖြင့် ယခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့က သေဆုံးခဲ့ခြင်းဖြစ်သည်။

Mizzima Weekly