ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်ပြောပြတဲ့ နေပြည်တော် ထိပ်သီးအစည်းအဝေးအကြောင်း

ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်ပြောပြတဲ့ နေပြည်တော် ထိပ်သီးအစည်းအဝေးအကြောင်း
ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကို ဇွန်လအတွင်းက နေပြည်တော်ရှိ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တွေ့ရစဉ် (ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)

“ခွဲထွက်ချင်စိတ်မရှိတဲ့ ပြည်ထောင်စုမျိုးပေါ့အဲဒါမျိုးက ပဲပိုသင့်တော်မလား”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း ၃နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များနေပြည်တော်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့ကြသည်။

အစည်းအဝေးတွင် ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပါအဝင် အချက် ၅ ချက်ကို ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲရလဒ်များ၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီးချင်းအမျိုးသားတပ်ဦး(CNF) ၏ ဒုဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) ၏ ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကို မေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်သည်။

မေး။ ။ ဆွေးနွေးပွဲရလဒ်က ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။။ ထိပ်သီးဆွေးနွေးပွဲရဲ့ ဒုတိယနေ့မှာကတော့ အဓိကအရေးအကြီးဆုံး အချက်နှစ်ချက်ကို ကျွန်တော်တို့ ဆွေးနွေးပါတယ်။ တစ်ခုကတော့တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တပ်မတော််က တင်ပြတဲ့ ခွဲမထွက်ရေးကိစ္စကို ကျွန်တော်တို့ ဆွေးနွေးပါတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ကျွန်တော်တို့ အဖြေမရနိုင်သေးဘူး။ ဘာလို့လဲဆိုတော့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား၁ဝဖွဲ့အနေနဲ့ ဒီကိစ္စကို တိုက််ရိုက် အဖြေပေးလို့မရသေးဘူး။ ဒါကတစ်နိုင်ငံလုံးအရေး၊  တို်င်းရင်းသားလူမျိုးအားလုံးအရေးနဲ့ ပတ်သက်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ ဒီဟာကို ဖြေပေးဖို့ဆိုရင် လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေနဲ့လည်း တိုင်ပင်ဖို့လိုတယ်။ ကျွန်တော်တို့ နိုဝင်ဘာလ ဒုတိယအပတ်မှာ တိုင်းရင်းသားညီလာခံတစ်ခ ုခေါ်ဖို့ရှိတယ်။ အဲဒီမှာ NCA လက်မှတ််ရေးထိုးတဲ့အဖွဲ့ရော မထိုးတဲ့အဖွဲ့ရော တိုင်ပင်ပြီးတော့ ခွဲမထွက်ရေးကိစ္စအတွက် ပေါ်လစီတစ်ခုကို အတူတကွ ချမှတ်ဖို့လိုတယ်။ အဲဒါပြီးမှပဲ ကျွန်တော်တို့ နိုဝင်ဘာလကုန်မှာပြန်တွေ့ဖို့ ကျွန်တော်တို့ ချိန်းထားပါတယ်။ ဖြစ်စဉ်ကြီးကတော့ မပြတ်သွားပေမဲ့ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်တဲ့ ခွဲမထွက်ရေးကိစ္စကို ကျွန်တော်တို့ နိုဝင်ဘာလအထိ စူးစိုက်မဲ့သဘောပဲ ဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။

ဒုတိယကတော့ တစ်ခုတည်းသော တပ်မတော်ကိစ္စက ယခင်က သဘောမတူနိုင်ပေမယ့် ဒီနေ့အချိန်မှာတော့ လွပ်လပ်၍ အချုပ်အခြာအာဏာပိုင်သော တိုင်းပြည်တစ်ခုမှာ တပ်မတော်ဆိုတာ တစ်ခုတည်းရှိရမယ်ဆိုတာ ကျွန်တော်တို့ သဘောတူပါတယ်။ အဲဒီအတွက်ကြောင့် တစ်ခုတည်းသော တပ်မတော်ရဲ့ ဖွဲ့စည်းပုံပုံသဏ္ဌာန် အဲဒီအထဲမှာ ကျွန်တော်တို့အားလုံး ဘယ်လိုပါဝင်ကြမလဲ။ ဒီတပ်မတော်ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိမလဲဆိုတာကို ကျွန်တော်တို့ ဆက်ဆွေးနွေးဖို့ဖြစ်ပါတယ်။ အဲဒါက ကျွန်တော်တို့ရဲ့ အင်မတန်မှကြီးမားတဲ့ ခြေလှမ်းတစ်ခုဖြစ်တယ်လို့ ပြောလို့ရတယ်။

မေး ။ ။ ခွဲမထွက်ရေးဆိုတဲ့ ခေါင်းစဉ်မှာ ဘယ်လိုကိစ္စမျိုးတွေကို ဆွေးနွေးလို့မရတာလဲ။

ဖြေ။။ နံပါတ်၁က NCA စာချုပ်မှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံခိုုင်မြဲရေးဆိုတာ ကျွန်တော်တို့ သဘောတူပြီးတော့ လက်မှတ်ထိုးပြီးသား ဖြစ်ပါတယ်။ လက်မှတ်ထိုးပြီးသားဖြစ်တဲ့အတွက် ကျွန်တော်တို့ တိုင်းရင်းသားတွေ ခွဲမထွက်ပါဘူးဆိုပြီးတော့ ပြောပြီးသားဖြစ်ပါတယ်။ အဲဒါကို ခွဲမထွက်ရဆိုတဲ့ပုံစံမျိုးနဲ့ အခြေခံမူမှာထည့်မယ်ဆိုရင် ကျွန်တော်တို့ဘက်မှာ အခက်အခဲရှိတာက ကျွန်တော်တို့ တိုင်းပြည်ကို ဒုက္ခအများဆုံးပေးခဲ့တာက ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေမှာကို ခွဲထွက်ခွင့်မပေးခဲ့တဲ့ သဘောဖြစ်ပါတယ်။ ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းခဲ့တဲ့အချိန်မှာ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်ခွဲထွက်ရေး မူကြောင့်ဆိုပြီးတော့ ဖက်ဒရယ်နဲ့ ခွဲထွက်ရေးကို ပေါင်းစည်းလိုက်တယ်။ ကျွန်တော်တို့အမြင်မှာတော့ ခွဲထွက်ရေးနဲ့ ခွဲမထွက်ရေးက ဖက်ဒရယ်မူနဲ့ ဘာမှမဆိုင််ဘူး။ ဒါကြောင့် ၁၉၄ရဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ခွဲထွက်ခွင့်ကိုထည့်ခဲ့တာလည်း ကျွန်တော််တို့အတွက် အကျိုးမရှိသလို၊ အခုလည်းခွဲမထွက်ရဆိုတာကို ပြန်ထည့်ရင်နိုင်ငံရေးအရ ရေရှည်မှာအကျိုးမရှိနိုင်ဘူးလို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။ ဒါကြောင့် ဒါကိုမထည့်သင့်ဘူး။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန်ခွန်းထဲမှာ ခွဲထွက်ချင်စိတ်မရှိတဲ့ ပြည်ထောင်စုမျိုးပေါ့ အဲဒါမျိုးက ပဲပိုသင့်တော်မလားဆိုိတဲ့အမြင် ကျွန်တော်တို့မှာ ရှိပါတယ်။ ခွဲမထွက်ချင်သော ပြည်ထောင်စုမျိုးဆိုရင် ကျွန်တော်တို့တိုင်းရင်းသားတွေ နှစ်ပေါင်း ရဝ လက်နက်ကိုင်တော်လှန်ရေးလုပ်ပြီးတော့ တောင်းဆိုနေတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေကို အာမခံချက်ပေးတဲ့ ပြည်ထောင်စုအဖြစ်နဲ့ ထူထောင်ဖို့ လိုပါတယ်။ ဒီသုံးခုဖြစ်တဲ့ ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာကလည်း NCA စာချုပ်မှာ ပါပြီးသားဖြစ်တဲ့အတွက် NCA စာချုပ်အတိုင်း အကောင်အထည်ဖော်တာ ပိုကောင်းပါတယ်။ ခွဲထွက်ခြင်း၊ ခွဲမထွက်ခြင်းဆိုတာက NCA စာချုပ်မှာမပါပါဘူး။ ဒါကြောင့် အဲဒါကို ကျွန်တော်တို့အနေနဲ့ ဒါမထည့်ပဲနဲ့ အချင်းချင်းနားလည်မှုနဲ့ဆောင်ရွက်ဖို့ မသင့်တော်ဘူးလားဆိုပြီးတော့ ကျွန်တော်တို့ တင်ပြခြင်းဖြစ်ပါတယ်။

မေး ။ ။ အစည်းအဝေး ရလဒ်တွေ အပေါ်ရော ကျေနပ်မှုရှိလား။

ဖြေ။။ ကျွန်တော် အများကြီး ကျေနပ်ပါတယ်။ အစည်းအဝေးမစခင်ကတည်းက မီဒီယာတွေမှာ ပြောခဲ့တာရှိပါတယ်။ ဒီလိုစနိုင်တာကိုကပဲ အင်မတန်မှ အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်တယ်လို့။ ဒီတစ်ပွဲတည်းနဲ့ ပြဿနာအားလုံး ဖြေရှင်းနိုင်လိမ့်မယ်ဆိုတာမျိုးတော့ မမျှော်လင့်သင့်ဘူးဆိုတာ ကျွန်တော် ပြောခဲ့ပါတယ်။ အခုကလည်းကျွန်တော်တို့က ပြဿနာအားလုံးပြေလည်အောင် မဆောင်ရွက်နိုင်ပေမယ့် ဆက်လက်ဆောင်ရွက်နိုင်ဖို့ပေါ့၊ ခုနကပြောသလို နိုဝင်ဘာလမကုန်ခင်မှာ ကျွန်တော်တို့ပြန်တွေ့မယ်။ ပြီးတော့ သဘောတူထားတာကလည်း ပြီးခဲ့တဲ့ညီလာခံမှာ ကျွန်တော်တို့ ကြေညာခဲ့သလို ၂ဝ၁၈အတွင်းမှာ ကျွန်တော်တို့ ညီလာခံတစ်ခါပြန်လုပ်မယ်၊ ၂ဝ၁၉ အတွင်းမှာ နှစ်ခါထပ်လုပ်မယ်။ အဲဒီမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်အခြေခံမူအားလုံးကို ရအောင်လုပ်မယ်ဆိုတဲ့ သန္နိဋ္ဌာန်ကို ချထားတဲ့အတွက် ဒီအစည်းအဝေးမှာလည်း ဒါကိုထပ်ပြီးတော့ ကျွန်တော်တို့ သဘောတူနိုင်ခဲ့တဲ့အတွက် ကျွန်တော့် အမြင်မှာတော့ ဒီအစည်းအဝေးက အောင်မြင်တဲ့အစည်း အဝေးဖြစ်ပါတယ်လို့ တင်ပြချင်ပါတယ်။

မေး။။ NCA မှာ လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေကို ရောဘာပြောချင်လဲ။

ဖြေ ။။ သူတို့ အခန်းကဏ္ဍကို ကျွန်တော်တို့ကလည်း အလေးထားတယ်၊ အစိုးရကလည်းထားတယ်၊ တပ်မတော်ကလည်းထားတယ်။ ခုနကလို အရေးကြီးတဲ့ ခွဲမထွက်ရေးလို ကိစ္စမျိုးမှာ သူတို့အမြင်နဲ့သူတို့ရဲ့ သဘောထားကိုလည်း ကျွန်တေ်ာတို့ ထည့်သွင်းစဉ်းစားဖို့ နှစ်ဖက်စလုံးကသဘောတူတဲ့အပေါ်မှာ သူတို့ကို ကျွန်တော်တို့အလေးအနက်ထားတယ်ဆိုတာ တင်ပြချင်ပါတယ်။

မေး။။ ဖြည့်စွက် ပြောကြားချင်တာများ ရှိသေးလား။

ဖြေ။။ ပြီးခဲ့တဲ့၂ဝ၁၅မှာ၊ NCA စာချုပ်ချုပ်ဆိုပြီးတဲ့ နောက်ပိုင်းပေါ့။ ကျွန်တော်တို့ ညီလာခံ ၃ခါ လုပ်ပြီးပြီ။ ပြီးတော့ UPDJC အစည်းအဝေးတွေလည်း အများကြီးလုပ်ခဲ့တယ်။ လုပ်ငန်းကော်မတီအစည်းအဝေးတွေလည်း အများကြီးလုပ်ခဲ့တယ်။ သို့သော် ကျွန်တော်တို့က UPDJC ရဲ့လုပ်ငန်းကော်မတီအစည်းအဝေးတွေမှာ နည်းပညာအရ ဒီမိုကရေစီနဲ့ဖက်ဒရယ်အခြေခံမူတွေကို ဖေါ်ထုတ်နို်င်ပေမယ့် အခုလို ခွဲမထွက်ရတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ဆိုတဲ့ကိစ္စက နိုင်ငံရေးပြဿနာဖြစ်တယ်၊ နည်းပညာပြဿနာမဟုတ်ဘူး။ ဒီနိုင်ငံရေးပြဿနာကို ဒီတိုင်းပြည်တွေမှာရှိတဲ့ ထိပ်ဆုံးခေါင်းဆောင်တွေ ကိုယ်တိုင်က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပြီးတော့ ဆွေးနွေးအဖြေရှာတာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။ ဒီနည်းလမ်းကိုဒီပွဲမှာ ကျွန်တော်တို့ စတင်နိုင်တဲ့အတွက် ဒါအင်မတန်မှကောင်းတဲ့ ပထမခြေလှမ်းဖြစ်တယ်လို့ ပြောချင်တယ်။ နိုဝင်ဘာလ မကုန်ခင်မှာ ကျွန်တော်တို့ပြန်တွေ့ရင်တော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရေးကိစ္စကိုလည်း ကျွန်တော်တို့ အကျေ အလည် ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။

Mizzima Weekly