မြန်မာ့ ဒီမိုကရေစီရေး ဇာဂနာရဲ့ ရှုမြင်ချက်

မြန်မာ့ ဒီမိုကရေစီရေး ဇာဂနာရဲ့ ရှုမြင်ချက်

မင်္ဂလာပါ မဇ္ဈိမပရိတ်သတ်များခင်ဗျား ကျွန်တော်တို့ မဇ္ဈိမတီဗီကနေ အပတ်စဉ် တင်ဆက်ပေးနေကြဖြစ်တဲ့ Mizzima Exclusive  Interview အစီစဉ်ကနေ ကြိုဆိုပါတယ် ။ တွေ့ဆုံ မေးမြန်းသွားမယ့် ပုဂ္ဂိုလ်ကတော့ နိုင်ငံရေးမှုနဲ့ နှစ်ရှည်လများအကြိမ်ကြိမ် ထောင်ကျခံခဲ့သူ ဦးဇာဂနာ ခေါ် ဦးသူရ ဖြစ်ပါတယ် ။

 မေး ။   ။ရွှေဝါရောင် မျော်လင့်ချက်တွေ ၁၁ နှစ်မြောက်တဲ့အချိန်မှာ ဘယ်လောက်ထိ ခရီးရောက်ပြီလဲ ။

ဖြေ။ ။ အနှစ်ချုပ်ပြောရမည်ဆိုရင် ရွှေဝါရောင်တော်လှန်ရေးကနေပြီးတော့ ရလာတဲ့့အမြတ်က အကောင်းလည်းရှိ သလို အဆိုးလဲရှိပါတယ်။   တစ် ကတော့ သိသာထင်ရှားတဲ့ဟာက ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးသန်းရွှေခေါင်းဆောင်တဲ့ တပ်မတော် အစိုးရနဲ့ စပြီးတော့ဆွေးနွေး တဲ့အဆင့်ဖြစ်သွားတာဟာ ရွှေဝါရောင်တော်လှန်ရေးတွန်းပို့ချက်ကြောင့် ၊ နှစ် ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို၊ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၂ နှစ်လောက်လုပ်လာ တာကနေပြီးတော့တက်သုတ်ရိုက်ပြီး ချက်ခြင်းအတည်ပြုလိုက်ရတယ်။ ဒါဟာ ရွှေဝါရောင်ရဲ့တွန်းအားပေါ့။ အဲ့ဒီကနေပြီးတော့  ၂၀၁၀ ရွေးကောက်ပွဲဆိုတာဖြစ်ပေါ်လာတယ် ဆိုတော့ ဒီသုံးခုက ဒီရွှေဝါရောင်ရဲ့ နောက်ဆက်တွဲ အကောင်းတွေပါ။ အဆိုးတွေကတော့ အဖမ်းခံရတာတို့ သေတာတို့ ဘဝပျက်သွားတာတို့ ၊ ဒါတွေကတော့ တိုင်းပြည်ရဲ့အပြောင်းလဲမှာ အဲသလောက်ကတော့ ရှိမယ်လို့ပဲ ကျွန်တော်ကတော့ ယူဆပါတယ်။ ဒါတွေက သိပ်ပြီးတော့ စာဖွဲ့မနေချင်တော့ပါဘူး ။ ကျွန်တော်တို့လဲ ထောင်ကျတာပဲ သိပ်တော့မထူးဆန်းပါဘူး။ သေချာတာတစ်ခုက အဖြေတစ်ခုတော့ ထွက်ခဲ့ပါတယ် ၊ သို့သော် ရှေ့လျှောက်ပြီးတော့ လုပ်ရမည့်တာဝန်တွေကလဲ ကြီးတယ်လို့ ကျွန်တော်တော့ ထင်တယ်။

မေး။ ။ ဒီနေ့ အထွေထွေကုန်စျေးနှုန်းကလည်း တက်လာတယ်ဆိုတော့ အဲ့ဒီတုန်းကအခြေအနေနဲ့အခု အခြေအနေ နဲနဲလေးတူနေတယ်လို့ ခံစားရပါတယ်။  ဦးဇာဂနာကရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ တစ်ခုပေါ့နော် အဲ့တုန်းက အခြေအနေနဲ့ နဲနဲမတူတာတစ်ခုရှိတယ်၊ အဲ့တုန်းက ကုန်စျေးနှုန်းလဲတက်တယ် လောင်စာဆီလည်းတက်တယ် ၊ အခုကတော့အကုန်တက်တယ်၊ ဒါပေမယ့်် အဲ့ဒီတုန်းကကျတော့ အဲ့ဒီလောင်စာဆီစျေးတက်တာဟာ သာမှန် အဖြစ်အပျက်ပဲ။ တကယ်ပြောမယ်ဆိုရင်တော့  ပြည်သူတွေက လောင်စာဆီစျေးတက်တာ သူတို့အတွက် သိပ်အခက်အခဲတစ်ခုတော့ မဟုတ်ပါဘူး။ အဲဒီအချိန်မှာ သွားနေ လာနေ သောက်နေ စားနေ ကြတာပဲ။ သို့သော် မကြေနပ်တဲ့စိတ်က ရှိကိုရှိနေတာ တစ်ခုတစ်ခု ထဖြစ်လိုက်ဖို့လို နေတာ။ ဆိုတော့ လောင်စာဆီစျေးတက်တယ် မှန်တယ် ။ ကျွန်တော်မှတ်မိတာ ပထမဦးဆုံးဆန္ဒပြတာ ကိုထင်ကျော်ပဲ။  ပြီးတော့ ကိုမင်းကိုနိုင်တို့အုပ်စု၊ သူတို့အားလုံးအဖမ်းခံရတယ်။ ဆိုတော့ လူတွေသိပ်လွတ်လွတ်လပ်လပ်မရှိဘူး။ ကျွန်တော်ထင်တယ် နောက်တစ်ရက်မှာ တာမွေစျေးမှာ ၊ နောက်တခါ လှည်းတန်းမှာ စုစုတို့၊ တစ်ခါ နီလာတို့  ဟိုတလောက ဆုံးသွားတဲ့ မီးမီးတို့ အကုန်လုံးကို သူတို့ဝင်ရိုက်တာလေ၊ အဲ့ဒီမြင်ကွင်းတွေ မြင်လာတော့ ဒေါသထွက်တယ် ပြီးတော့ တစ်ချိန်လုံး ဖိနှိပ်ခံနေရတယ်။ အဲ့ဒီ တပ်မတော်အစိုးရ သူတို့လုပ်သမျှ အကုန်ခံနေရတာ  အဲ့ဒီခံနေရတဲ့ စိတ်တွေကအုံကြွလာပြီး   ပခုက္ကူလည်းဖြစ်ရော တစ်နိုင်ငံလုံး ပါသွားရော အဲ့ဒီလိုဖြစ်တာ။ အခုချိန်ကျတော့ အဲ့သလိုအုံကြွမည့်လူတွေကအားလုံးကိုက မအုံကြွတော့ဘူး၊ သူတို့ အကုန်လုံးကလည်း   နိုင်ငံရေးပါတီအသီးသီးတွေ ဖြစ်ကုန်ကြပြီ၊ ဒီလမ်းကြောင်းကြီးပွင့်သွားပြီ ဆိုတော့ နိုင်ငံရေး လမ်းကြောင်းနဲ့ဖြေရှင်းလို့ရသွားပြီ။ လူထုအုံကြွမှုလမ်းကြောင်းနှင့်ဖြေရှင်းစရာမလိုတော့ဘူးဆိုတဲ့စိတ် ၊ အား လုံးမှာ ရှိကုန်ပြီလို့ ကျွန်တော်ယူဆကြည့်ပြီးလို့ ဒါမျိုးမဖြစ်တာပေါ့။  ဒုတိယအချက်က ကျွန်တော်တို့ ကိုယ်တိုင််ပဲလေ ကျွန်တော်တစ်ဦးထဲပြောတာနော် တခြားလူကတော့သူတို့သူကိစ္စ၊ ကျွန်တော်တို့ကိုယ်တိုင် ပင်လျင် အပြောင်းလဲကိုကျွန်တော်တို့ကိုယ်တိုင်ကစပြောင်းနေတာဖြစ်တဲ့အတွက် ဥပမာဆိုပါတော့ ကျွန်တော်လည်း အစိုးရမကောင်းကြောင်း   ပြောမယ်ဆိုရင်   ပြောချင်သလောက် ပြောလို့ရတယ်၊ ပြက်လုံးထုတ် မယ်ဆိုရင် ထုတ်ချင်သလောက် ထုတ်လို့ရတယ်၊ ကျွန်တော်ကိုယ်တိုင်လဲ အဲ့ဒီလိုမပြောတော့ဘူး ပြက််လုံးလည်း မထုတ်တော့ဘူး။ ဘာကြောင့်လည်းဆိုတော့ ဒီအချိန်က ကျွန်တော်တို့ ပြောလိုက်တဲ့စကား ကျွန်တော်တို့ပြက်လိုက်တဲ့ ပြက်လုံးတစ်ခုကြောင့် လက်ရှိအလုပ်လုပ်နေရတဲ့အစိုးရက အခက်အခဲဖြစ် သွားနိုင်တယ် ၊ အနှောင့်ယှက် ဖြစ်သွားနိုင်တယ် ၊အဲ့လိုဆိုရှေ့မရောက်ဘဲ နောက်ပြန်ဆုတ် သွားနိုင်တယ်၊ ကျွန်တော်တို့ တပ်မတော်အစိုးရကိုလည်းသွားပြီးတော့ မထိပါးတော့ဘူး ၊ ဘာဖြစ်လို့ထိပါးတော့မှာလဲ အချင်းချင်းရင်ကြားစေ့ရေး ဆိုတဲ့ကိစ္စ ခေါင်းဆောင်တွေလုပ်နေကြတယ် ၊ အဲ့ဒီအတွက် အနှောင့်အယှက် မဖြစ် စေချင်ဘူး ရှေ့ပဲသွားစေချင်တယ် ၊ အဲဒီအတွက်ကြောင့် ကျွန်တော်တို့ကဘာဝိုင်းကူရမလဲဆိုတဲ့နေရာမှာပဲ ရှိနေကြတော့ ခုနတုန်းကလို ကျွန်တော်လည်း လူထုအုံကြွမှုလုပ်ဖို့တို့ ၊ ဆရာတော် သံဃာတော်များသို့ သွားပြီးတော့ ဆွမ်းကပ် ပြီးတော့ မြှောက်ပေးဖို့တို့ဆိုတာတွေ ကျွန်တော်တို့တော့မလုပ်တော့ပါဘူး၊ အစိုးရကို ဘာကူရမှာလည်းပဲ ကျွန်တော်တို့ နေ့စဉ်နဲ့အမျှစဉ်းစားနေတာ ကူနိုင်သလောက်ဝိုင်းကူနေပါတယ်။

မေး။ ။ အဲ့ဒီတော့ ဦးဇာဂနာပြောသွားတဲ့ထဲမှာ ရင်ကြားစေ့ရေးက ဘယ်အတိုင်း အတာထိ ခရီးရောက်ပြီလဲ။

ဖြေ။ ။   ကျွန်တော်တို့ သိသလောက်ကတော့ တချို့အတွင်းစကားတွေကို ထုတ်ပြောလို့မရတာတွေရှိပါတယ်၊ သို့သော် ကျွန်တော်တို့သိသလောက်ကတော့ အန်တီ(ဒေါ်အောင်ဆန်းစုကြည်)နဲ့တပ်မတော်နဲ့ ဆက်ဆံရေး ကကောင်းနေပါတယ်။ တော်တော်လေးအဆင်ပြေပါတယ်။ သို့သော် ရင်ကြားစေ့ရေး ဆိုတဲ့ကိစ္စမှာ အားလုံးမှာ တပ်နဲ့ နိုင်ငံရေးပါတီတွေနဲ့ မဟုတ်ဘူးနော်၊ ကျွန်တော်တို့ပြည်ပရောက်နေတဲ့ အင်အားစုတွေ လက်နက်ကိုင် အဖွဲ့တွေရှိတယ် အဲ့ဒီလူတွေအကုန်လုံး ပါဝင်ဖို့ပါ ဆိုတော့ အဲ့ဒီငြိမ်းချမ်းရေးဆိုတဲ့ကိစ္စမှာတော့ ကျွန်တော့် စိတ်ထင်ပေါ့ ကျွန်တော်ကိုယ်တိုင်လည်းပဲ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာလဲ ငြိမ်းချမ်းရေးနဲ့ပတ်သတ်တဲ့ ကိစ္စတွေထဲမှာ ကျွန်တော် ဝင်လုပ်ခဲ့တာတွေ အများကြီးရှိပါတယ်။ အဲ့ဒီတော့ ကျွန်တော် မြင်တာတစ်ခုကတော့ အဲဒီလောက်မလွယ်ဘူး မလွယ်ရခြင်းအကြောင်းရင်းကလဲ ကျွန်တော်တို့တိုင်းပြည်ဖြစ်နေလို့ပဲ။ ကျွန်တော်တိုင်း ပြည်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ကျွန်တော်တို့တိုင်းပြည်မှာကလဲ တကယ်ငြိမ်းချမ်းရေးကို လိုချင်တဲ့စိတ်ရှိ ပြီးတော့ အလုပ်လုပ်မယ်ဆိုရင် ငြိမ်းချမ်းတယ်လို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဒါပေမယ့် တစ်ချို့အဲဒိီလိုစိတ် နည်းနေတယ်။ ငြိမ်းချမ်းရေးတောင်မှ စိတ်မဝင်စားတဲ့လူရှိတယ် ။ နောက် ကျွန်တော် မကြိုက်တဲ့ဟာတစ်ခုပေါ့ ဒါကတော့ ပွင့်ပွင့်လင်းလင်း ကျွန်တော်ပြောတာ All inclusive ဆိုတဲ့ ဘယ်သူ တင်သွင်းလာတဲ့စကားလုံး ကြီးမှန်းမသိဘူး။ အဲ့ဒါ ၈ နှစ်လောက်ရှိပြီ ၊ အဲ့ဒါ အလုပ်မဖြစ်တာ။ အဲ့ဒီအကုန်လုံးပါ ရေးဆိုတဲ့ကိစ္စက အကုန်လုံးပါလို့ကို စကားတွေများပြီး ပါးစပ်ပေါက်တွေများပြီးတော့ လည်နေတာ။ အကုန်လုံး မပါဘဲနဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ တကယ်လည်းလုပ်နိုင်တဲ့လူ ဆယ့်လေးငါးယောက်လောက် အရင်ဆွေးနွေးပြီး အဖြေရပြီးမှ  အကုန်လုံးပါရင်ကောင်းတယ်၊ အဲ့ဒီ All inclusive ဟာကြီးက ဒီနေ့ထက်ထိ အလုပ်မဖြစ်ခြင်းဟာ အဲ့ဒါပဲ ။ အဲ့ဒီငြိမ်းချမ်းရေးကိစ္စမှာ အဲ့ဒီ All inclusive ကြီးကို ကျွန်တော် တော်တော်မုန်းတယ်ဗျ။ ကျွန်တော် အရင်တုန်းကလည်း တောက်လျှေက်ပြောခဲ့တယ် အခုထိ ဒီစကား ကျွန်တော့်ဘက်က ၈ နှစ်လောက်ရှိပြီ နိုင်ငံရေးထဲကို အဲ့ဒီ စကားစရောက်တဲ့နေ့ဟာ ငြိမ်းချမ်းရေး ကောင်းကောင်းအလုပ်မဖြစ်တာ၊ စကားတွေ တအားပြောတာ ၊ ဗမာလူ မျိုးလောက်စကားပြောတာ ကျွန်တော် ကမ္ဘာမှာမတွေ့ဖူးဘူး ၊အဲ့ဒါ ဗမာစကားလို ပေါ့ဗျာ အပေါက်များတော့လည်း ပိတ်ရခက်တာပေါ့၊ အလုပ်မဖြစ်ဘူး အဲ့ဒီတော့ ကျွန်တော်ထင်တယ် အဲ့ဒီ All inclusive ကြီးကိုဖယ်ပစ်လိုက်ရင် ကောင်းမယ်် အဲ့ဒါဆိုရင်တော့ အလုပ်မြန်မြန်ဖြစ်မယ်။

မေး။ ။ ၂၀၁၀ - ၂၀၁၅ မှာဆိုရင် ကျွန်တော်တို့ အုံနဲ့ကျင်းနဲ့ နဲ့ပေါ့နော် ၊ ရာခိုင်နှုံးတော်တော်များများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးခဲ့ကြတယ် ဒါပေမယ့် အဲ့ဒီနောက်ပိုင်းကျတော့ အားမလိုအားမရတွေ အခုဆိုရင် တော်တော်များများဖြစ်လာတယ်။  အဲ့ဒီအပေါ်မှာရော ဦးဇာဂနာ ဘယ်လိုသုံးသပ်လဲ  ။

ဖြေ။ ။ ဒါကတော့ ကျွန်တော်တို့ နေ့တိုင်းကြားနေပါတယ် facebook တွေပေါ်မှာလည်းရေးနေကြတယ်။ facebook ကိုကြည့်ဖို့မေ့နေရင်တောင်မှ စျေးထဲသွားရင် သိနေတာပဲ၊ ကန်စွန်းရွက်တစ်စည်း မနက်က ငါးရာဖြစ်သွားတယ် ။စျေးသည်တွေတော်တော်အော်နေကြတယ်။ ကန်စွန်းရွက် တစ်စည်းငါးရာဆိုတော့ မဖြစ်သင့်ဘူးပေါ့နော်၊ အခြေခံအားဖြင့်တော့ ကန်စွန်းရွက်တောင် နပ်မှန်အောင်မစားရတဲ့ဘဝဖြစ်လာကြတယ်၊ ဆိုတော့ ဒီအဖြစ်အပျက်က ကောင်းလားလို့မေးရင် မကောင်းဘူးလို့ပြောရမှာပဲ ၊ ဒါဟာပွင့်ပွင့်လင်းလင်း ကျွန်တော်လည်း ပြောလို့ရတယ်လေ ၊ သို့သော် တစ်ခုရှိတာက ကျွန်တော်တို့ အဲ့ဒီအကြောင်းအရာတွေ အားလုံးကို အစိုးရအဖွဲ့ ၊ အစိုးရ အဖွဲ့ဆိုတာက လက်ရှိအန်တီတို့ သမ္မတကြီးဦးဝင်းမြင့်တို့ ခေါင်းဆောင်တဲ့ အစိုးရအဖွဲ့ကမှန်မှန်ကန်ကန်သိဖို့ လိုတယ်။ အဲ့ဒါအတွက်က NLD ပါတီလို့ပြောတဲ့ ဒီအခြေခံ ရပ်/ကျေး အဆင့်ထိ သူတို့ရှိတယ်၊ သူတို့ဆီကနေ့ တဆင့်မှန်မှန်ကန်ကန်ရေးတင်ဖို့လိုတယ်။ ထိုနည်းတူ ကျွန်တော်တို့ကိုယ်တိုင်ကလဲ မှန်မှန်ကန်ကန် ဒီလိုဒီလို အနေအထားတော့ရှိနေပါတယ် ၊ ဥပမာ မနက်က ဒေါ်လာစျေးက ၁၆၀၀ နဲ့ဘယ်နှစ်ကျပ်ရှိသွားပြီ ဆီစျေးကတော့ ဘယ်လောက်ရှိသွားပြီ အဲ့ဒါတွေက ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ မှန်ကန်တဲ့ သတင်းအချက် အလက်ကိုကျွန်တော်တို့ကလည်း ပို့ပေးဖို့လိုတယ်။ ထိုနည်းတူ အဲ့ဒီ မှန်ကန်တဲ့သတင်းအချက်အလက်တွေ လူကြီးတွေဆီ မရောက်ဘဲနဲ့ အခုက မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်ကလိုဖြစ်နေတာ ၊ ဦးနေဝင်းမသိဘဲနဲ့ အလယ်ကောင်မှာပျောက်ပျောက် သွားတယ်ဆိုတာမျိုး ၊ အဲ့ဒီလိုလည်း မဖြစ်ဖို့လိုတယ်။ ဒါကတော့လက်ရှိ ရှိနေတဲ့ အစိုးရကိုယ်တိုင်က အောက်ခြေက သတင်းကိုဘယ်လို သူတို့ဆီကို စီးဆင်းမှု ဘယ်လိုလာရမလဲဆိုတာကို ဖွင့်နိုင်တဲ့ လမ်းကြောင်း လုပ်ရမယ်ထင်တယ်၊ အဲ့ဒါလည်းလိုအပ်တယ်။ သို့သော် ကျွန်တော်တို့အနေနဲ့ ရသမျှ သတင်းအကုန်လုံးကို ကျွန်တော်တို့ တောက်လျှောက်ပို့တယ်၊   ကျွန်တော်တို့ အနီးဆုံးပို့နိုင်တဲ့လူဆီ ၊ အဲ့ဒါရန်ကုန်တိုင်းဝန်ကြီးချုပ် ကိုဖြိုးမင်းသိန်းဆီ ကျွန်တော်တို့ရောက်အောင်ပို့တယ်၊ လက်ရှိအခြေအနေတော့ ဒီလိုရှိနေတယ်။ နေ့တိုင်း နီးပါးကျွန်တော်သတင်းပို့ တယ်။ ထိုနည်းတူ နေပြည်တော်ကိုလဲ ကျွန်တော်တို့သတင်းပို့တယ် ၊ အန်တီ့ ရုံးကို လည်း ကျွန်တော်တို့သတင်းပို့တယ် ၊ဒါက ကျွန်တော်တို့တာဝန်၊ ပြည်သူတွေဒီလိုခံစားနေရတယ် တချို့ မကျေနပ်ဘူး တချို့ဒီလိုရှိတယ် ၊ဒါတွေအကုန်လုံးကို ကျွန်တော် အကုန်ပို့တယ်။ ကျွန်တော်ပြောတာက ကန်စွန်းရွက်တစ်ခုပဲ ကျွန်တော်ပြော တာနော် တခြားဟာတွေရှိသေးတယ်၊ တကယ် စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ တိုက်ဆောက်တဲ့လူတွေ ၊အိမ် ဆောက်တဲ့လူတွေ အိမ်ခြံမြေရောင်းဝယ်တဲ့လူတွေ အလှကုန်ပစ္စည်းထုတ်တဲ့လူတွေ၊ အဲဒီလူတွေရဲ့ခံစားချက်တွေပါ ကျွန်တော်တို့စုပို့တယ်၊ ရွှေဆိုင်တွေက ခံစားချက်တွေလည်း ကျွန်တော်ပို့တယ်၊ ထိုနည်းတူ စားသောက်ဆိုင်တွေရဲ့ရင်ဖွင့်တဲ့အသံရှိတယ် ဒီရန်ကုန်မြို့ကစားသောက်ဆိုင်တွေ အဲ့ဒါဟာတွေကကျွန်တော်တို့စုတယ်။ တချို့ဆိုရင် ဗီဒီယိုပါစုတယ် ကျွန်တော်တို့လူပုဂ္ဂိုလ်တစ်ဦးတယောက်ရဲ့ခံစားချက်ဖြစ်မှာစိုးလို့ ၊ အများခံစား ဖြစ်တာဆိုတာမျိုးတို့ ကျွန်တော်တို့စုတယ် ၊ ဒါကဒီအစိုးရ ကိုယ်တင်ထားတဲ့အစိုးရဖြစ်လို့ ကိုယ့်အစိုးရ အမှားမှားအယွင်းယွင်း တွေနဲ့ ပြည်သူတွေရဲ့ကြားထဲမှာမဖြစ်အောင်၊ အောင်မြင်မှုရှိအောင် ဆိုတဲ့သဘောမျိုးနဲ့ ကျွန်တော် တို့နိုင် သလောက်ဝိုင်းကူတာ ဒါကြောင့်မို့လို့ ဟိုဘက်ခန်းဆို Editing ရှိတယ်၊ ကင်မရာရှိတယ် အချိန်မရွေးရိုက် ပြီးတော့ ကျွန်တော်တို့ပို့နေလို့ရတယ်။ ဒါပေမယ့် အဲဒီလိုတော့ အစိုးရသိမှာမဟုတ်ဘူးလို့ ကျွန်တော်တို့ ပြောနေတာ၊ ဒါပေမယ့် ပြင်ရမယ့် ပေါ်လစီမိတ်ကာက ကျွန်တော်တို့မဟုတ်ပါဘူး နိုင်ငံတော်အစိုးရဖြစ်တယ်။ မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်လေး ပြန်ပြီးတော့ လုပ်ပေးဖို့တော့ အစိုးရက လိုအပ်တယ်လို့ ကျွန်တော် ယူဆတယ်။ ဒါမှ မဟုတ်ရင်ဒီအခြေအနေက ကြာရင်မထိန်းနိုင်ဘူး ။

မေး။ ။ အဲ့ဒီတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ယူပြီး သုံးနှစ်အတွင်းမှာပေါ့လေ ကျွန်တော်တို့ စဉ်းစားမိ သလောက် ပြည်တွင်းငြိမ်းချမ်းရေး ၊ နောက်တစ်ခုကတော့ ရခိုင်ကိစ္စ ၊ ပြီးလို့ရှိရင် ကုန်စျေးနှုန်းတက်တဲ့အခက် အခဲတွေ ၊ ဒေါ်လာစျေးတက်တဲ့အခက်အခဲ တွေလည်း ဖြစ်လာတယ်ဆိုတော့ အဲ့ဒီ သုံးမျိုးကိုရော ဘယ်လိုဖြေရှင်းမယ်လို့ ဦးဇာဂနာမြင်လဲ။

ဖြေ။ ။ တစ်ကတော့  ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ့်ကိစ္စက အရင်တုန်းတည်းကကျွန်တော်က မထောက်ခံ ခဲ့တဲ့အထဲမှာပါပါတယ်၊ အဲ့ဒီအတွက် အဲ့ဒီ ၄၃၆ ပြင်ဆင်ရေး လက်မှတ်ထိုးတဲ့အထဲမှာလဲ ကျွန်တော် မထိုးခဲ့ဘူး အဲ့ဒီတော့ လတ်တလောမှာ မဖြစ်နိုင်တဲ့ကိစ္စကို ကျွန်တော်တို့ မလုပ်တာကောင်းပါတယ်၊ အခု အရေးကြီးတဲ့ သုံးခုပေါ့နော် ပြည်သူ့ငြိမ်းချမ်းရေး ဒါကတော့ ဒီ process ကသွားနေပါတယ်၊ သွားနေတယ်ဆို တာနောက်ပြန် မဆုတ်သွားတာကိုဘဲ ကျေးဇူးတင်ရပါလိမ့်မယ်၊  ကျွန်တော်ပြောသလို အကြံပေးတဲ့ အဲ့ဒီ All inclusive ကြီး ခဏဖျောက်ပြီးတော့ ဒီပုံစံလေးတစ်ချက်ပြောင်းလိုက်ရင်တော့ မြန်မယ်ထင်တယ်။ အဲ့ဒီဟာ အရင်လုပ်လိုက် ပေါ့ ပြီးတော့မှချဲ့လိုက်ပေါ့ ၊ ပုဂံညီလာခံလုပ်လုပ် ပင်လုံညီလာခံလုပ်လုပ် အဲ့ဒါနောက်မှလုပ် လောလောဆယ် အဲ့ဒီအဖြေ ထုတ်ပေးနိုင်တဲ့ လူအုပ်စုတစ်စုနဲ့ ဆယ့်ငါးယောက်လောက်နဲ့ အဲ့ဒီလိုလုပ်လိုက်ရင်တော့မြန်ပါ တယ်။ နောက်တစ်ခုကတော့ ခုနပြောသလိုပေါ့ တရားဥပဒေစိုးမိုးရေးလည်း ပျက်နေ တယ်ပေါ့ဗျာ မန္တလေးတို့ ဘာတို့မှာလဲ ဖြစ်လာတဲ့ပြဿနာတွေရှိပါတယ် ၊ရခိုင်ကပြဿနာတွေ ကျွန်တော် ကိုယ်တိုင်လည်း ရခိုင်စုံစမ်း ရေးကော်မရှင်မှာ ကျွန်တော်ပါခဲ့တယ် ဆိုတော့ အခုမှဖြစ်တဲ့ပြဿနာမဟုတ်ဘူးပေါ့နော် ဒါဟာ  ဟိုးအရင် ကတည်းကရှိတဲ့ပြဿနာ၊ ဒီပြဿနာကိုဘယ်လိုထိန်းမလဲဆိုတာ ခုနတုန်းကလို နိုင်ငံခြားကလူတွေခေါ် ထိန်းထိန်း ၊ဗမာပြည်ကလူတွေ ဘယ်ကလူတွေခေါ်ထိန်းထိ်န်း ထိန်းလို့ မရဘူး။ ဆိုတော့ ဒီပြဿနာကို ဖြေရှင်းနိုင်တဲ့နည်းကို ကျွန်တော့ကိုပြောပါဆိုလဲ ကျွန်တော်မပြောနိုင်ဘူး၊ သေချာတာကကျွန်တော်မသိဘူး ဘာကြောင့်လဲဆိုတော့ ဒီပြဿနာကိုက အဓိကဖန်တီးထားတဲ့ဇာတ်ညွန်းတစ်ခု လို့ကျွန်တော်က ခံစားထား တာကြာပြီ၊ ကျွန်တော်ခဏခဏပြောတယ် ကျွန်တော်တို့တိုင်းပြည်က ဇာတ်ညွန်း နဲ့ကနေတာ အခုဇာတ်ညွန်း ပဲ အဲ့ဒီဇာတ်ညွန်းတွေကြားထဲမှာ ဒီဒေါ်လာစျေးတွေ ဘာတွေဖြစ်နေတဲ့ကိစ္စတွေက ဇာတ်ညွန်းပဲ ၊ဘာလို့ဆို ကျွန်တော်တို့ အရပ်သား ဗမာပြည်မှာရှိတဲ့ ၅၃ သန်းသောလူဦးရေထဲမှာ ၅၂ သန်းလက်ထဲ မှာဒေါ်လာမရှိဘူး ဒေါ်လာဘယ်သူတွေလက်ထဲမှာရှိသလဲ အဲ့ဒါမေးကြည့်လိုက် ဘယ်သူတွေကအဲ့ဒီဒေါ်လာစျေးကို သတ်မှတ် တာလဲ ၊ကျွန်တော်လဲ စဉ်းစားလို့မရဘူး၊ ကျွန်တော်တို့ လက်ထဲမှာဒေါ်လာမရှိဘူး ကျွန်တော့လက်ထဲမှာ ဒေါ်လာ ဆယ်ဒေါ်လာပြည့်အောင်မရှိဘူး ဒါရှင်းရှင်းပဲ ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်လာကိုင်ထားတာက ဘယ်သူကကိုင်ထားတာလည်း အဲ့ဒီတော့ တိုင်းပြည်က ဘယ်စီးပွားရေးကိုပြောနေကြတာကလည်း ကျွန်တော် ကတော့ နဲနဲလေးမှားတယ်လို့ ကျွန်တော်ထင်တယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘယ်စီးပွားရေးတွေ ကျွန်တော် တို့ တိုင်းပြည်ကလုပ်လို့ အောင်မြင်ခဲ့တာလဲ ၊ ဥပမာ ဆိုင်ကယ်လည်း မထုတ်ဘူး မော်တော်ကားလည်း မထုတ်ဘူး ကျွန်တော်တို့တိုင်းပြည်ကဘာမှမထုတ်ဘူး။ ကျွန်တော်တို့ တိုင်းပြည်က ထုတ်တယ်ဆိုလို့ ဘာပဲရှိ လည်းဆိုတော့ သစ်ပင်တွေခုတ်ရောင်းတယ်၊ ပြီးတော့ ကျောက်တွေတူးရောင်းတယ်၊ ဂက်စ်တွေခိုးရောင်းတယ် အဲ့သလိုရောင်းတဲ့ ပိုက်ဆံတွေနဲ့ချမ်းသာလာတာပါ ။ စီးပွားးရေးလုပ်ပြီးချမ်းသာလာတဲ့ လူတစ်ယောက်မှမရှိ ပါဘူး ဒီတိုင်းပြည်မှာ ။ အဲ့ဒီလိုဖြစ်ခဲ့တဲ့ ခေတ်အဆက်ဆက် အဲဒီလိုလုပ်စားခဲ့တဲ့လူတွေရဲ့ လက်ထဲမှာပဲပိုက်ဆံ ရှိတယ် ၊ အဲ့ဒီတော့ ကျွန်တော်တို့ဆီမှာ ကဲ အခြေခံကစလို့ အပ်ချူပ်စက်ထုတ်တဲ့ လုပ်ငန်း ပြပါဆိုလည်း မရှိဘူး။ ဘာလုပ်ငန်းမှ ကျွန်တော်တို့ဆီမှာ အောက်ခြေကနေပေါ့ဗျာ ၊ သူများနိုင်ငံမှာဆိုရင်တော့ရှိတယ် ၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ တစ်မျိုးလုံးချမ်းသာလာတာ Mc Burger စသဖြင့် ဒီလိုသွားတာ။ အဲဒီလိုလာတဲ့ စီးပွားရေး ကျွန်တော်တို့ဆီမှာ တစ်ခုမှမရှိဘူး။ မရှိဘဲနဲ့တော့ ဘာဖြစ်သွားတာလဲဆိုတော့ ခုနကလို ကျောက် သံ ပတ္တမြား တွေ ဓာတ်ငွေ့တွေ ရောင်းစားပြီးတော့မှ ချမ်းသာလာတဲ့လူတွေဆိုတော့ အဲ့ဒီလူတွေပဲရှိတယ်။ အဲ့ဒီတော့ စီးပွားရေးလုပ်ငန်း မကောင်းဘူးလို့ပြောတော့ ခံရတာက အသေးတွေကခံရတာပါ။ medium နဲ့ small တွေခံရတာ၊ အကြီးကြီးတွေကတော့ ဂေါက်ရိုက်တောင်မပျက်ကြဘူး၊ အိပ်မပျော်စားမဝင်တဲ့သူတွေ ကတော့ medium တွေ ၊ small တွေကတော့ ပျက်ကုန်ပြီ ၊ ဒီကြားထဲမှာ ကျွန်တော်ထင်တယ် အရပ်သူ အရပ်သားတွေကတော့ ကုန်ပစ္စည်းစျေးတက်လာတာကိုတော့ ဖိခံရမှာ ကျွန်တော်တို့အပါအဝင်ပေါ့ ကျွန်တော်တို့ဒီနေ့ မနက်ဖြန်ထမင်းဟင်းစားရဖို့ ၊ မော်တော်ကားဆို ကျွန်တော်တို့ မစီးဘဲနေရမလိုလို တောင်ဖြစ်လာတာပေါ့ ၊ စျေးတွေက အရမ်းတက်လာတာ ဆိုတော့ ဒါတွေကတော့ လတ်တလော ကြုံရမယ် ၊ ဒါတွေကိုဖြေရှင်းဖို့တော့ ကျွန်တော်ထင်တယ် တကယ် စီးပွားရေးအပြောင်းအလဲပေါ့ ဒီငွေကြေးအပြောင်း အလဲကို ဖော်ဆောင်နိုင်တဲ့ပညာရှင် ကျွန်တော်တို့တိုင်းပြည်မှာ သိပ်မရှိပါဘူး ။ ကျွန်တော်တွက်ကြည့်တာပေါ့ ၈ ယောက်လောက်ပဲရှိတယ် ၊ အဲ့ဒီ ၈ ယောက်လောက်ကို အခုနေ ကော်မတီလေးတစ်ခု အမြန်ဖွဲ့ပြီးတော့ NLD အစိုးရအနေနဲ့ အကြံပေးဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အကြံပေးဖြစ်ဖြစ်၊ အဲ့ဒီ ကော်မတီလေး တစ်ခုက  အမြန်ရှင်းလိုက်ရင်တော့ ဒီကိစ္စပြေလည်လိမ့်မယ်ထင်တယ်၊ ဟိုတစ်နေ့ကဦးဇော်ဌေးပြောသလို အရင်တုန်းကဆယ်ယောက်လောက်ကောက်ဖမ်းလိုက်တာနဲ့ဒေါ်လာစျေး ကျသွားတယ်လို့ပြောတယ်မလား၊ ဖမ်းကြည့်ပါလား အဲ့ဒါဆိုလည်း ။ပြေလည်မယ်ဆိုရင် အဲ့သလိုလုပ်ကြည့်ပါလား ၊ ဘာဖြစ်လဲ ဒါပေမယ့် ကျွန်တော်ကတော့ ဖမ်းတာတော့ အားမပေးချင်ဘူး ခုနလိုပညာရှင် ကျွန်တော်တို့ တိုင်းပြည်မှာ သိပ်မရှိဘူး ၈ ယောက်လောက်ပဲရှိတယ် အဲ့သလောက်ကိုတော့ နဲနဲခေါ်ပြီးတော့   ဝေါက်ကင်းကော်မတီပေါ့ ၊ အဲ့ဒီကနေပြီးတော့လုပ်ကြည့်လိုက်ရင်တော့ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်ထင်ပါတယ် တစ်နှစ်အတွင်းမှာ တချို့စီးပွားရေးလုပ်ငန်းတွေလည်း တော်တော် ပြန်ပြီး လည်ပတ်သွားလိမ့်မယ်ထင်တယ် ၊ ဒါမှန်မှန်ကန်ကန် လေး နားထောင်ဖို့လိုတယ်ဗျ ကျွန်တော်တို့တိုင်းပြည်မှာ ပြဿနာဖြစ်နေတာက နားမထောင်တဲ့ အနုပညာ ထွန်းကား နေသလားမသိဘူး ၊ နားမထောင်ခြင်းအနုပညာပေါ့ ။ တော်တော်ကိုနားမထောင်ဘူးဗျ၊ အစိုးရ အဖွဲ့တွေကလည်းနားမထောင်ဘူး၊ ဘယ်သူမှလည်းနားမထောင်ဘူး အဲ့ဒီလိုဖြစ်နေတယ် ၊ သူတို့နဲနဲနားထောင် စေချင်တယ်  ၊ လူတောထဲဆင်းပြီးတော့ လူတွေပြောတာကို နားထောင်စေချင်တယ် အဲ့ဒါကိုတော့လုပ််ပါလို့ ကျွန်တော်ကတော့ မေတ္တာရပ်ခံချင်ပါတယ်။

မေး။ ။  ရပ်ကွက်ထဲ လူတွေနဲ့စကားပြောကြည့်တဲ့အခါ  ပြောင်းလဲချိန်တန်ပြီလို့ ရွေးကောက်ပွဲမဲ ဆွယ်တုန်းကပြောခဲ့တယ်၊ ဒါပေမယ့် တကယ့်တကယ်ကျတော့ ဘာမှမပြောင်းလဲဘူးလို့ လူတွေ ခံစားနေရတယ် ဆိုတော့ အဲ့ဒီအပေါ် ဦးဇာဂနာ ဘယ်လိုမြင်လဲ ဘယ်လိုပြန်ပြောလို့ရမလဲ။

ဖြေ။ ။ ဟိုပြောင်းလဲချိန်ပြီဆိုတာက စကားလုံးရဲ့အဓိပ္ပါယ်ကိုက ပြောင်းလဲချိန်တန်ပြီလို့ပြောတာ ။ ပြောင်းလဲပြီလို့ ပြောတာမဟုတ်ဘူး ။ သူကပြောတာ စကားလုံးရဲ့အဓိပ္ပါယ်ကိုက ပြောင်းလဲချိန်တန်ပြီ အခုတော့ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ ပြောင်းလဲပါပြီလို့တော့ မပြောနဲ့တော့  ဆိုတော့ ပြောင်းလဲဖို့ဆို တာကတော့ ကျွန်တော်ထင်ပါ တယ်၊ အစိုးရကြီးကို ကျွန်တော်တို့သွားသွားပြီးတော့ပြောနေလို့မရပါဘူး ။ ကျွန်တော်တို့ကိုယ်တိုင်လည်း ကျွန်တော့်ကိုကျွန်တော်ပြောင်းလဲတယ်၊ ဘယ်သူမှပြောစရာမလိုဘူး ၊ ကျွန်တော့ဘာသာကျွန်တော်ပြောင်းလဲတာ။ ကျွန်တော်လူကြားထဲသိပ်မထွက်ဘူး၊ ပွဲမသွားဘူး ၊ အလုပ်ပဲများများလုပ်တယ် ဟောပြောပွဲတွေကျွန်တော်မပြောတော့ဘူး၊ စကားမပြောတော့ဘူး၊ စကားပြောတဲ့အလုပ်ကို ကျွန်တော်မလုပ်တော့ဘူး၊ အလုပ်လုပ်တဲ့အလုပ်ကို ကျွန်တော်လုပ်တယ်။ ဒါက ပြောင်းလဲတာ ကိုယ့်ကိုယ်ကိုပြောတာပေါ့နော် ။ ကျွန်တော်ပြောင်းလဲကြည့်လိုက်တယ်၊ ဒီလိုပြောင်းလဲရင် ကောင်းမယ်ထင်တဲ့အတွက်ကြောင့် အလုပ်ကိုပဲ ကြိုးစားလုပ်တော့မယ် ဘာမှမလုပ်တော့ဘူး  အသက်အရွယ်လည်းရလာပြီ ကျန်းမာရေးလည်းမကောင်းဘူး ဆိုတော့ ကျွန်တော် ပြောင်းလဲတယ် ၊ ဒီလိုပေါ့ တစ်ယောက်ချင်းစီရဲ့ဘယ်လောက်ပြောင်းလဲ သွားပြီလဲ ဆိုတာဟာလဲ ကျွန်တော်တို့အပေါ်မူတည်တယ်၊ ဒါပေမယ့် အဲ့ဒီအချိန်မှာ တစ်ခုအရေးကြီးတာက အစိုးရကရော ဘယ်လောက်ပြောင်းလဲသွားပြီလဲဆိုတာဟာလဲ အရေးကြီးတယ် ၊ဒါပေမယ့် ကျွန်တော်မှန်မှန်ကန်ကန်ပြောရမယ်ဆိုရင် ကျွန်တော်တို့ချစ်လို့ ကျွန်တော်တို့တင် ထားတဲ့ ကျွန်တော်တို့အစိုးရပဲ ကိုယ့်အစိုးရကိုတော့ ဘယ်အပြစ်တင်ရက်မှာလည်း ၊ ဒါပေမယ့် မကောင်းရင် တော့ ပြောရ မှာပေါ့ ၊ ဒါပေမယ့် ကျွန်တော့တို့က လူကြားထဲမှာတော့ မပြောဘူး တိုက်ရိုက်ပြောလို့ရနိုင်တဲ့ ဟာဖြစ်တဲ့ အတွက်ကြောင့် တိုက်ရိုက်ပြောတယ် ၊ပြောသင့်တဲ့အရာတွေကို ကျွန်တော်တို့ပြောတယ် အဲ့ဒီတော့ တချို့ဟာလေးတွေ လိုက်ပြောင်းလာတယ် ၊ ဆိုတော့ ကျွန်တော်ထင်ပါတယ် လွန်ခဲ့တဲ့၂ နှစ်ကတော့ အဲ့ဒီ ပြောင်းဖို့ကို တော်တော်အားယူရတယ်၊ အခုဒီနှစ်မှာတော့ နဲနဲတော့စပြောင်းလာပါတယ် ၊ သို့သော် ကျွန်တော် ပွင့်ပွင့်လင်းလင်းပြောချင်တယ် အဲ့ဒီစကားကိုတော့ အဲ့ဒီမပြောင်းလဲအောင်ဆိုပြီးတော့ စနှစ်တကျ ဖွဲ့စည်းပြီး တော့ အဲ့ဒီကန့်လန့်ကန့်လန့် လုပ်ထားတဲ့လူတွေ ရှိနေတယ်၊ ဝန်ကြီးဌာနတိုင်းမှာရှိနေတယ် ၊ ကျွန်တော်အရေ အတွက်နဲ့ပြောရင် တစ်ဌာနမှာ အယောက် ၃၀ လောက်စီရှိနေတယ် ၊ အဲဒီလိုတော့ကျွန်တော် စွပ်စွဲချင်တယ်၊ အဲ့ဒီလူတွေကန်ထုတ်ပစ်လိုက်ရင် နားအေးသွားပြီ။ အဲဒီလိုရဲရဲတင်းတင်းလုပ်ပစ်လိုက်ရင်တော့ အပြောင်းအလဲ တစ်ခုတော့ သေချာပေါက် မြန်မြန်ဆန်ဆန်ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်တယ် ။ အဲ့ဒီလူတွေကန့်လန့် ကန့်လန့် လုပ်တယ် အဲ့ဒီအတွက်ကြောင့် လုပ်သားပြည်သူနဲ့ အစိုးရအဖွဲ့ကြားထဲမှာ နားလည်မှုလွဲနေတယ် ၊ ပြည်သူတွေက အားမလိုအားမရတွေဖြစ်ကုန်တယ် ။   ကျွန်တော်ကတော့ တစ်ဦးတည်းသဘောရတော့ စောစောစီးစီးကန်ထုတ် ပစ်လိုက်စေချင်တယ် ၊ အဲ့ဒီလိုပြောပြန်တော့ ကျွန်တော့ကိုဓားနဲ့လာထိုးမှာပေါ့နော် ထိုးချင်ထိုးပေါ့ ၊ သို့သော် ကျွန်တော်ကတော့ မကြိုက်ဘူး ၊ အဲ့ဒီလူတွေ ရှိနေတာဟာ အစိုးရရဲ့အပြောင်း အလဲကို မဖော်ဆောင်နိုင်ဘူးလို့ သူတို့ကြောင့်လို့ ကျွန်တော်ကတော့ စွပ်စွဲချင်တယ်။

မေး။ ။ဦးဇာဂနာကြီးပြောသလိုပါပဲ ကျွန်တော်တို့လဲ ကြားရတာကတော့ ဝန်ကြီးဌာနတိုင်းမှာ ဒါမျိုးတွေရှိ နေတယ်။ တချို့တွေကဒါမျိုးတွေ ရှိနေတယ်ဆိုတာကိုသိတယ် ဒါပေမယ့် ဒါတွေကို ဖယ်ရှားလို့ မရဘူးလား ဖယ်ရှားရင်ရော ဘယ်လိုနည်းတွေသုံးရမလဲ။

ဖြေ။ ။ ကျွန်တော့စိတ်ထင်ကတော့ နဲနဲတော့ ကြမ်းမယ်ပေါ့ဗျာ ၊ ဒါကတော့ ဘိန်းဖြတ်တဲ့နည်းပါပဲ။ နဲနဲတော့ ကြမ်းတယ် အကြိမ်ကြိမ် သစ်စိမ်းချိုး ချိုးပစ်လိုက်ရမှာပဲ ၊ ဒါကတော့ ယောကျာ်းလေးနဲ့ မိန်းကလေး လမ်းခွဲ သလိုပဲ သစ်စိမ်းချိုး ချိုးပစ်လိုက်တော့ သွားတော့ နားတော့ပဲ။ အဲ့ဒီလိုပဲ လုပ်ရမှာပါပဲ ဘာကြောင့်လည်း ဆိုတော့ ခလုတ်တံသင်း ဖြစ်နေတယ်လေ ၊ ကြည့်ပြီးတော့ ဘယ်သူတွေလည်းဆိုတာ သိနေတာပဲ ၊ဒါပေမယ့် ခက်တာက ကျွန်တော်တို့ ရဲ့ခေါင်းဆောင်တွေက လူကြီးတွေက အဲ့ဒီစိတ်မျိုးမရှိဘူး ၊မေတ္တာတရားနဲ့ နိုင်ငံတော် အုပ်ချုပ်မယ် ဘာညာနဲ့ဆို တစ်ယောက်ကိုတစ်ယောက် ချော့မော့ပြီးတော့ ပြုပြင်ပြောင်းလဲမယ်ပေါ့ ။ သြော်မဟုတ်ဘူး သူတို့ကပြုပြင်ပြောင်းလဲချင်တဲ့စိတ်မရှိဘူး ၊ ကျွန်တော်ပြောတာက လက်မတွဲနဲ့ပေါ့ ဒီလိုပဲ ကျွန်တော်တို့လက်တွဲ လို့မှမရတော့ဘဲ ၊ အဲ့ဒီတော့ စောစောစီးစီးပဲ ခင်ဗျားသွားတော့ အေးအေးဆေးဆေး ခင်ဗျားကိုတော့ ကျွန်တော် တို့အရေးမယူဘူး ခင်ဗျားသွားလို့ လို့ လုပ်ရင်ရတာပေါ့ ၊ ဆိုတော့ ကျွန်တော်တို့ ကတော့ သစ်စိမ်းချိုး ချိုးပစ်လိုက် ရတော့မှာပဲ ကျွန်တော်ကတော့ အဲ့ဒီကိစ္စမျိုးဆို အားမနာစေချင်ဘူး။

မေး။ ။ နောက်တခု ဖြည့်ပြီးတော့ မေးချင်တာက ဦးဇာဂနာရေ ကျွန်တော်တို့က ၂၀၁၅ မှာဆိုလို့ရှိရင်ပေါ့လေ ဒါမီဒီယာသမားတွေအပါအဝင် တိုင်းပြည်လူထုကနေပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မျော်လင့်ချက် အင်မတန်ထားပြီးတော့ မဲပေးခဲ့ကြတယ် အနုပညာရှင်တွေ အပါအဝင်ပေါ့၊ အခုချိန်မှာ ဘာဖြစ်လည်းဆိုတော့   ပြည်သူတွေရဲဲ့အသံကိုနားထောင်လို့ရှိရင် Hopeless ဖြစ်နေတယ် ၊အဲ့ဒီအပေါ်မှာရော ဦးဇာဂနာကြီးပြည်သူ လူထု အတွက် ဘာသတင်း စကားပါးလို့ရနိုင်မလဲ။

ဖြေ။ ။ အဲ့ဒါကတော့ ကျွန်တော်ကလေ လွန်ခဲ့တဲ့ကျွန်တော်ထင်တယ်  ၅ နှစ်လောက်က ကျွန်တော်ပြောတော့ ကျွန်တော်ဝိုင်းဆဲခံရတယ် ၊ အခုအဲ့ဒီအတိုင်းပဲ ဖြစ်လာတာပဲ လောလောဆယ် အဲ့ဒီမျော်လင့်ချက်ကြီးကြီး မားမားမထားကြပါနဲ့ ၂၀၁၅ ရွေးကောက်ပွဲက လှေခါး တစ်ထစ်ပဲရှိပါသေးတယ် ၂၀၂၀ မှ ကျွန်တော်တို့ တကယ်အလုပ်လုပ်ကြမယ့်အချိန်ရောက်လိမ့်မယ်နော် လို့ပြောလို့  အချင်းချင်းတောင် ကျွန်တော့ကိုဝိုင်းဆဲ ကြတယ်၊ အစတည်းကကျွန်တော်သိတယ် အဲ့ဒီလောက်မလွယ်ဘူး ဒီတိုင်းပြည်က ကျွန်တော်တို့ဗမာပြည်က စနစ်တကျ သင််းကွပ်ခံထားရတဲ့တိုင်းပြည် ၂၆ နှစ်ရှေ့မှာ ၂၆ ရဲ့နောက်မှာ ၁၉၈၈ ကနေ ၂၀၁၀ အထိ နှစ်ပေါင်းများစွာ ကျွန်တော်တို့ကိုသင်းကွပ်ထားတဲ့ တိုင်းပြည် ၊ ဦးနှောက်တွေလည်းပျက်နေပြီ  ကျွန်တော်တို့ပါ ဦးနှောက်တွေကပျက်နေပြီ၊ ဆိုတော့ အဲ့ဒီလိုလူတွေ ရှိတဲ့တိုင်းပြည်က တစ်နှစ် နှစ်နှစ် သုံးနှစ် အတွင်းမှာ ဝုန်း ဝုန်းဆိုပြီးတော့ ပြောင်းလဲဖို့ဆိုတာမလွယ်ဘူးဗျ။ ဆိုတော့ အဲ့ဒီတုန်းက ၂၀၁၅ သည် အပြောင်း အလဲဖြစ်မယ့် ကာလလို့ မမျော်လင့်ကြစေချင်ဘူး ၊၂၀၁၅ တက်လာမည့်အစိုးရ ။ ၂၀၂၀ လောက်ကျမှ ကျွန်တော်တို့စပြီးတော့ ပြောင်းလဲဖို့ နည်းနည်းစီ တွေ့ရပါလိမ့်မယ်လို့ နဂိုတည်းကကျွန်တော် ကြိုပြောခဲ့ပါတယ် ၊ ကျွန်တော့ အင်တာဗျူးတွေ အခုထိကြည့်သေးတယ် ၊ စာစောင်တွေထဲမှာရှိတယ် ဒီဗီဘီ မှာလည်းရှိတယ် စသဖြင့်ပေါ့လေ ၊အဲ့ဒီတုန်းကလည်း ကျွန်တော် အဆဲခံရပါတယ် ၊ ကျွန်တော်က ဘာပြောတာလဲပေါ့ ဒီအစိုးရက ၂၀၁၅ မှာ ပြောင်းလဲ ချိန်တန်ပြီလို့ အော်ပြီးတော့ ကြွေးကြော်ပြီးတက်လာတာ ၂၀၂၀ ကျမှဖြစ်မယ်ဆိုတော့ ဇာဂနာကဘာလုပ်တာလဲ NLD ကိုဘာညာ ၊ ဟော ကျွန်တော်က အမှန်ပြောခဲ့တာ အဲ့ဒီတော့ အခုလည်း ကျွန်တော်အဲ့ဒီအပေါ်မှာရှိတဲ့ အတွက် ကျွန်တော့အတွက်ကတော့ သိပ်မထူးဆန်းဘူး ၊ ကျွန်တော်က နောက်ပြီးတော့လည်း မပြောထားဘူး ၊ မျှော်တဲ့လူက စိတ်ပင်ပန်းပြီးတော့ ဒုက္ခရောက်တာ မျှော်သူမောပြီဖြစ် ကြတာ ကျွန်တော်မမျှော်ထားတဲ့အတွက်ကြောင့် မမောဘူး ၊၂၀၂၀ ကိုတော့ ကျွန်တော်မျှော်မိတယ်။ ၂၀၂၀ တက်လာတဲ့ ရွေးကောက်ပွဲပြီးသွားရင် ကျွန်တော်တို့တိုင်းပြည် နည်းနည်း အဲ့ဒီမှာမှစပြီးတော့ တကယ့် နိုင်ငံရေးရဲ့ အလှုပ်တို့ အရွှေ့တို့ မဟာဗျူဟာအခင်းအကျင်းတို့  အဲ့ဒီကျမှ တွေ့ရမှာ။  political strategy  သမားတွေကလည်း ဒီလိုပဲ တွက်ကြတယ် ထင်ပါတယ် ၊ ကျွန်တော်က အဲ့ဒီကတည်းက တွက်ထား ပြီးသားဖြစ်တဲ့အတွက်ကြောင့် ခုချိန်မှာ ဒီလိုတွေဖြစ်နေတာဟာ ကျွန်တော်မျှော်မထားမိတဲ့အတွက်ကြောင့် ကျွန်တော်မမောဘူး။ ဒီတိုင်းပဲ သွားတာဟာ ပုံမှန်မယ်လို့ပဲ ကျွန်တော့စိတ်ထဲမှာထင်ပါတယ်။

 မေး။ ။   ပြီးခဲ့တဲ့စစ်အစိုးရ (တပ်မတော်အစိုးရ)လက်ထက်မှာ ဦးဇာဂနာကြီးက  သူတောင်းစားညီလာခံဆိုပြီး တော့ အစိုးရ တကယ်ဖြစ်နေတဲ့အခင်းအကျင်းကို မူတည်ပြီးတော့မှ ပြဇာတ်ကခဲ့တယ်။  အခု  အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အရပ်သားအစိုးရတက်လာပြီး ခုဒီအခင်းအကျင်းကို ကြည့်ပြီးတဲ့ နောက်မှာ ဦးဇာဂနာကြီး ဘယ်လိုပြဇာတ်ကို ကချင်လဲ။

ဖြေ။ ။   အဲ့ဒီဟာလည်း အနှစ်ချုပ်လေးတော့ ပြောပါမယ် ၊ ၈၈ ခုနှစ်မတိုင်ခင်က ကတာဗျာ သူတောင်းစား ပြဇာတ်ကတော့ အမှန်ကတော့လေ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီလက်ထက်ကို ကျွန်တော်မကြိုက်ဘူး မကြိုက်တော့ ကျောင်းသားဘဝနဲ့ အတိုချုပ်က ကျွန်တော် ကျောင်းသားဘဝနဲ့ လူရွှင်တော် လုပ်တယ်။ ဆရာဝန်ဆိုတာတောင် ကိုယ့်ကိုယ်ကိုမေ့ပြီးတော့ လူပြက် ဘဝကိုခံယူပြီးတော့ ကျွန်တော် ပြက်လုံးတွေ လုပ်တယ်၊ ပြီးတော့ ကျွန်တော် ခဏခဏအရေးယူခံရတယ်။ မရဘူးဆက်လုပ်တယ်၊ ထောင်ကျတယ်၊ ပြန်ထွက်လာတယ် အဲ့ ခုန ပြဇာတ်ကိုပြန်မွမ်းမံပြီးတော့ တစ်ခါပြန်လုပ်တယ်၊ ကျွန်တော့်ကိုပြန်ဖမ်းတယ် စသဖြင့် ကျွန်တော်ကို ပြောလို့မရတော့ဘူး၊ ကျွန်တော့ရဲ့ အနုပညာ လုပ်ငန်းမှန်သမျှ လုံးဝပိတ်တာနော် ရာသက်ပန်ပိတ်သေးတယ် အဲ့ဒီလိုပိတ်လိုက်တဲ့အခါကျတော့ ကျွန်တော်က ဘာလုပ်လိုက်လဲဆိုတော့ အနုပညာလုပ်ငန်းတွေမှန်သမျှ ရာသက်ပန်ပိတ်တဲ့အတွက် ကျွန်တော် သီးလေးသီး မွေးတယ် ၊ မွေးပြီးတော့ ကျွန်တော်ပြောချင်တာတွေ အကုန်လုံး သူတို့ပါးစပ်ထဲ ထည့်ပေးလိုက်တာပေါ့ ဒါကတော့ ရှင်းတယ်၊  ကျွန်တော်မှ ပြောခွင့်မရတာ ကျွန်တော် ဒီနေ့ထက်ထိ အမျိုးသားဇာတ်ရုံမှာမကဘူးနော်။ ကျန်တဲ့လူ အကုန်ကဘူးတယ်။ ဒီနေ့ထိ ကျွန်တော့်ကိုပိတ်ထားတာသူတို့။ အဲ့ဒီတောက်လျှောက်ပိတ်ခဲ့တဲ့အတွက် ကျွန်တော် စင်ပေါ်တောင်မတက်ခဲ့ရဘူး၊ ဟုတ်ပြီ သို့သော် အဲ့ဒီအချိန်မှာ ကျွန်တော်ပြောချင်တဲ့ ပြက်လုံးတွေမှန်သမျှ  ဇာဂနာ ပြက်တဲ့ပြက်လုံးတွေဖြစ်နေတာလဲ ပေါ့ ၊ဒါနဲ့သီးလေးသီး လည်း ပြည်ပြေးဖြစ်ရော ။   ဟိုဘက်ကိုရောက်သွားတော့လည်း ဟိုဘက်မှာ သူတို့ ပြက်လုံးတွေ ပြက်ပြီးတော့ တစ်ခါပြန်လုပ်ကြတယ် ၊အဲ့ဒီတော့ ကျွန်တော် ဒီကနေ ဟိုကိုရေးပေးတယ်၊ ယုတ်စွအဆုံး  ကျွန်တော်ထောင်ထဲ ကတောင် ပြက်လုံးတွေရေးပြီးတော့ ဟိုကိုပို့တယ် ဒါကအခုမှပြောဖြစ်တာ ဆိုတော့ အဲ့ဒီလောက်ထိ ကျွန်တော်လုပ်ခဲ့တယ်၊ ဦးသိန်းစိန်အစိုးရလက်ထက်ဖြစ်သွားတဲ့ အခါကျတော့ ကျွန်တော်တို့အငြိမ့်က သေးတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း ပြက်လုံးတွေကျွန်တော်လုပ်တယ်။ ဒါပေမယ့် အဲ့ဒီအချိန်မှာတုန်းက ကျွန်တော်က ကျန်းမာရေးကြောင့် နည်းနည်းပဲကနိုင်တယ်။ သို့သော် အစိုးရကို ဝေဖန်တဲ့ ပြက်လုံးနှစ်ခု လောက်ထွက်လာတယ်။ နှစ်ခုမကထွက်တယ် ဆောရီး အဲ့ဒါကတော့ မျှော်စင်ကျွန်း မှာ သီးလေးသီးနဲ့ ကျွန်တော်တို့အပျော်ကတဲ့အချိန်မှာ။ သမ္မတဘယ်သူတင်မှာလဲ သီဟတင်စိုးဆိုတဲ့ဟာ အဲ့ဒါမျိုးတွေ ဘာတွေညာတွေက အဲ့ဒီတုန်းကထွက်တယ်။ နောက် ဒီဘက်ရောက်လာတော့ ကျွန်တော်ကိုယ်တိုင်က အမှန်အတိုင်းပြောရင် ခုနပြောခဲ့သလို ကျွန်တော် နဲနဲပြောင်းလဲသွားပြီလို့ပြောတယ် ကျွန်တော်မပြက်ချင်တော့ ဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော့်ကို မနှစ်က ၂၀၁၇ ပင်လုံညီလာခံအပြီး နေပြည်တော်မှာ အငြိမ့်ကပေးပါ ဆိုတော့ ကျွန်တော် မကချင်တော့ဘူး၊ ဘာလို့ဆိုတော့ ကျွန်တော်ပြောတဲ့ဟာက စင်ပေါ်ကနေ ကျွန်တော် ပြက်လုံးတွေ ပြက်ကြည့်တယ် ပရိသတ်တွေက သဘောကျနေကြနေတယ် လက်ခုတ်တွေတီးနေကြတယ်၊ ဒါပေမယ့် အဲ့ဒီပြက်လုံးက ဘာပြန်ပြန်ဖြစ်နေလည်းဆိုတော့ ကျွန်တော့ကို ကျွန်တော်ခံစားနေရတယ်။ ကျွန်တော်က အစိုးရကိုပဲပြောခဲ့တာ ပြောခွင့်ရလို့ပြောနေတယ်ဆိုတဲ့ စိတ်မျိုးဝင်လာတယ် ၊ကျွန်တော်က အရင်တုန်းကကျတော့ ဒီလိုပြောရင်ဖမ်းလိမ့်မယ် အဲ့ဒါကြောင့် ပြောတာ ဖမ်းကွာ။ အခုကျတော့ ကျွန်တော်က ဘာပြောပြော ဘယ်သူမှလည်း မဖမ်းတော့ဘူး ဆိုတော့ အဲ့ဒီပြက်လုံးတွေကို ကျွန်တော်မလုပ်ချင်တော့ဘူး ၊ အဲ့ဒီလိုဖြစ်နေတာ ရှက်တယ်ပေါ့နော်။ ဆိုတော့ ပြောလို့ ရတော့ပြောနေတာပေါ့ကွာ ဆိုတာမျိုးကြီးကျတော့ ကျွန်တော်မပြောချင်တော့ဘူး။ ဒီအတွက်ကြောင့်လည်း မပြောတော့ဘူး၊ အလုပ်ကိုပဲလုပ်တော့မယ် တစ်ခါ လေးပဲ ကမိတယ် ၊ အဲ့ဒီတစ်ညမှာလည်းပဲ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က တကယ် ဒီတပ်နဲ့ ဒီနိုင်ငံရေးနဲ့ ပေါင်းဖို့ ရှိနေတယ်၊ အကုန်ရှိနေတာကို တစ်နိုင်ငံလုံးရဲ့ ခေါင်းဆောင်အကုန်ရှိနေတာ   အဲ့ဒီတုန်းကများ NRPC ကြီးဗုံးဖောက်လိုက်ရင် အကုန် ကုန်သွားမှာ။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့ အဲဒီ image ကိုပြခဲ့တယ် လှေလှော် ပြီးတော့ ထွက်သွားတဲ့အချိန်မှာ ဒေါ်အောင်ဆန်းကြည်ကရှေ့ကခေါင်းဆောင် ၊ တပ်က နောက်က လိုက်လာမှာ ဆိုတဲ့ဟာ၊ အဲ့ဒီဟာကို ကျွန်တော် စနစ်တကျ ပြက်လုံးဂွင်ကြီး ဖြစ်အောင် လုပ်ခဲ့တယ် ပြခဲ့တယ်။ ပြပြီးတော့ ကျွန်တော်ပြန်စဉ်းစားတယ် ၊ အကြိမ်ကြိမ်စဉ်းစားတယ်။ ကျွန်တော်မလုပ်ချင်တော့ဘူး ၊  ကျွန်တော်မလုပ်ချင် တော့ဘူးဆိုတာ ကျွန်တော် အဲ့ဒီ ပြက်လုံးတွေ ပြက်တော့လဲ အစိုးရကိုပြောလို့ရလို့ ပြောနေတာပဲလို့ဆိုတဲ့ စိတ်မျိုးဝင်လာတဲ့အတွက် မပြောချင်တော့ဘူး၊  ဒါပေမယ့် ၂၀၂၀ ဆိုရင်တော့ ပြောလို့မရဘူးသိလား။ ကျွန်တော် မသေသေးဘူးဆိုရင် အပြစ်တွေဘာတွေ ထပ်ထွက် လာမယ်။ ။

Mizzima Weekly