(၁၃)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်ကို တစ်လကြာ ကျင်းပသွားမည်

(၁၃)ကြိမ်မြောက် ပြင်ဦးလွင် ပန်းပွဲတော်ကို တစ်လကြာ ကျင်းပသွားမည်

မန္တလေး၊အောက်တိုဘာ ၁၇ ။           ။ ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် နှစ်စဉ် ဒီဇင်ဘာလတွင်ကျင်းပမြဲဖြစ်သော ပြင်ဦးလွင် ပန်းပွဲတော်ကို ယခုနှစ်တွင် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ (၁၅)ရက်မှ ဇန်နဝါရီ(၁၅)ရက်နေ့အထိ တစ်လကြာ ကျင်းပမည်ဖြစ်ကြောင်း ပြင်ဦးလွင် အမျိုးသားကန်တော်ကြီးဥယျာဉ်မှ သိရသည်။

ယခုနှစ်တွင် ပြင်ဦးလွင် ပန်းပွဲတော်ကို (၁၃)ကြိမ်မြောက်ကျင်းပမည်ဖြစ်ပြီး ထိုင်းနိုင်ငံနှင့် ဂျပန်နိုင်ငံမှ ပန်းပညာရှင်များက နိုင်ငံတကာ ပန်းမျိုးများကိုလည်းထည့်သွင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

'' ဒီနှစ် (၁၃)ကြိမ်မြောက် ပန်းပွဲတော်ကို တစ်လ ကျင်းပမှာပါ၊ ကန်တော်ကြီး ပျိုးခြံမှာ ပန်း နှစ်သိန်းကျော် ပျိုးထားပါတယ်၊ နိုဝင်ဘာလထဲ မြေချ စိုက်ပျိုးမှာပါ၊ ဒီနှစ် ထူးခြားတာက ထိုင်းနဲ့ ဂျပန်က ပန်းပညာရှင်တွေနဲ့ ပူးပေါင်း ပြသသွားမှာပါ။ ဒီနှစ်ပြပွဲကိုလဲ အရင်နှစ်နဲ့မတူအောင် ထူးထူးခြားခြားဖြစ်အောင် ပြင်ဆင်နေပါတယ် '' ဟု ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်မှ စီမံကိန်း ဒါရိုက်တာ ဦးဝေမျိုးအောင်က ပြောသည်။

(၁၃)ကြိမ်မြောက်ပြင်ဦးလွင် ပန်းပွဲတော်တွင် ကျောက်ချဉ်၊ ပန်းဂေါ်ဖီ၊ ဇော်မွှား၊ ပင်စိမ်းနီ၊ စတော့၊ ဂျပန်ဒါန်း၊ ရွှေတဆုပ်၊ ပေါက်ပေါက်ဆုပ်၊ ချစ်တီး၊ ကျားပါးစပ်၊ ဒေါင်းမြီးကွက်၊ တိုးနယား၊ ကြက်မောက်၊ နှဲပန်း၊ ကြွေပန်း စသော ပြည်တွင်း၊ ပြည်ပ ပန်းအမျိုးအစား (၆၀)ကျော် ပြသမည်ဖြစ်ပြီး ကန်တော်ကြီးပျိုးခြံတွင် ပန်းပျိုးပင် (၂)သိန်းကျော် စိုက်ပျိုးထားသည်။

ပြင်ဦးလွင် ပန်းပွဲတော်တွင် ဂီတဖျော်ဖြေပွဲများ၊ စားသောက်ကုန်၊ အဝတ်အထည် စသည့် လူသုံးကုန်ပစ္စည်းများ၊ ဒေသခံများ၏ ဒေသထွက်ကုန်များ ရောင်းချပေးသည့် စျေးရောင်းပွဲတော်များလည်း ထည့်သွင်းကျင်းပရန် စီစဉ်လျက်ရှိသည်။

ယခင်နှစ်က ကျင်းပခဲ့သော (၁၂)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအမျိုးအစား(၄၈)မျိုး နှင့်ပန်းပေါင်း တစ်သိန်းခုနှစ်သောင်းကျော် စိုက်ပျိုးပြသခဲ့ပြီး ပန်းအစစ်(၈၀)ရာခိုင်နှုန်း နှင့် ပန်းအတု(၂၀)ရာခိုင်နှုန်း ပါဝင်ခဲ့ ကြောင်း သိရသည်။

Mizzima Weekly