မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

By တင်ရွှေ(မဇ္ဈိမ)
12 October 2018
မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား

မကွေး၊ အောက်တိုဘာ ၁၂ ။           ။ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကာ ကလေးငယ် တစ်ဦး သေဆုံးပြီး လူအများထိခိုက်ဒဏ်ရာရရှိကြောင်း မကွေးတိုင်းဒေသကြီး မြို့သစ်မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် အောက်တိုဘာလ ၁၁ရက်နေ့ နေ့လယ် ၃နာရီအချိန်က မြို့သစ်မြို့ စည်ပင်သာယာ စျေးမှ ထောက်ရှာတန်းကျေးရွာသို့ မြို့သစ်မြို့နယ်၊ မကြီးထူးကျေးရွာနေ ယာဉ်မောင်း လွင်မိုးသူ (သ)၂၅နှစ်၊ (ဘ)ဦးခင်မောင်ငြိမ်းသည် နောက်ပါခရိီးသည် ၃ဝဥိီးခန့်တို့အား တင်ဆောင်ကာ မောင်းနှင်လာသည့် မော်တော် ယာဉ်အမှတ်BGO3A/-----DYNA အစိမ်းရောင်ခြောက်ဘီးကားသည် အရှိန်ပြင်းစွာမောင်းနှင်လာစဉ် ထောက်ရှာတန်း- ဇင်းဗျိုး-ကြာအင်း ကျေးရွာလမ်း မိုင်တိုင် အမှတ် (၁/၄) အနီး ထောက်ရှာတန်းကျေးရွာ မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် အရှိန်မထိန်းနိုင်ပဲ ကားလမ်း၏ ဝဲဘက်သို့ ယာဉ်တိမ်းမှောက်သွားခဲ့ကြောင်း သိရသည် ။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် မြို့သစ်မြို့နယ် ဖုတ်ကုန်းရွာနေသူ မောင်ရဲရင့်ဖုန်းမြတ်(သ)၂နှစ်၊(ဘ) ဥိီးဝင်းဇော်ထွန်းမှာသေဆုံးခဲ့ပြီး ယာဉ်ပေါ်ပါ ခရိီးသည် (၂၁) ဦးတို့မှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ရာ ဒဏ်ရာ ရရှိခဲ့သူများအား မြို့သစ်ဆေးရုံသို့ပို့ဆောင်ကုသလျှက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သတ်၍ မော်တော်ယာဉ်အား အရှိန်ပြင်းစွာဖြင့် မဆင်မခြင်ပေါ့ဆစွာမောင်းနှင်ကာ တိမ်းမှောက် ခဲ့ပြီး လူအားသေဆုံး/ ဒဏ်ရာများရရှိစေခဲ့သူ လွင်မိုးသူအား ဥပဒေအရအရေးယူရန် ၂၀၁၈ခုနှစ် အောက်တို ဘာလ ၁၁ ရက်ညနေ ၅ နာရီ ၃၀ မိနစ်အချိန်က မြို့သစ်မြို့မရဲစခန်းက ယာဉ် (ပ) ၅၉/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၀၄ က/ ၃၃၈ /၃၃၇ ဖြင့်အမှုရေးဖွင့်ပြီး အမှုအား ဒုရဲအုပ် ထူးပြည့်စုံမှ စစ်ဆေး ဆောင်ရွက်လျှက်ရှိ ကြောင်း သိရသည်။

       

 

Mizzima Weekly